သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအဝေးပြေးလမ်း စီမံကိန်း စစ်ကောင်စီနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဆွေးနွေး  


မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း တွေ့ဆုံဆွေးနွေးနေစဉ်
မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်တဲ့ (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း တွေ့ဆုံဆွေးနွေးနေစဉ်

မြန်မာ၊ အိန္ဒိယ၊ ထိုင်း ၃ နိုင်ငံ အဝေးပြေးလမ်း စီမံကိန်းနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေး ကိစ္စတွေကို သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေ ထိုင်းနိုင်ငံမှာ ဆွေးနွေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai တို့နဲ့ တနင်္ဂနွေနေ့က တွေ့ဆုံရာမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar က ၃ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း အိန္ဒိယနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar
မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Subhramanyam Jaishankar

အိန္ဒိယ၊ ထိုင်းနဲ့ မြန်မာနိုင်ငံကြား ကီလိုမီတာ ၁၄၀၀ ခန့် ရှည်လျားတဲ့ အဝေးပြေးလမ်းမကြီး တည်ဆောက်မှုဟာ ၇၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီလို့လည်း ဆိုပါတယ်။ အဝေးပြေးလမ်း စီမံကိန်းဟာ ဒေသတွင်းအတွက် ကြီးမားတဲ့ အကျိုးရလဒ်တွေ ရရှိနိုင်ပေမဲ့ မြန်မာနိုင်ငံက မတည်မငြိမ် အခြေအနေတွေကြောင့် စိန်ခေါ်မှုတွေ ရှိနေတယ်လို့လည်း မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကျင်းပနေတဲ့ ဘန်ကောက်မြို့မှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ သီးသန့်တွေ့ဆုံအပြီး Twitter လူမှုကွန်ရက်မှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောခဲ့ပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံက အခြေအနေနဲ့ ပတ်သက်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ၂ နိုင်ငံ နယ်စပ်လုံခြုံရေး၊ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးနဲ့ သီးသန့်တွေ့ဆုံရာမှာလည်း ၂ နိုင်ငံဆက်ဆံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ အာဆီယံ၊ ကုလသမဂ္ဂတို့နဲ့ ပိုမိုပူးပေါင်း ဆောင်ရွက်ရေး အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကြပ်အတည်းတွေနဲ့ လူ့အခွင့်အရေး ပြဿနာတွေကြောင့် အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက စစ်ကောင်စီနဲ့ ဆက်ဆံမှုတွေအပေါ် သတိပေးနေချိန်မှာပဲ အခုလိုတွေ့ဆုံမှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG