မြန်မာနိုင်ငံ လူကုန်ကူးမှု ပြဿနာ ဆက်ပြီး ရှိနေတာဟာ အလုပ်အကိုင် ရှားပါးမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်တဲ့အကြောင်း ဒုတိယသမ္မတ ဦဟင်နရီဗန်ထီးယူ က ဒီကနေ နေပြည်တော်မှာ ကျရောက်တဲ့ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ လူမှောင်ခိုကူးမှု အဆိုးရွားဆုံးဖြစ်ပျက်နေတဲ့ နိုင်ငံတွေထဲက တခုအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် တင်ပြပေးပါလိမ့်မယ်။
၂၀၁၈ ဇူလိုင်လမှာထုတ်ပြန်တဲ့ နိုင်ငံပေါင်း ၁၆၇ နိုင်ငံကိုသုံးသပ်ထားတဲ့ ကမ္ဘာလုံး ဆိုင်ရာ အစီရင်ခံစာ အတိုင်းဆိုရင် လူကုန်ကူးမှု အခံရဆုံးနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက နံပတ် ၁၈ နေရာမှာရှိတယ်လို့ ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး အခမ်းအနားကို တက်ရောက်လာတဲ့ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေဟာ တရုတ်နိုင်ငံကို အများဆုံး ကုန်ကူးအပို့ခံနေရပြီး ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကိုလည်း အပို့ခံနေရတယ်လို့ အစီရင်ခံစာမှာ ရေးပါတယ်။ အမျိုးသမီးတွေကတော့ လိင်ကျွန်အဖြစ်ဖြစ်စေ၊ ဇနီးမယားအဖြစ် လက်ထပ်ဖို့ဖြစ်စေ ရောင်းစားခံရပြီး၊ အခုနောက်ပိုင်း အငှားကိုယ်ဝန်ဆောင်ဖို့အတွက် လူကုန်ကူး ခံနေရပါတယ်။
ပြည်တွင်းလူကုန်ကူးမှုတွေမှာတော့ ပြည့်တန်ဆာပြုဖို့နဲ့ အလိုမတူ စေခိုင်းခံရဖို့ ရည်ရွယ်တာများတယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အခုလိုပြော သွားပါတယ်။
“မြန်မာနိုင်ငံဟာ အခြားဖွံ့ဖြိုးဆဲ ကမ္ဘာ့နိုင်ငံတွေလိုပဲ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ဝင်ငွေနည်းပါးမှု သဘာဝဘေးအန္တရာယ် ကျရောက်မှု၊ လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်မှု စတဲ့ဘဝရပ်တည်မှုခက်ခဲစေတဲ့ အကြောင်းရင်းအရင်းများကြောင့် လူကုန်ကူးမှုများ ဆက်လက်ဖြစ်ပွားလျက်ရှိပါတယ်။ မြန်မာနိုင်ငံလူကုန်ကူးမှုနဲ့ ပတ်သတ်တဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုများအနေနဲ့ ပြည်ပမှာခိုအောင်းနေတဲ့ လူကုန်ကူး သူတွေကို ဖမ်းဆီးဖို့ခက်ခဲခြင်း ပြည်ပနိုင်ငံကိုရောက်နေတဲ့ လူကုန်ကူးခံရသူတွေကို အချိန်မှီ ကယ်တင်နိုင်ဖို့ ခက်ခဲခြင်း နေရပ်ပြန်လည်ရောက်လာတဲ့ လူကုန်ကူးခံရတဲ့ သူတွေအတွက် ခိုင်မာတဲ့ အလုပ်အကိုင်အခွင့်လမ်း တည်ဆောက်ပေးဖို့လိုအပ်ခြင်းစတဲ့ စိန်ခေါ်မှုတွေရှိနေပါတယ်။”
တရားဝင်စရင်းတွေအရ ၂၀၁၈ ဇန်နဝါရီလကနေ ဇွန်လအထိ လူကုန်ကူးအမှုပေါင်း ၁၀၀ကျော်ဖြစ်ခဲ့ပြီး အမျိုးသား၂၀၊ အမျိုးသမီး ၁၅၆ယောက် ရှိပါတယ်။ အရွယ်မရောက်သေးတဲ့ကလေး ၅ယောက်ဖြစ်ပြီး စုစုပေါင်း ၁၈၁ ဦးရှိတယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးသက်နောင် က ပြောပါတယ်။ လူနေထိုင်မှု များတဲ့ ရန်ကုန်တိုင်းမှာအများဆုံးဖြစ်ပြီး ကျူးကျော်ဒေသမှာနေထိုင်တဲ့ မိန်းကလေးတွေအပါအဝင် ဗဟုသုတနည်းပါးတဲ့သူတွေအများဆုံး လူကုန်ကူး ခံရတာဖြစ်တယ်လို့ ဒုတိယရဲမှူးကြီးသက်နောင် ကအခုလိုပြောပါတယ်။
“လူကုန်ကူးတရားခံတွေကလည်းအမျိုးသမီးတွေ၊ ကျူးလွန်ခံရသူတွေကလည်း မိန်းကလေးတွေ ဆိုတော့ မိန်းကလေး မိန်းကလေးချင်း စည်းရုံးတယ် နောက်တစ်ခုသည် ကျူးလွန်ခံရသူတွေဟာ နေ့စဉ်ဘဝ ထမင်းစားရဖို့ တစ်နေ့စာတစ်နေ့ တစ်နပ်စာထမင်းစားရဖို့ကိုပဲ ဖြတ်သန်းနေရတဲ့အတွက် သူတို့မှာတခြားဗဟုသုတတွေ ကျွန်တော်တို့ အားနည်းပါတယ်။ ငွေဆယ်သိန်း သိန်းနှစ်ဆယ် သိန်းသုံးဆယ် ဆယ်ဂဏန်းဆိုတဲ့စကားကိုကြားလိုက်တဲ့အချိန်မှာ သူတို့ကဘာကိုမှ မစဉ်းစာနိုင်တော့ဘူး။ အဲဒီ ဆယ်ဂဏန်းနောက်ကိုပဲ လိုက်ပါသွား တယ်။ ဒါတွေဟာစည်းရုံးသူတွေအတွက် အကောင်းဆုံးအားသာချက်တွေဖြစ်နေပါတယ်။”
ဇွန်လအတွင်းက ထုတ်ပြန်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ လူမှောင်ခိုကူးမှု အဆိုးရွားဆုံးဖြစ်ပျက်နေတဲ့ နိုင်ငံတွေထဲကတခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံကို Tier 2 စောင့်ကြည့်အဆင့်မှာ သတ်မှတ်ထားပေမဲ့ အခု ၂၀၁၈ ခုနှစ်မှာတော့ အဆိုးဆုံးအဆင့် ဖြစ်တဲ့ Tier 3 အဆင့်ကိုလျှော့ချပြီး တရုတ်၊ မြောက်ကိုရီးယား၊ လာအို၊ အီရန် စတဲ့နိုင်ငံတွေနဲ့အတူ တပြေးညီ အဆိုးဆုံးနိုင်ငံတွေထဲက တခုအဖြစ် ထည့်သွင်း သတ်မှတ်ခဲ့ တာဖြစ်ပါတယ်။