သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်စပ် လူကုန်ကူးခံရသူ ကချင်တိုင်းရင်းသူများ


တရုတ်-မြန်မာ နယ်စပ်
တရုတ်-မြန်မာ နယ်စပ်

တရုတ်နိုင်ငံမှာ အမျိုးသား၊ အမျိုးသမီး အချိုးအစား မမျှတမှုကြောင့် အိမ်နီးချင်း နိုင်ငံတွေက အမျိုးသမီးလေးတွေကို တရုတ်နိုင်ငံသားတွေနဲ့ လက်ထပ်ရေး လူကုန်ကူး ရောင်းစားခံနေကြရပါတယ်။ ပြည်တွင်းစစ် ဆက်ဖြစ်နေပြီး တရုတ်နယ်စပ်က ကချင်ပြည်နယ်ထဲက အမျိုးသမီးတွေလည်း ရောင်းစားခံနေရတာပါ။ ရောင်းစားခံခဲ့ရပြီးနောက် လွတ်မြောက်လာခဲ့သူပါလို့ ဆိုတဲ့ ကချင်ပြည်နယ်က အမျိုးသမီးတဦးနဲ့ AP သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါတယ်။ မသိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

သူမ အသက် ၁၇ နှစ် အရွယ်တုန်းက မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို သွားဖို့ ဆွဲဆောင်စည်းရုံးခံခဲ့ရပြီးတဲ့နောက် ဆေးခတ်ပြီး ဇနီးမယား လုပ်ဖို့ ရောင်းစားခံခဲ့ရတယ်လို့ Marip Lu က ကချင်ဘာသာစကားနဲ့ ပြောပါတယ်။ ၆ နှစ်ကြာ ရုပ်ပိုင်းဆိုင်ရာ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခံရပြီးနောက်မှာတော့ သားဖြစ်သူကို ထားခဲ့ပြီး ထွက်ပြေးဖို့ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့တာပါ။ Marip Lu ဆိုတာကတော့ သူ့ရဲ့ နာမည်ရင်း မဟုတ်ပါဘူး။ သူ ဘယ်သူဆိုတာကို မသိစေချင်လို့ အဲဒီနာမည် သုံထားတာပါ။သူ က တရုတ်ပြည်ကနေ ထွက်ပြေးလာပြီး ကချင်ပြည်နယ်က ဒုက္ခသည် စခန်းမှာ ဒီကနေ့ ခိုလှုံနေပါတယ်။ တရုတ်ပြည်မှာ အလုပ်ရမယ်ဆိုလို့ သူမက ကချင်ပြည်နယ်ကနေ တရုတ်ပြည်ကို လိုက်လာခဲ့တာပါ။ ဒါပေမယ့် ကားနဲ့ ခနလောက် မောင်းပြီး အဲဒီလူတွေက ထမင်းစားဖို့ ခနားနားကြပါတယ်တဲ့။ ဒါပေမယ့် ဒါက လိမ်တာလို့ ရောင်းစားခံခဲ့ရပါတယ်လို့ ပြောဆိုတဲ့ Marip Lu က ကချင်ဘာသာ စကားနဲ့ ပြောပါတယ်။

" ခေါက်ဆွဲစားပြီးတော့ တခုခု မှားနေပြီဆိုတာကို ကျမ သိလိုက်ပါတယ်။ ဘယ်မှာရောက်နေမှန်းလဲ မသိပါဘူး။ သူတို့က ကျမကို လူတယောက်ကို လွှဲပေးပါတယ်။ အဲဒါနဲ့ လှည့်ပတ်ကြည့်တော့မှ ကျမက တရုတ်ပြည်ထဲကို ရောက်နေတာပါ။'

Henan ခရိုင်က Guchen ရွာကို သူမကို ခေါ်သွားကြပါတယ်။ အဲဒီမှာ စိတ်မနှံ့တဲ့ တရုတ် အမျိုးသား တဦးရဲ့ ဇနီးမယား အဖြစ် ၆ နှစ်ကြာ နှိပ်စက်ခံခဲ့ရတယ်လို့ သူမက ပြောပါတယ်။ အဲဒီ အချိန်က သူမက ၁၇ နှစ်ဘဲ ရှိပါသေးတယ်။ သူမ ပြောပြသမျှထဲက တုန်လှုပ်ဖွယ် အကောင်းဆုံး အချက်ကတော့ သူမနေရတဲ့ မိသားစု အိမ်မှာ ခင်ပွန်းတော်ထားရသူရဲ့ အဖေ ဖြစ်သူက အကြိမ်ကြိမ် မုဒိန်းကျင့်ပြီး ကလေးရခဲ့တယ်ဆိုတဲ့ အချက်ပါ။ ရောင်းစားခံရသူလို့ ပြောဆိုထားတဲ့ Marip Lu က သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

"မိသားစုနဲ့ မတွေ့ရတော့ဘဲ အဲဒီမှာဘဲ သေသွားရမယ်လို့ကို ကျမ ထင်ခဲ့ပါတယ်။ ဘယ်တော့မှ လွတ်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့ပါတယ်။"

တရုတ်နိုင်ငံမှာ တအိမ်ထောင် ကလေးတယောက် မူဝါဒကြောင့် အမျိုးသမီး ဦးရေထက် အမျိုးသားဦးရေ သန်း ၃၀ လောက်ထိ ပိုများနေတာကြောင့် ကျားမ ဦးရေ မညီမျှမှုနဲ့ ရင်ဆိုင်နေရပြီး တရုတ် အမျိုးသားတွေ အတွက် ဇနီးမယား ဝယ်ယူတဲ့ ရာဇဝတ်မှုတွေ ဖြစ်လာတာပါ။ တရုတ် အမျိုးသားတွေ အတွက် ဇနီးမယား အဖြစ် ရောင်းစားခံရတဲ့ အမျိုးသမီးတွေလည်း များသထက် များလာနေပါတယ်။ ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကြောင့် ဒုက္ခသည် စခန်းတွေမှာ လူ ၁ သိန်းလောက် ခိုလှုံနေကြရတာပါ။ ဒုက္ခသည် စခန်းတွင်းက အမျိုးသမီးလေးတွေကို တရုတ်ပြည်မှာ အလုပ်လုပ်ဖို့ အလွယ်တကူ လှည့်ဖျား စည်းရုံးနိုင်နေတာလည်း ဖြစ်ပါတယ်။ ဒီမိန်းကလေးတွေ တရုတ်ပြည်ထဲ ရောက်ပြီ ဆိုတာနဲ့ သူတို့ကို ဖမ်းပြီး ရောင်းစားနေကြတာတွေက ဒေါ်လာ ထောင်နဲ့ချီပြီး ရနေတာပါ။ လာအို၊ ဗီယက်နမ်နဲ့ မြန်မာ နိုင်ငံက မိန်းကလေးတွေကို ခိုးယူပြီး တရုတ်ပြည်ထဲမှာ ရောင်းစားနေကြတာပါ။ ကချင် အမျိုးသမီး အဖွဲ့ကတော့ ရောင်းစားခံရသူ အရေအတွက် တိုးလာတယ်လို့ ပြောပါတယ်။ ကျားမ အချိုးအစား မညီ ဖြစ်နေတဲ့ တရုတ်နိုင်ငံမှာ ရောင်းစားခံရသူ နှစ်စဉ် ၃၀ ကနေ ၄၀ ကျော်လောက် ရှိနေတာကနေ ပြီးခဲ့တဲ့ နှစ် အတွင်းမှာတော့ ၅၀ ကျော်ထိ ရှိလာတယ်လို့ ဆိုပါတယ်။ ကချင် အမျိုးသမီး အဖွဲ့က Hkawn Shawng ကလည်း အခုလို ပြောပါတယ်။

"တနှစ်ပြီး တနှစ် ပြသနာက ပိုပြီး ကြီးလာပါတယ်။ ကျမတို့ရဲ့ အချက်အလက်တွေ အရ ကိန်းဂဏန်းတွေက တိုးလာနေပါတယ်။ ပြည်တွင်းစစ် ဖြစ်နေသမျှတော့ ပိုပြီး ဆိုးလာဖို့ဘဲ ရှိပါတယ်။"

ရောင်းစားခံခဲ့ရပါတယ်လို့ ဆိုတဲ့ Marip Lu ကတော့ ဖုန်း အဟောင်းတလုံး တွေ့လိုက်ရတာက သူမရဲ့ လွတ်မြောက်ရေး အစ ဖြစ်တယ်လို့ ပြောပါတယ်။ တွေ့သမျှ ဖုန်းနံပတ်တွေကို ခေါ်ခဲ့ပြီးနောက် ကချင် စကားပြောတဲ့ အမျိုးသမီး တဦးနဲ့ ရခဲ့ပြီး အဲဒီ အမျိုးသမီးက သူမရဲ့ မိသားစုကို ရှာပေးခဲ့တယ်လို့ ပြောပါတယ်။ အဲဒီနောက်မှာတော့ မိဘတွေနဲ့ အဆက်အသွယ် ရခဲ့ပါတယ်တဲ့။ သူတို့က အကူအညီပေးရေး အဖွဲ့ကို အကူအညီတောင်းခဲ့ပြီး တရုတ်ရဲတွေကို တိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘာမှ အကူအညီ မရခဲ့ဘူးလို့ Marip Lu က ပြောပါတယ်။

"ရဲတွေ လာပြီး ကျမကို မေးကြ မြန်းကြပါတယ်။ ဒါပေမယ့် ကျမကို အိမ်ပြန်မပို့ပါဘူး။ ကျမ တယောက်တည်း အကူအညီမဲ့ ဖြစ်နေပါတယ်။ ပျော်လည်း မပျော်ပါဘူး။"

နောက်ဆုံးတော့ ပြီးခဲ့တဲ့နှစ် မေလအတွင်း တညမှာ ကားတစင်းက သူမကို တိတ်တဆိတ် လာခေါ်ထုတ်ခဲ့တာပါ။ အကူအညီပေးရေး အဖွဲ့က သူတို့ အစီအစဉ်နဲ့ သူတို့ ကယ်ထုတ်ခဲ့တာပါ။ သူမ လွတ်မြောက်လာခဲ့ပေမယ့်လည်း သားကို ချန်ထားခဲ့ရတဲ့ အတွက် ဖြေဆည်မရ ဖြစ်နေသူပါ။ ကလေးကို ခေါ်လာရင် တရုတ် မိသားစုက သူမကို လိုက်ရှာမှာ ကြောက်လို့ ထားခဲ့ရတာလို့ ပြောပါတယ်။ Marip Lu က သူ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

"နှိပ်စက်တာတွေ ဆက်ပြီး မခံနိုင်တော့လို့ ကျမ ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ သားလေးမျက်နှာကို ကြည့်ပြီး သူ့ကို ထားခဲ့ရမှာကြောင့် ကျမ ငိုခဲ့ရပါတယ်။"

AP သတင်းအဖွဲ့က တရုတ်နိုင်ငံထဲက Gucheng ရွာကို သွားပြီး Marip Lu ပြောတဲ့ မိသားစုထံကို သွားပြီး မေးမြန်းကြပါတယ်။ အဲဒီ တရုတ် မိသားစုက အဖေ ဖြစ်သူနဲ့ အမေ ဖြစ်သူတို့ကတော့ Marip Lu ကို မနေချင်ဘဲ သူတို့အိမ်မှာ ခေါ်ထားခဲ့တယ်ဆိုတာကို ငြင်းပါတယ်။ လူကုန်ကူးသူတွေဆီကနေ ဒီမိန်းကလေးကို ဝယ်ခဲ့တာ မဟုတ်သလို သူတို့က ရိုက်လည်း မရိုက်ဘူးလို့ ပြောကြပါတယ်။

အဲဒီ မိသားစုထဲက အဖေ ဖြစ်သူကတော့ Marip Lu ကို သူ မုဒိန်းမကျင့်ဘူးလို့လည်း ပြောပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ်ထဲကနေ မိုင်ပေါင်း ၁၆၇၈ မိုင်လောက် ဝေးတဲ့ ရွာကို Marip Lu က ဘယ်လို ရောက်လာသလဲ၊ နောက် ကုတင်မှာ သံကြိုနဲ့ ချည်ထားရတဲ့ အမျိုးသားကို လက်ထပ်ခဲ့ရသလဲ ဆိုတာတွေကိုတော့ အဲဒီ မိသားစုက ဘာမှ မဖြေပါဘူး။ Marip Lu ရဲ့ သားဖြစ်သူကတော့ ကျန်းကျန်းမာမာ ရှိနေပုံပါ။ Marip Lu ကတော့ လွတ်လာတာ တနှစ်ကျော်ပြီ ဖြစ်ပေမယ့် အခုအချိန်ထိ သားဖြစ်သူကိုဘဲ တချိန်လုံး တွေးနေမိတယ်လို့ ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG