သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး မြန်မာ ပူးပေါင်းဆောင်ရွက်မည်


လူသေအလောင်းများ ထပ်မံ တူးဖော်ရရှိ။ (မေ ၂၀၁၅)
လူသေအလောင်းများ ထပ်မံ တူးဖော်ရရှိ။ (မေ ၂၀၁၅)

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မလေးရှားနယ်စပ်နဲ့နီးတဲ့ ထိုင်းနိုင်ငံထဲမှာ သေဆုံးသွားသူ ရိုဟင်ဂျာ မူဆလင်တွေ ဖြစ်ရပ်နဲ့ ဆက်နွှယ်ပြီး ထိုင်း မြန်မာ နဲ့ မလေးရှား ၃ နိုင်ငံ ပူးပေါင်း အစည်းအဝေး တရပ် ခေါ်ယူဖို့ လိုတယ်လို့ ထိုင်းဝန်ကြီးချုပ် က ပြောပါတယ်။ မြန်မာနိုင်ငံဖက်ကတော့ လူကုန်ကူး မှု တားဆီးတိုက်ဖျက်ရေးမှာ အိမ်နီးချင်း ထိုင်း တရုတ်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိနေသလို၊ နောက်ထပ် လည်း တိုးချဲ့ပြီး ပူးပေါင်း ဆောင်ရွက် သွားဖို့ရှိတယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေး တပ်ဖွဲ့က ပြောပါတယ်။ ဆက်သွယ်စုံစမ်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း မလေးရှား နယ်စပ်နားမှာ လူကုန်ကူး သူတွေကြောင့် သေဆုံးနေတဲ့ ရိုဟင်ဂျာ မူဆလင်လို့ ယူဆရသူ အလောင်း ၃၀ ကျော်ကို ရှာဖွေတွေ့ခဲ့ပြီးနောက်မှာ ဒေသတွင်း လူကုန်ကူးမှု ပြသနာကို ထိုင်း-မြန်မာ-မလေးရှား ၃နိုင်ငံ ပူးပေါင်းဖြေရှင်းသွားနိုင်အောင် အစည်းဝေးပွဲ တရပ် ခေါ်ယူဖို့ ထိုင်းဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်-ချန်အိုချာက မေလ ၈ရက် သောကြာနေ့မှာ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာနိုင်ငံက လာတယ်လို့ ယူဆရတဲ့ ရွှေ့ပြောင်းအခြေချသူ ၃၀ ကျော်ရဲ့ အလောင်းကို ထိုင်းနိုင်ငံတောင်ပိုင်း ဆုမ်ကလာ ခရိုင်မှာ ပြီးခဲ့တဲ့ သီးတင်းပတ်ထဲ ရှာတွေ့ခဲ့တာပါ။ ဒီကိစ္စနဲ့ ပတ်သက်ဆက်နွှယ်ပြီးလူကုန်ကူးမှု တိုက်ဖျက်ရေးကို ဆောင်ရွက်သွားဖို့ မြန်မာနဲ့ မလေးရှား နိုင်ငံက တာဝန်ရှိသူတွေကို အစည်းအဝေး တရပ် ဖိတ်ကြားဖို့ ထိုင်းဝန်ကြီးချုပ်က ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနကို ညွှန်ကြားထားပီး ဖြစ်ပါတယ်။

ဒီ ဖိတ်ကြားမှုကို သူတို့ မသိရှိရသေးပေမယ့် လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံဟာ အရင်ကတည်းက အိမ်နီးချင်းနိုင်ငံ တွေနဲ့ ပူးပေါင်းဆောင်ရွက်နေတာကြောင့် ဆက်ပြီး ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ တားဆီးကာကွယ်ရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် ဝင်းနိုင်ထွန်းက ဗွီအိုအေကို ပြောပါတယ်။

" အခုလောလောဆယ်တော့ အဲ့ဒီ့အစည်းအဝေးတွေနဲ့ ကျနော်တို့ဆီတော့ တရားဝင် ဖိတ်ကြားထားတာ မရှိပါဘူး ခင်ဗျ အဲ့ဒီ့ဟာနဲ့ပတ်သက်လို့လေ။ ကျနော်တို့ ထိုင်းနဲ့ရော တရုတ်နဲ့ရောကတော့ Border- Office တွေ ဖွင့်ပြီး ပေါင်းပြီးတော့ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုတွေ လုပ်နေကြတယ်။"

ထိုင်းနိုင်ငံမှာ အခုကြုံရတဲ့ ရိုဟင်ဂျာမူဆလင်တွေ သေဆုံးသွားတဲ့ လူကုန်ကူးမှု ပြသနာ စဖြစ်လာရတဲ့ မူလ ဇစ်မြစ် ဘင်္ဂလားဒေ့ချ်နဲ့ မြန်မာ နယ်စပ်ဒေသတွေမှာ စပြီး ဖြေရှင်းသင့်တယ်လို့ ထိုင်းဝန်ကြီးချုပ် ချန်အိုချာက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒါပေမယ့် ထိုင်းနိုင်ငံမှာ လတ်တလော ရှာဖွေတွေ့ရှိခဲ့တဲ့ အလောင်းကိစ္စမျိုးဟာ တကယ်တော့ လူကုန်ကူးခံရမှု ဆိုတာထက် လူမှောင်ခိုမှုသာ ဖြစ်တယ်လို့ ရဲမှူးချုပ် ဝင်းနိုင်ထွန်းက မှတ်ချက်ပေးပါတယ်။

"အခုသုံးစွဲနေတာ လူကုန်ကူးလို့သာ ပြောနေတာလေ။ ကျနော့်အမြင်တော့ human smuggling လူမှောင်ခိုမှုလို့ပဲ ကျနော်ကတော့ မြင်တယ်ဗျ ဒီကိစ္စကလေ။ လူကုန်ကူးမှုတော့ မဟုတ်သေးဘူးလို့ထင်တယ်။ လူကုန်ကူးမှုကျတော့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာ ၊ လုပ်အားပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်တာတွေ ပါမှပဲ သူတို့က လူကုန်ကူးမှုမြောက်တယ်လို့ ကျနော်တို့ Law တွေမှာရော definitionတွေမှာရော ဆိုထားတာရှိတယ်။ ဒါပေမဲ့ ဟိုဘက်နိုင်ငံရောက်ပြီး တခုခုဖြစ်တာနဲ့ လူကုန်ကူးမှုကြီးပဲ စွတ်ရေးနေကြတဲ့ အနေအထားတွေ့ရတယ်။ အခု မလေးရှား border နယ်စပ်မှာ ဖြစ်တဲ့ ပြဿနာဟာဆိုရင် ကျနော့်အမြင်တော့ လူမှောင်ခိုကူးမှု ကိစ္စပဲလို့ ကျနော်ကတော့ မြင်ပါတယ်။ Migrate လုပ်တဲ့အနေအထားပဲလေ။ Migration လုပ်တဲ့ Issue ပါပဲလေနော်။

လူကုန်ကူးခံရတဲ့သူကို ပြန်ပြီးတော့ အကာအကွယ်ပေးရတဲ့ Protection အပိုင်းတွေ ကျတော့ Rights တွေက အများကြီးဖြစ်တယ်ဗျ လူမှောင်ခိုဆိုရင်တော့ သက်ဆိုင်ရာ နှစ်နိုင်ငံရှိတဲ့ လူဝင်မှုကြီးကြပ်ရေးရယ်၊ ဥပဒေအတိုင်းပဲ လဝက အက်တွေပေါ့နော်။ အဲ့တာတွေနဲ့ပဲ အရေးယူကြတယ်ဆိုတဲ့ အပိုင်းတွေပဲ ရှိပါတယ်"

ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုကိစ္စမှာ ကြားခံနိုင်ငံတခုဖြစ်ပြီးထိုင်းဒေသခံ အာဏာပိုင်တွေ ကိုယ်တိုင် လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတယ် လို့ လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်နေကြတာပါ။

လူကုန်ကူးမှုတိုက်ဖျက်ဖို့ ထိုင်းနိုင်ငံဟာ တာဝန် ပျက်ကွက်နေတယ်ဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာလဲ ထောက်ပြလေ့ရှိပြီး ဒီပြသနာကိုအမြန်ဖြေရှင်းဖို့ ပြီးခဲ့တဲ့ တနင်္လာနေ့က ထပ်မံတိုက်တွန်းခဲ့ပါတယ်။

သြစတြေးလျဝန်ကြီးချုပ် ဂျူလီဘီရှော့ကလဲ ထိုင်းမှာအခုကြုံရတဲ့ ကိစ္စဟာ အလွန် ဝမ်းနည်းစရာကောင်းပြီး ဒါကိုအချိန်မီ ဖြေရှင်း ပေးဖို့ သူ့ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း တိုက်တွန်းပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ချ်နယ်စပ်ကလာတဲ့ ရိုဟင်ဂျာမူဆလင်တွေဟာ ထိုင်းနိုင်ငံကို ကြားခံနိုင်ငံအဖြစ် ထားပြီး မူဆလင်အများစုရှိတဲ့ မလေးရှား နိုင်ငံကို ရွှေ့ပြောင်း ဝင်ရောက်နေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG