သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှု လူ့အခွင့်အရေးအဖွဲ့ကြိုဆို


မှတ်တမ်းပုံ - ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpan ကို အစောင့်အရှောက်နဲ့ ရုံးထုတ်လာစဉ်။ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၅။
မှတ်တမ်းပုံ - ထိုင်း ဒုတိယဗိုလ်ချုပ်ကြီး Manas Kongpan ကို အစောင့်အရှောက်နဲ့ ရုံးထုတ်လာစဉ်။ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၅။

ဗုဒ္ဓဟူးနေ့က ထိုင်းတရားရုံးချုပ်ကနေ လူကုန်ကူးမှု ကျူးလွန်ခဲ့တဲ့ ထိုင်းစစ်ဗိုလ်ချုပ် အပါအဝင် မြို့တော်ဝန်ဟောင်းနဲ့ အစိုးရ အဆင့်မြင့် အရာရှိကြီးတွေကို ကြီးမားတဲ့ နှစ်ရှည်ထောင်ဒဏ် အသီးသီးချမှတ်ခဲ့တာဟာ လူကုန်ကူးမှုနှိမ်နင်းရေး သမိုင်းမှာ တကယ့်ကို ထင်ရှားတဲ့ သာဓကဖြစ်ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။

၂၀၁၅ခုနှစ်က ထိုင်း - မလေးရှား နယ်စပ် ထူထပ်တဲ့ တောထဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ရွှေ့ပြောင်းလာသူတွေလို့ ယူဆရသူ ရုပ်အလောင်းပေါင်း ၁၀၀ ကျော် တွေ့ရှိခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့ စွပ်စွဲခံရတဲ့ တရားခံပေါင်း ၁၀၃ ဦးအနက် ထိုင်းစစ်ဗိုလ်ချုပ် Manas Kongpaen နဲ့အတူ ခရိုင်ဝန်ဟောင်းနဲ့ မြို့တော်ဝန်ဟောင်းတို့ အပါအဝင် လူပေါင်း ၆၂ ဦးတို့ကို ထောင်ဒဏ် ၂၇ နှစ်ကနေ ၉၄ နှစ်ထိ ထိုင်းတရားရုံးချုပ်ကနေ မနေ့က အသီးသီး ချမှတ်လိုက်တာပါ။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

ထိုင်းနဲ့ မလေးရှားနယ်စပ် အခြေစိုက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေ ဘက်ကနေလာတဲ့ ထောင်နဲ့ချီတဲ့ ရွှေ့ပြောင်းလာသူတွေကို ဒေသတွင်း နိုင်ငံတွေဆီ လူကုန်ကူးနေတဲ့ ရာဇဝတ်ဂိုဏ်းကို ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chan-o-cha ဦးဆောင်တဲ့ အစိုးရဟာ ၂၀၁၅ ခုနှစ် မေလက စတင်ဖမ်းဆီး အရေးယူခဲ့တာပါ။

အခုလို အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ လည်ပတ်နေတဲ့ လူကုန်ကူးမှုဂိုဏ်းကြီးမှာ အဓိက ပါဝင်ပတ်သက်နေသူတွေကို ထိုင်းအစိုးရက ပြတ်ပြတ်သားသား ကိုင်တွယ်နှိမ်နင်း အရေးယူတာဟာ တကယ့်ကို အားရစရာ ကောင်းကြောင်း လူကုန်ကူးမှုဂိုဏ်းကို စတင်ဖမ်းဆီးကတည်းက စောင့်ကြည့်လေ့လာနေတဲ့ Fortify Rights အဖွဲ့ရဲ့အမှုဆောင် ညွှန်ကြားရေးမှူးချုပ် Matthew Smith က ပြောပါတယ်။

“ အမှုစစ်ဆေးခဲ့တဲ့ တရားခံ ၆၂ ဦးအတွက် ပြစ်ဒဏ် စီရင်ချက်တွေကို ထိုင်းတရားရုံးချုပ်က အမိန့် အသီးသီး ချမှတ်ခဲ့ပြီးပါပြီ။ စီရင်ချက်တွေထဲမှာ ထောင်ဒဏ် ၄ နှစ်ကနေ ၉၄ နှစ်အထိ အသီးသီး ပါဝင်ပါတယ်။ အဲဒီထဲမှာ အစိုးရ အဆင့်မြင့် အရာရှိကြီးတွေ ကိုလည်း ကြီးမားတဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။ အခုလို တရားရုံးရဲ့စီရင်ချက်တွေကို ကျနော်တို့ တကယ်လေးစား အားရမိပါတယ်။ ”

လူကုန်ကူးသူတွေကို ဥပဒေလမ်းကြောင်းနဲ့ ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးတဲ့ ထိုင်းအစိုးရရဲ့လုပ်ဆောင်ချက်ဟာ ပြည်တွင်း အတွက်သာမက ဒေသတွင်း နိုင်ငံတွေအတွက်ပါ အရေးပါကြောင်း Matthew Smith ကဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayut Chan-o-cha ကိုယ်တိုင်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးမှာ သူ့အစိုးရအနေနဲ့ ထိထိရောက် ဆောင်ရွက်မှာ ဖြစ်တယ်လို့ မကြာသေးခင်က ပြောကြားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်အတွင်း လူကုန်ကူးတဲ့ ရာဇဝတ်မှုပေါင်း ၃၀၀ ကျော်ကို ထိုင်းအစိုးရက အရေးယူ ကိုင်တွယ်ခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောသွားပါတယ်။ အထူးသဖြင့် အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ လူကုန်ကူးတဲ့ နိုင်ငံစာရင်းတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရက အလေးထားတာ တွေ့ရကြောင်း Matthew Smith ကပြောပါတယ်။

“ လွန်ခဲ့တဲ့ နှစ်အနည်းက ကျနော်တို့နဲ့ ဆွေးနွေးခဲ့တဲ့ ထိုင်းအရာရှိတွေက အမေရိကန် နိုင်ငံခြားရေးဌာနက နှစ်စဉ် ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာမှာ အဆိုးဆုံး အဆင့် ၃ သတ်မှတ်ခံရတဲ့ မြောက်ကိုရီးယားနဲ့ အတူ တတန်းတည်း ထားခံရတဲ့ကိစ္စကို သူတို့ မလိုလားကြောင်း ပြောခဲ့ပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ နှစ်တွေတုန်းက လူကုန်ကူးမှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံအနေနဲ့ သတင်းဆိုး ထွက်ခဲ့တဲ့ အခြေအနေလည်း တစိတ်တပိုင်း ပါဝင်ပါတယ်။ နောက်တချက်က လူကုန်ကူးမှုကို တိုက်ဖျက် နှိမ်နင်းလိုတဲ့ ထိုင်းအစိုးရ အရာရှိတွေလည်း ရှိပါတယ်။ ဒါတွေ အားလုံး ပေါင်းစပ်ပြီး အခုလို အခြေအနေကို ရောက်လာတယ်လို့ မြင်ပါတယ်။ ”

ထိုင်းအစိုးရက ဖမ်းဆီး အရေးယူခဲ့တဲ့ တရားခံပေါင်း ၁၀၃ ဦးထဲမှာ မြန်မာတချို့လည်း ပါဝင်ပြီး အဲဒီထဲက လူကုန်ကူးမှုဂိုဏ်းမှာ အဓိက ကြိုးကိုင်သူတဦးအဖြစ် ထိုင်းအစိုးရ စွပ်စွဲထားတဲ့ စိုးနိုင် ခေါ် အန်နဝါ ဆိုသူ မွတ်စလင်တဦးကိုတော့ ထောင်ဒဏ် ၉၄ နှစ် ထိုင်းတရားရုံးက စီရင်ချက်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီအမှုကို စတင်ကိုင်တွယ်တဲ့အချိန်မှာ အမှုလိုက် ရဲအရာရှိတွေ၊ မျက်မြင်သက်သေတွေ၊ စကားပြန်တွေ အားလုံး ခြိမ်းခြောက်ခံခဲ့ရကြောင်း Matthew Smith ကပြောပါတယ်။

“ ဒီအမှုကို ဦးဆောင်စစ်ဆေးတဲ့ ထိုင်းရဲ အရာရှိချုပ် တဦးဆိုရင် သူတို့ အစိုးရ အာဏာပိုင်တွေ ထဲကပဲ သူ့အသက်ကို ခြိမ်းခြောက်လာတဲ့ အတွက် ထိုင်းနိုင်ငံကနေ သြစတြေးလျနိုင်ငံကို ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားပါတယ်။ ”

တရားခံတွေ အားလုံးဟာ ထောင်နဲ့ချီတဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေက ရွှေ့ပြောင်းလာသူတွေကို စက်လှေတွေနဲ့ ထိုင်း-မလေးရှား-အင်ဒိုနီးရှား နိုင်ငံတွေဆီကို လူကုန်ကူးနေတဲ့ ရာဇဝတ်ဂိုဏ်းနဲ့ ပတ်သက်နေသူတွေဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က မလေးရှားနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်း တောထဲ စခန်းတွေမှာ ရွှေ့ပြောင်းလာသူတွေရဲ့ ရုပ်အလောင်းပေါင်း ၁၀၀ ကျော်ကို ထိုင်းနဲ့ မလေးရှား အာဏာပိုင်တွေက တွေ့ရှိပြီး နောက်မှာ အဲဒီဂိုဏ်းကို စတင်ဖြိုခွဲခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG