သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးခံရသူ မြန်မာ ၃၆ ဦး ရာဘာတောထဲ ထိုင်းရဲ ဖမ်းမိ


၂၀၁၇ ဇူလိုင်လတုန်းက ရွှေ့ပြောင်းအလုပ်သမားများ တင်လာသည့်ကားကို ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးနေစဉ်
၂၀၁၇ ဇူလိုင်လတုန်းက ရွှေ့ပြောင်းအလုပ်သမားများ တင်လာသည့်ကားကို ထိုင်းလူဝင်မှုကြီးကြပ်ရေးမှ စစ်ဆေးနေစဉ်

ထိုင်းနိုင်ငံ ဖတ်တလုံးပြည်နယ်၊ ခေါက်မင်ခရိုင်အတွင်းက ရာဘာတောထဲမှာ လူကုန်ကူးသူတွေစွန့်ပစ်သွားတဲ့ မြန်မာနိုင်ငံသား ၃၆ယောက်ကို ထိုင်းရဲတပ်ဖွဲတွေနဲ့ ထိုင်းလူမူကယ်ဆယ်ရေးအဖွဲ့တွေက မေလ၂၉ရက်နေ့ ကသွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်၊ ကော့သောင်း၊ ရနောင်းလမ်းကနေ မလေးရှားနယ်စပ်အထိ အရောက် ပို့ဆောင်ပေးမယ်ဆိုပြီး လူပွဲစားတွေကခေါ်လာတဲ့ မြန်မာနိုင်ငံသားတွေဟာ ထိုင်းမလေးနယ်စပ်ကြားက ခေါက်မင်ခရိုင်ထဲက ရာဘာတောထဲမှာ စွန့်ပစ်ထားတာကို ခံခဲ့ရတာပါ။ သူတိုကိုတော့ မေလ၂၇ရက်နေ့ကတည်းက စွန့်ပစ်ထားခဲ့တာဖြစ်ပြီး မေလ၂၉ရက်နေ့ကျမှ ထိုင်းအာဏာပိုင်တွေနဲ့ လူမူရေးအသင်းအဖွဲတွေကသွားရောက် ကယ်ဆယ်နိုင်ခဲ့ပါတယ် လူကုန်ကူးခံရတာကတော့ မြန်မာနိုင်ငံသား ၃၆ဦး ဖြစ်ကြောင်းလူကုန်ကူးမူတိုက်ဖျက်ရေးလုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲရဲအမူဆောင်ဒါရိုက်တာဦးကျော်သောင်းကဆိုပါတယ်။

"မြန်မာအမျိုးသား ၃၃ယောက် ၊အမျိုးသမီး ၃ယောက်စုစုပေါင်း ၃၆ယောက် တောထဲမှာ ထုံးစံအတိုင်း ပစ်ထားခဲ့တာပေါ့။ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေပြောပြချက်အရ ရနောင်းကနေ မလေးနယ်စပ်ထိ တဦးကို ဘတ်၂သောင်းပေးရတယ်ပြောတယ်။ လူကုန်ကူးမူကိစ္စတွေမှာ မြန်မာဘက်ကလည်း မတားဆီးနိုင်သလို ထိုင်းနိုင်ငံကိုဖြတ်ပြီး မလေးနိုင်ငံထိကို သွားတယ်ဆိုတာကလည်း လူကုန်ကူးသူတွေရဲ့ လွတ်လပ်မူနဲ့ နှစ်နိုင်ငံအာဏာပိုင်တွေရဲ့ ပျော့ကွက်ဟာကွက်တွေကိုမြင်စေတာပေါ့"

လူကုန်ကူးသူတွေက တဦးကိုဘတ်ငွေ ၂သောင်းစီယူပြီး မလေးရှားနယ်စပ်ကို အရောက်ပိုမယ်ဆိုပြီး ကား ၃စီးနဲ့ ခေါ်လာပြီး ရာဘာတောထဲမှာ စွန့်ပစ်သွားတာခဲ့တာပါ။ မြန်မာတွေ ရာဘာတောမှာတွေ့ရှိတဲ့အတွက် ထိုင်းကျေးရွာသားတွေက သတင်းပေးရာကနေ ထိုင်းလူမူအဖွဲအစည်းတွေနဲ့ ထိုင်းအာဏာပိုင်တွေက သွားရောက်ကယ်ဆယ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားတွေဟာ အစာရေစားမစားရတာ သုံးရက်ကျော် ရှိပြီဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေကဆိုပါတယ်။ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ထိုင်းရဲတပ်ဖွဲ့ကတော့ု မြန်မာနိုင်ငံသားတွေကို ငွေယူပြီး လိမ်သွားခဲ့တဲ့ လူကုန်ကူးတဲ့အဖွဲ့ဝင်တွေကို ဖေါ်ထုတ်ဖမ်းဆီးနိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေလည်းလုပ်ဆောင်နေပါပြီ။

မေလ ၂၅ ရက်နေ့ကလည်း ထိုင်းနိုင်ငံ စုန်ခလာ ပြည်နယ် ဟတ်ယိုင် ခရိုင် ထဲက နေအိမ်နှစ်လုံးမှာ တရားမဝင် မလေးရှားနိုင်ငံထဲကိုခိုးဝင်ပြီး အလုပ်သွားလုပ်ကြမယ့် မြန်မာနိုင်ငံသား ၆၆ယောက်ကိုလည်း ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG