သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု အဆိုးဆုံးထဲ မြန်မာပါဝင်


မြန်မာနိုင်ငံကို ကမ္ဘာပေါ်မှာ လူမှောင်ခိုကူးမှု အဆိုးရွားဆုံးဖြစ်ပျက်နေတဲ့ နိုင်ငံတွေထဲကတခုအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ်လိုက်ပါတယ်။

ဇွန်လ ၂၈ ရက်၊ သောကြာနေ့ကထွက်လာတဲ့ လူကုန်ကူးမှုဆိုင်ရာ အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၂၀၁၈ ခုနှစ် အစီရင်ခံစာထဲမှာ အဲဒီလို သတ်မှတ်လိုက်တာပါ။

၂၀၁၇ ခုနှစ်က မြန်မာနိုင်ငံကို Tier 2 စောင့်ကြည့်အဆင့်မှာ သတ်မှတ်ထားပေမဲ့ အခု ၂၀၁၈ ခုနှစ်မှာတော့ အဆိုးဆုံးအဆင့် ဖြစ်တဲ့ Tier 3 အဆင့်ကိုလျှော့ချပြီး တရုတ်၊ မြောက်ကိုရီးယား၊ လာအို၊ အီရန် စတဲ့နိုင်ငံတွေနဲ့အတူ ထည့်သွင်း သတ်မှတ်လိုက် တာဖြစ်ပါတယ်။

အခုလို Tier 3 ကို အဆင့်လျှော့ချ သတ်မှတ်လိုက်ရတာဟာ လူကုန်ကူးမှု ပပျောက်ရေးဆိုင်ရာ အနိမ့်ဆုံး သတ်မှတ်ချက်တွေကို အပြည့်အဝပြည့်မီအောင် မြန်မာအစိုးရက လုပ်ဆောင်နိုင်ခြင်းမရှိသလို အဲဒီလိုပြည့်မီဖို့အတွက် သိသာတဲ့ လုပ်ဆောင်မှုတွေ မရှိ တာကြောင့်ဖြစ်တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

သိသာထင်ရှားတဲ့ လုပ်ဆောင်မှုတွေ မရှိပေမဲ့လည်း လူမှောင်ခိုကူးသူတွေကို အစိုးရက ဆက်ပြီး အရေးယူူ အပြစ်ပေးနေပြီးတော့ ပြီးခဲ့တဲ့နှစ်ကထက်စာရင် လူမှောင်ခိုကူးခံရသူအရေအတွက် ပိုပြီးတော့များများ ဖော်ထုတ်နိုင်တယ်လို့ အသိအမှတ်ပြုထားပါ တယ်။

ဒါပေမဲ့လည်း ရခိုင်ပြည်နယ်မှာ တပ်မတော်ရဲ့ စစ်ဆင်ရေးတွေကြောင့် ထောင်ပေါင်းများစွာသော ရိုဟင်ဂျာတွေနဲ့ တခြား လူမျိုးစုဝင်တွေဟာ မြန်မာနိုင်ငံတွင်းမှာ၊ ဘင်္ဂလားဒေ့ရှ်ဘက်မှာနဲ့ ဒေသတွင်း တခြားနေရာတွေမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေ ကြရပြီး အဲဒီထဲက အများအပြားဟာ လူမှောင်ခိုကူးခံရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ကြရတယ်လို့ အစီရင်ခံစာမှာ ထောက်ပြထား ပါတယ်။

အစီရင်ခံစာမှာ အသုံးပြုဖော်ပြထားတဲ့ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို မြန်မာအစိုးရကတော့ အသိအမှတ်မပြုပါဘူး။

ဒီအစီရင်ခံစာထဲမှာပဲ တပ်မတော်ထဲမှာရှိနေတဲ့ ကလေးစစ်သားတွေကို ဖော်ထုတ်ပြီး တပ်ကနေ ထွက်ခွာနိုင်အောင် ဆက်လုပ် နေပေမဲ့ ကလေးစစ်သား စုဆောင်းအသုံးပြုတာကို ဆက်လုပ်နေတယ်ဆိုတာ အတည်ပြုထားတဲ့ အထောက်အထားတွေ ရှိတယ် လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကလေးစစ်သားဟောင်းတွေကို တပ်ပြေးမှုအပြင် လိမ်လည်မှုနဲ့ အသရေဖျက်မှုဆိုင်ရာ စွပ်စွဲချက်တွေနဲ့ အစိုးရက အပြင်းအထန် အရေးယူတာတွေ ရှိထားတယ်လို့လည်း အစီရင်ခံစာမှာဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG