သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံသား ၁၅၅ ယောက်နဲ့ နိုင်ကျဉ်း တချို့ လွတ်ငြိမ်းခွင့်နဲ့ ပြန်လည် လွတ်မြောက်


နိုင်ငံတော်သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား (၆၉၆၆)ဦး ကို နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေကနေ ဒီကနေ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီအကျဉ်းသားတွေထဲ ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်မှုနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကမှ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရတဲ့ တရုတ်နိုင်ငံသား ၁၅၅ ဦးလည်း ပါဝင်ပါတယ်။ ဒါ့အပြင် ၂၀၀၄ ခုနှစ်ကတည်းက အကျဉ်းကျနေတဲ့ တပ်မတော်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တချို့အပြင် နိုင်ငံရေး အကျဉ်းသား တချို့နဲ့ မွန်းတည့်နေဂျာနယ်က သတင်းသမား(၅)ဦးလည်း ပါဝင်ပါတယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသားတွေ လွတ်မြောက် လာခဲ့တဲ့ သတင်းကို ရန်ကုန်ဗွီအိုအေသတင်းထောက် ကိုစည်သူက ပြောပြပေး ပါမယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ (၂၀၄) (က)နဲ့ အညီ အကျဉ်းထောင်တွေမှာ ထိုက်သင့်တဲ့ ပြစ်ဒဏ် ကျခံပြီးဖြစ်တဲ့အပြင် အကျဉ်းကျစဉ်မှာ စည်းကမ်းကောင်းမွန် တဲ့ အကျဉ်းသား အကျဉ်းသူ (၆၉၆၆) ဦးကို ဒီကနေ့ ဇူလိုင်လ (၃၀) ရက်နေ့မှာ နိုင်ငံတော် သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် နဲ့ နိုင်ငံတဝှမ်း အကျဉ်းထောင်တွေ ကနေ ပြန်လွှတ်ပေးခဲ့တာပါ။ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေ ထဲ ပြီးခဲ့တဲ့ သတင်းပတ် ဇူလိုင်လ(၂၂) ရက်နေ့ကမှ ကချင်ပြည်နယ် အတွင်း သစ်ခိုးထုတ်မှုနဲ့ နှစ်ရှည် ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တရုတ်နိုင်ငံ သား (၁၅၅) ဦးလည်း ပါဝင်ခဲ့ပါတယ်။ မြစ်ကြီးနား အကျဉ်းထောင် မှာ ပြစ်ဒဏ် ကျခံနေရချိန် (၈) ရက်အကြာမှာ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက် လာတာဖြစ်တယ်လို့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ တရုတ်နိုင်ငံသားတွေရဲ့ ရှေ့နေ ဦးခင်မောင်က ပြောပါတယ်။

"တရုတ်နိုင်ငံသား (၁၅၅) ဦးစလုံးပါတယ်။ နောက်တခါ သူတို့ကို ၁၂နာရီခွဲလောက် မှာ ဒီလဝက ကနေ ကားကြီးတွေနဲ့ ဦးစီးပြီး ထုတ်သွားပါရဲ့။ နယ်စပ်ကို ခေါ် သွားပါပြီ။ လဝက ပါတယ်။ ခရိုင်ရဲတို့၊ ရဲတို့ ရဲအစောင့်အရှောက်တွေ ပါပါတယ်။ သူတို့က ကျနော်ထင်တယ်။ နယ်စပ်အထိအောင် သွားပို့ပေးမှာပါ။ "

ဒီကနေ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲ တရုတ်နိုင်ငံသား (၁၅၅) အပါအဝင် နိုင်ငံခြားသားအကျဉ်းသား (၂၁၀)ဦး လွတ်မြောက်လာခဲ့တာပါ။ လွတ်ငြိမ်းချမ်းသာခွင့် လွတ်မြောက်လာသူတွေထဲ ၂၀၀၄ ခုနှစ်ကတည်းက အကျဉ်းကျခံခဲ့ရတဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တချို့လည်း ပါဝင်လာပါတယ်။

ဒါ့အပြင် ဘိုင်မွန်းတည့်နေဂျာနယ်က သတင်းသမား(၅)ဦး ၊ နောက်ပြီးတော့ ပုဒ်မ(၄၃၆)ပြင်ဆင်ရေး လတ်မှတ်ရေးထိုးတောင်းဆိုခဲ့လို့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ ဗိုလ်မှူး ကျော်စွာဝင်း အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့လည်း လွတ်မြောက်လာတဲ့အထဲ ပါဝင်ခဲ့ပါတယ်။

ဒါပေမယ့် လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက် အလွန်နည်းပါး တဲ့ အကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B ရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က အခုလိုပြောပါတယ်။

"ကျနော်တို့သိတာက နိုင်ကျဉ်းထဲက ဘိုင်မွန်းတည့်နေ ဂျာနယ်က ငါးယောက်ပါမယ်။ နောက် ကန့်ဘလူ လယ်သမားတွေထဲက နှစ်ယောက်ပါမယ်။ ပခုက္ကူထောင်ကလွတ်တာ။ ဦးသောင်းထွန်းနဲ့ ဦးမြင့်အောင်ရယ်။ နောက် အောင်ကိုလတ်က သရက်ထောင်က လွတ်တယ်။ နောက် ဗိုလ်မှူးကျော်စွာဝင်းက မန္တလေး ထောင်က လွတ်တယ်။ နောက် အင်းစိန်ထောင်က လွတ်တာ တင်မောင်ကြည်။ မင်းဇော်ဦး၊ ဘိုးဘိုးအောင် နောက် ဦးစိန်သန်း။ အဲ့တာတွေကတော့ နိုင်ကျဉ်းလို့ သတ်မှတ်ထားတဲ့သူထဲက (၁၃)ယောက်ပေါ့။ အဲ့တာတော့ ကျနော်တို့သိတယ်။ ဒီတပ်မတော်ထောက်လှမ်းရေးသမားတွေ ပါလာတယ်လို့တော့ ကြားတယ်။ အဲ့ဒီ့အထဲမှာ ဗိုလ်မှူးချုပ်သန်းထွန်းတို့ ခင်ညွန့်ရဲ့သားမက် ကိုတင်ထွဋ်တို့ အဲ့တာတွေပါတယ်ကြားတယ်။ နောက် ဗိုလ်မှုူးနေစိုးတို့။ ဗိုလ်မှူးနေစိုး က ပြည်ထောင်က လွတ်တာ။ နောက် ဟင်္သာတထောင်က လွတ်တာ တစ်ယောက်ပါတယ်။ "

ဒီကနေ့ ညနေပိုင်း ဆက်သွယ်စုံစမ်းထားတဲ့အချိန်အထိ နိုင်ငံရေးအကျဉ်းသား (၁၃)ဦး လွတ်မြောက်ခဲ့တယ်လို့ ကိုဘိုကြည်က ပြောပါတယ်။ တရုတ်နိုင်ငံ သားတွေကို လွတ်ပေးခဲ့တာအပေါ်မှာတော့-

" အထူးသဖြင့် ကျနော်တို့ပြောချင်တာက တကယ်တသက်တကျွန်းကျထားတဲ့ တရုတ် ကိုယ့်နိုင်ငံထဲက သယံဇာတတွေကို ခိုးထုတ်တဲ့ တရုတ်တွေကိုတော့ ထောင်ထဲ အကြာကြီး မထားပဲနဲ့။ ချက်ခြင်းလွှတ်ပေးလိုက်ရင် တကယ့်ဒီနိုင်ငံရေးအကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေးဖို့ တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေရတာလဲ။ ပြီးတော့ ဒီလူတွေကို နိုင်ငံရေးအကျဉ်းသားအဖြစ် ဘာကြောင့်မို့လို့ ဘာဖြစ်လို့ မလွှတ်ရဲရတာလဲ။ အစိုးရက အမှန်တရားကို ရင်ဆိုင်ဖို့ လိုတယ်ပေါ့။ "

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP-B ရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်သုံးသပ်သွားတာပါ။ ပြီးခဲ့တဲ့ ဇွန်လတုန်းက တရုတ်နိုင်ငံကို တရားမဝင်နိုင်ငံဖြတ်ကျော် အလုပ်လုပ်ကိုင်မှုနဲ့ မြန်မာနိုင်ငံသား (၂၀၅) ဦးကို တရုတ်အစိုးရက မြန်မာနိုင်ငံကို ပြန်လည်လွှဲပြောင်းခဲ့ဖူးပါတယ်။

အခုပြန်လွတ်လာတဲ့ တရုတ်နိုင်ငံသား (၁၅၅)ဦးကို ဇန်နဝါရီလတုန်းက တရုတ်-မြန်မာနယ်စပ်မှာ သစ်ခိုးထုတ်နေတုန်း ဖမ်းမိခဲ့ပြီး အဲဒီထဲက (၁၅၃)ဦးကို အများနဲ့ သက်ဆိုင်သည့် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေ(၃) အရ ထောင်ဒဏ် နှစ်(၂၀)နဲ့ ညီမျှတ တသက်တစ်ကျွန်း ပြစ်ဒဏ်နဲ့ ကျန်နှစ်ဦးကိုတော့ အသက်မပြည့်သေးတာကြောင့် ကလေးသူငယ်ကျောင်း မှာ ထောင်ဒဏ်(၁၀) နှစ်ကျခံစေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။ အဲဒီကိစ္စအပေါ်မှာ တရုတ်အစိုးရပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး အကျဉ်းသား လွှဲပြောင်းပေးဖို့လည်း တောင်းဆိုဖူးပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၁၄ အောက်တိုဘာလမှာလည်း သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား အကျဉ်းသူစုစုပေါင်း ၃၀၇၃ ဦး လွတ်မြောက်ခဲ့ဖူးပါတယ်။

XS
SM
MD
LG