သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ လိင်ကိစ္စအတွက် ရောင်းစားခံရမယ့် အန္တရာယ်ရှိ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသ ဒုက္ခသည်စခန်းတွေထဲက ထောင်ပေါင်းများစွာသော ရိုဟင်ဂျာ ဒုက္ခ သည်တွေဟာ လိင်လုပ်သားတွေအဖြစ်၊ အတင်းအကျပ် အလုပ်ခိုင်းစေခံရသူတွေအဖြစ် အနိုင်ကျင့် အမြတ်ထုတ်မယ့် လူမှောင်ခိုကူးသူတွေလက်ထဲ ကျရောက်မယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာအဖွဲ့ IOM ရဲ့ မကြာသေးခင်က အစီရင်ခံစာတခုမှာ ဖော်ပြထားပါတယ်။ IOM ရုံးချုပ်ရှိရာ ဂျီနီဗာကနေ ဗွီအိုအေသတင်းထောက် Lisa Schelin ပေးပို့ထားတဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

Cox’s Bazar ဒေသက လူတွေပြည့်ကျပ်ပြီး ဖြစ်သလိုဆောက်ထားတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ ရိုဟင်ဂျာဒုက္ခသည် တသန်းနီးပါးနေထိုင်နေကြတယ်လို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောထားပါတယ်။ အဲဒီထဲက ၇၀၀,၀၀၀ ကျော် ဟာ ပြီးခဲ့တဲ့နှစ်သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နောက်ဆက်တွဲ နှိမ်နင်းဖြိုခွဲမှုတွေဖြစ် အပြီး ထွက်ပြေးသွားကြသူတွေပါ။ ရင်ဆိုင်ရတဲ့အခြေအနေကနေလွတ်အောင် ထွက်ပြေးသွားကြရတာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရောက်တဲ့အချိန် သူတို့မှာ အဝတ်အစားတချို့ကလွဲလို့ ဘာမှပါမသွားကြပါဘူး။

IOM လို နိုင်ငံတကာအဖွဲ့အစည်းတွေက ဒီဒုက္ခသည်တွေ သူတို့ကိုယ်သူတို့ခေါ်တဲ့အတိုင်း ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲပေမယ့် မြန်မာတာဝန်ရှိသူတွေကတော့ ဒီလိုခေါ်ဆိုသုံးစွဲတာကို အသိအမှတ်မပြုပါဘူး။

ဆင်းရဲနွမ်းပါးလှတဲ့ သူတို့အခြေအနေနဲ့ အလုပ်အကိုင်အခွင့်အလန်းကလည်း မရှိတာကြောင့် လူကုန်ကူးသူတွေ အမြတ်ထုတ် အသုံးချမယ့် သိပ်ကိုစိုးရိမ်ဖွယ်အခြေအနေရှိနေတယ်လို့ IOM ကပြောပါတယ်။ အထူးသဖြင့်တော့ အမျိုးသမီးနဲ့ မိန်းကလေးတွေ ဟာ လိင်လုပ်ငန်းထဲမှာ အသုံးချခံရပြီး နှိပ်စက်ညှဉ်းပန်းခံရမယ့်အန္တရာယ် ပိုကြီးတယ်လို့ IOM ကပြောပါတယ်။

အမျိုးသမီးတွေနဲ့ အသက် ၁၁ နှစ်လောက်အထိ ငယ်ရွယ်တဲ့ မိန်းကလေးတွေဟာ လူမှောင်ခိုကူးခံရပြီး ကျွန်လိုပြုမူခံရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမယ့်အန္တရာယ် သိပ်ကြီးတယ်လို့ IOM ပြောခွင့်ရ Paul Dillon ကပြောပါတယ်။

“အိမ်တွင်းစက်မှုလုပ်ငန်းက သိပ်ကိုထွန်းကားနေပြီး အလုပ်ရှာနေတဲ့ လူငယ်တွေကလည်း အများကြီးရှိနေပါတယ်။ အဲဒီလို လုပ်ငန်းခွင်ပတ်ဝန်းကျင်မျိုးမှာ ဒီလူငယ်တွေ အနိုင်ကျင့် အမြတ်ထုတ်ခံရမယ့် အန္တရာယ်က သိပ်ကိုမြင့်မားပါတယ်။ ငွေ လေးနည်းနည်းပေးပြီး အလုပ်ချိန်အကြာကြီးခိုင်းတဲ့ အလုပ်မျိုးတွေပါ။ တချို့ဖြစ်ရပ်တွေမှာ သူတို့အိမ်တွေကို ပုံမှန်လိုပြန်ခွင့် တောင် မရကြပါဘူး။”

လူမှောင်ခိုရာဇဝတ်မှုရဲ့ သိပ်ကို ခိုးကြောင်ခိုးဝှက်နိုင်တဲ့ သဘာဝကြောင့် လွန်ခဲ့တဲ့ ၁၀ လအတွင်း လူမှောင်ခိုကူးခံရသူ ၇၈ ယောက်ကိုပဲ IOM က သိရှိ ဖော်ထုတ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီအရေအတွက်ဟာ တကယ်ဖြစ်နေတဲ့အရေအတွက်ရဲ့ အစိတ်အပိုင်း လေးတခုပဲရှိတယ်လို့ IOM ကပြောပါတယ်။ ထောင်ပေါင်းများစွာသောလူတွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ လူမှောင်ခိုကူးခံရမယ့် အန္တရာယ်ရှိနေတယ်ဆိုတဲ့ အထောက်အထားအများအပြား ရထားတယ်လို့ IOM ကပြောပါတယ်။

Cox’s Bazar ဒေသမှာ လူမှောင်ခိုကူးမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကို ညှိနှိုှုင်းဆောင်ရွက်တာမှာ IOM ဟာ ဦးဆောင် အဖွဲ့အစည်းပါ။ လူမှောင်ခိုကူးမှုတိုက်ဖျက်ရေး လုပ်ငန်းတွေကို IOM အနေနဲ့ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ IOM ပြောခွင့်ရ Dillon ကပြောပါတယ်။ ဒီလုပ်ငန်းတွေထဲမှာ လွတ်မြောက်လာသူတွေကို အကာအကွယ်ပေးတာ၊ တားဆီးကာကွယ်တာ၊ ရုပ်ပိုင်း စိတ်ပိုင်း အထောက်အပံ့ပေးတာတွေအပြင် လူမှောင်ခိုကူးခံရသူတွေကို ဥပဒေကြောင်း အထောက်အပံ့ပေးတာတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG