သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်ဖက်အရာရှိကြီးတွေကို လူကုန်ကူးမှုနဲ့ အပြစ်ရှိကြောင်း အမိန့်ချမှတ်


မလေးရှားနယ်စပ်မှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေလို့ ယူဆရသူ ၃၀ ကျော်ရဲ့ အလောင်းတွေတူးဖော်ခဲ့စဉ် (မေလ ၂၀၁၅)
မလေးရှားနယ်စပ်မှာ ရွှေ့ပြောင်း ဝင်ရောက်သူတွေလို့ ယူဆရသူ ၃၀ ကျော်ရဲ့ အလောင်းတွေတူးဖော်ခဲ့စဉ် (မေလ ၂၀၁၅)

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာ စစ်ဘက်အရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ မြန်မာနိုင်ငံသားတချို့ အပါအဝင် လူကုန်ကူးမှုတွေ ပါဝင် ပတ်သက်ခဲ့သူတွေ အဖြစ် တရားစွဲခံထားရသူ အများအပြားကို အပြစ်ရှိကြောင်း ထိုင်းပြစ်မှုဆိုင်ရာ တရားရုံးက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရွှေ့ပြောင်း ဝင်ရောက်သူတွေလို့ ယူဆရသူ ဒါဇင်နဲ့ချီရဲ့ အလောင်းတွေကို ထိုင်းနဲ့ မလေးရှားနယ်စပ်မှာ ရှာတွေ့ခဲ့ပြီးတဲ့နောက် ထိုင်းအစိုးရက လူကုန်ကူးသူတွေကို လိုက်လံရှာဖွေမှုအတွင်း ဒီလူတွေ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။

ထိုင်း စစ်ဗိုလ်ချုပ်ကြီး တဦး အပါအဝင် စစ်ဘက်အရာရှိတွေ၊ နိုင်ငံရေးသမားတွေနဲ့ မြန်မာနိုင်ငံသားတချို့ ပါဝင်တဲ့ လူ ၁၀၃ ယောက်ကို နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေမှာ ပါဝင်ပတ်သက်မှု၊ အတင်းအကျပ် ငွေတောင်းခံမှု၊ လူသတ်မှု စွပ်စွဲချက်တွေနဲ့ ၂၀၀၅ ခုနှစ်ကစလို့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ဒီနေ့ တရားခွင်ကတော့ ထိုင်းနိုင်ငံရဲ့ အကြီးဆုံး လူမှောင်ခိုကူးမှု ကွန်ရက်ကြီးမှာ ပါဝင်ခဲ့ကြသူတွေကို တရားသူကြီးက အပြစ် ရှိမရှိ ဒီကနေ့ စတင် ဆုံးဖြတ်တာဖြစ်ပြီး တရားစီရင်မှုတွေကိုတော့ သုံးရက်ကြာ လုပ်သွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရွှေ့ပြောင်းဝင်ရောက်သူတွေ လို့ ယူဆရတဲ့ လူကုန်ကူး ခံရသူအယောက် ၃၀ ကျော်ရဲ့ အလောင်းတွေကို မလေးရှားနဲ့နယ်စပ်အနီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ ရှာတွေ့ ခဲ့ပြီးတဲ့နောက် ဒီကိစ္စနဲ့ ပတ်သက်ဆက်နွယ်ပြီး သူတို့ကို ဖမ်းဆီးထားတာပါ။ ပြစ်မှုဆိုင်ရာ တရားရုံးအနေနဲ့ ဒီလူတွေအပေါ် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားဖို့ မျှော်လင့်တယ်လို့ အစိုးရရှေ့နေရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် Prayuth Porsattayarak က ပြောပါတယ်။

"နောက်ထပ် ဒီလို ပြစ်မှုမျိုးတွေကို ဘယ်သူမှ မကျူးလွန်ရဲအောင် တရားရုံးက သူတို့ကို ပြင်းပြင်းထန်ထန် အမိန့် ချမှတ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ထိုင်းနိုင်ငံမှာ လူမှောင်ခိုကူးတာကို တားမြစ်ထားသလို၊ လူမှောင်ခိုကူးမှုတွေကို အမြစ်ပြတ်ချေမှုန်းနေတယ် ဆိုတာကို ကမ္ဘာကသိအောင် ဒီကနေ့ ပြစ်ဒဏ်စီရင်မှုတွေကနေ ပြသနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။”

တရားစွဲဆိုခံထားရသူတွေကတော့ သူတို့ အနေနဲ့ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိကြောင်း ငြင်းထားပါတယ်။ တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်တာ ခံရသူတွေအနေနဲ့ သူတို့ တဦးချင်းစီရဲ့ ပါဝင်ပတ်သက်မှုအပေါ် မူတည်ပြီး ပြစ်ဒဏ်တွေ ကွဲပြားနိုင်တယ်လို့ တရားခံတဦးရဲ့ ရှေ့နေ Chutchaworn Piaklin က ပြောပါတယ်။

"သူ့အပေါ် ဘယ်လို ပြစ်ဒဏ် ချမလဲ ဆိုတာတော့ ကျနော်တို့ လောလောဆယ် မပြောနိုင်သေးပါဘူး။ စွပ်စွဲ ခံရသူတွေ အကုန်လုံးကို ပြစ်ဒဏ်တခုတည်းတော့ ချမှာမဟုတ်ပါဘူး။ သူတို့ ပါဝင်ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍပေါ် မူတည်ပြီး ပြစ်ဒဏ်တွေ ကွဲပြားနိုင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းက ထိုင်းနဲ့ မလေးရှားနိုင်ငံ နယ်စပ်အနီးမှာ လူမှောင်ခိုကူးသူတွေ အသုံးပြုခဲ့တဲ့ ယာယီစခန်းတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံက လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းသွားလာသူ ၃၀ ကျော်ရဲ့ အလောင်းတွေကို ရှာတွေခဲ့ဲပြီးနောက်ပိုင်း ထိုင်းအစိုးရက လူမှောင်ခိုကူးမှုတွေကို အပြင်းအထန် နှိမ်နင်းခဲ့သလို၊ အိမ်နီးချင်း မြန်မာ၊ မလေးရှားနိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ ပါတယ်။ လူမှောင်ခိုကူးမှု လုပ်ငန်းတွေမှာ ထိုင်းစစ်ဘက်အရာရှိတွေနဲ့ အစိုးရအာဏာပိုင်တွေ ပါဝင် ပတ်သက်နေပြီး၊ ဒီကိစ္စကို အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်တာ မရှိဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံတကာက ပြစ်တင်ပြောဆိုခဲ့တာကြောင့်လည်း ထိုင်းအစိုးရ အနေနဲ့ ဒီအခြေအနေ ကနေ ပြန်ပြီး အဖက်ဆယ်ဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေး အဖွဲ့တွေကတော့ လူမှောင်ခိုကူးတဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ပြီး လွတ်မြောက်နေသူတွေ အများအပြား ရှိနေနိုင်သေးတယ်လို့ ပြောဆိုကြသလို၊ လက်ရှိ ရုံးတင်စစ်ဆေးမှု တွေမှာလည်း သက်သေ ထွက်ဆိုသူတွေ အနှောက်အယှက်ပြု ခံရတာ၊ ကြားနာစစ်ဆေးမှုတွေကို လျှို့ဝှက် လုပ်ဆောင်ပြီး သတင်းမီဒီယာ တွေကို သတင်းရယူခွင့် ကန့်သတ်ထားတာတွေကို ထောက်ပြကြပါတယ်။ လူကုန်ကူးမှုတွေကို စတင် ဖော်ထုတ် စစ်ဆေးခဲ့တဲ့ အကြီးတန်း ရဲအရာရှိ ဗိုလ်ချုပ် Paween Pongsirin ဆိုရင် အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အထိ ကြုံခဲ့ရတာကြောင့် ထိုင်းနိုင်ငံကနေ ထွက်ပြေးရတဲ့အထိ ဖြစ်ခဲ့တာပါ။

ဒီကနေ့ကစလို့ သုံးရက်ကြာ စီရင်ချက်ချမယ့် တရားခွင်ကိုလည်း သတင်းမီဒီယာသမားတွေ လာရောက် သတင်းယူခွင့် ပြုမထားပါဘူး။ ဖမ်းဆီးခံရချိန်တုန်းက စုစုပေါင်း ၁၀၃ ဦးထဲမှာ တဦးကတော့ ရမန်ယူနေချိန် သေဆုံးသွားခဲ့တာကြောင့် ၁၀၂ ဦးပဲ ဆက်ပြီး တရားရင်ဆိုင် နေခဲ့တာ ဖြစ်ပါတယ်။ ဒီအထဲက ထိုင်းဗိုလ်ချုပ်ကြီးတဦး အပါအဝင် အများအပြားကို အပြစ်ရှိကြောင်း ဒီကနေ့ တရားရုံးက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG