သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မိုးများပြီး မြေပြိုလို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဘေးလွတ်ရာရွှေ့ပြောင်း


ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်စခန်းတခုမြင်ကွင်း။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မုတ်သုံမိုး သည်းထန်စွာရွာသွန်း လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ပြီး မြေပြိုကျမှုတွေ ရေလွှမ်းမိုးမှုတွေဖြစ်နေလို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲက ဒုက္ခသည်တွေကို အရေးပေါ်ရွှေ့ပြောင်းပေးနေရတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပါတယ်။ အခုအချိန်အထိ သက်ကြီးရွယ်အိုတွေနဲ့ နာမကျမ်းဖြစ်သူတွေ အပါအဝင် ဒုက္ခသည်တွေမှာ နေစရာအတော်လေး အခက်အခဲဖြစ်နေကြရပြီး ဒုက္ခသည်စခန်း တာဝန်ရှိသူတွေ၊ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလအဖွဲ့အစည်းတွေဘက်ကတော့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အရေးပေါ် ဆောင်ရွက်ပေးနေကြတယ်လို့ ဒုက္ခသည်တွေကပြောပြပါတယ်။ ကုတုပလောင်နဲ့ ဘာလုခါလီက ဒုက္ခသည်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က စုစည်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်ကစလို့မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် ရေလွှမ်းမိုးမှုတွေဖြစ်ပြီး မြေပြိုကျတာကြောင့် မြန်မာပြည်ဘက်က တိမ်းရှောင်လာကြတဲ့ ဒုက္ခသည် သိန်းနဲ့ချီ ခိုလှုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းက ယာယီ ဒုက္ခသည်စခန်းတွေထဲက ရိုဟင်ဂျာဒုက္ခသည်တွေဟာ ရေဘေးဒဏ်ကို အလူးအလဲခံနေရပါတယ်။ ဒုက္ခသည်တွေကို နေရာချပေးထားတဲ့ မြေကမူတွေ တောင်ကုန်းတွေပေါ်မှာ ယာယီတဲလေးတွေ တည်ဆောက်ထားတဲ့ ဒုက္ခသည်တွေရဲ့တဲတချို့ဟာ မိုးဆက်တိုက် သည်းထန်စွာရွာသွန်းမှုနဲ့ လေပြင်း မုန်တိုင်းဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ရသလို မြေပြိုကျမှုတွေဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေအတွက် အတော်လေး စိုးရိမ်စရာအခြေအနေဖြစ်လာနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေထဲ ဒုက္ခသည်တွေ ရင်ဆိုင်နေကြရတဲ့ အခက်အခဲကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီးက Balukhali ဘာလုခါလီဒုက္ခသည်စခန်း နေ ရိုဟင်ဂျာဒုက္ခသည်ကိုအီစလံက ပြောပြပါတယ်။

" ဒီလ ၂၅ရက်နေ့ကနေစပြီးတော့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှု ရေလွှမ်းမိုးမှုဖြစ်ခဲ့ပါတယ်။ တချို့နေရာတွေမှာဆို ရေတွေက အရမ်းကြီးလို့ လူတွေက တော်တော်ဒုက္ခရောက်တာကို တွေ့နေရပါတယ်။ ကျနော်တို့ရဲ့ ဘာလုခါလေဒုက္ခသည်စခန်းရဲ့ အနောက်ဘက်ခြမ်းနဲ့ ကုတုပလောင်ရဲ့ ဟိုဘက်ခြမ်းတွေမှာဆိုရင် မြေပြိုမှုကြောင့် နေအိမ်အဆောက်အဦးတွေ အများကြီးပျက်စီးတယ်။ နောက် တချို့လူတွေ ဒဏ်ရာရရှိတယ်။

အခု တောင်ကုန်းတောင်စောင်းမှာ ရှိတဲ့ ဒုက္ခသည်တွေကို IOM အဖွဲ့အစည်းနဲ့ ကမ္ဘာ့ကလသမဂ္ဂအဖွဲ့အစည်းနဲ့ နောက် ဒုက္ခသည်များဆိုင်ရာ UNHCR အဖွဲ့အစည်းက ကယ်ဆယ်ရေးလုပ်ငန်းတွေကို အကုန်ရွှေ့ပြောင်းပေးနေကြတာပါ။ ဒီဘက်မှာက ဒုက္ခသည်စခန်းပေါင်းက ၂၄ခုရှိပါတယ်။ အခု အဖျားရောဂါအမျိုးမျိုး၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ တချို့နေရာတွေမှာ ဖြစ်ပေါ်နေတာကို တွေ့နေရပါတယ်။

မိုးဒဏ်လေဒဏ်ခံနိုင်အောင် ယာယီ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေ ခိုင်ခံတဲ့အဆောက်အဦးတွေ အမိုး အကာတွေအရေးတကြီးလိုအပ်ပြီး ဒုက္ခသည်တွေကို အရေးပေါ်ရွှေ့ပြောင်းပေးဖို့ လိုအပ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီးက ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးမောင်မောင်ကလည်း အခြေအနေကို ပြောပြပါတယ်။

" အခုဒုက္ခသည်စခန်းမှာနေတဲ့သူတွေအတွက် တအားကို စိုးရိမ်နေရတဲ့အနေအထားမှာ ရှိနေပါတယ်။ အခု ဒီမှာ ရှိနေတဲ့သူတော်တော်များများက အခုရွှေ့ပြောင်းနေကြရတယ်။ အမိုးအကာတွေကလည်း လေနဲ့ပါသွားတော့ အခု တွေ့နေရတယ်။

မဆုမွန်။။ အဲ့ဒီ့တော့ ကမ့်တာဝန်ခံတွေ ဘယ်လိုတွေ ဆောင်ရွက်လုပ်ကိုင်ပေးနေတာတွေ တွေ့လဲရှင့်။

" ဒီမှာရှိတဲ့ IOM နဲ့ ကုလသမဂ္ဂအဖွဲ့အစည်း UNHCR တို့ MSF တို့ တခြား NGO အဖွဲ့အစည်းတွေက တခြားအန္တရာယ်ရှိတဲ့နေရာတွေကနေ အန္တရာယ်မရှိတဲ့နေရာတွေကို ရွှေ့ပြောင်းပေးနေကြတာပါ။ "

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ မြန်မာနိုင်ငံကြား No-man land လို့ခေါ်တဲ့ နယ်စပ်မျဉ်း ဇီးရိုးဇုန်မှာ နေထိုင်နေရတဲ့ ထောင်ချီတဲ့ရိုဟင်ဂျာဒုက္ခသည်တွေလည်း ရာသီဥတုဆိုးဝါးလွန်းတဲ့ဒဏ်ကြောင့် လတ်တလော နေစရာအခက်အခဲနဲ့ စားနပ်ရိက္ခာအခက်အခဲ အတော်လေး တွေ့ကြရတယ်လို့ ကြားသိရကြောင်း ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူတွေကပြောပြပါတယ်။

" နောက်တခုရှိတာက နယ်စပ်မျဉ်း No-man landမှာ ရှိတဲ့ ဇီးရိုးလိုင်းကလူတွေ အတော်ဒုက္ခရောက်နေကြရတယ် ထမင်းတွေဘာတွေလည်း စားစရာမရှိဘူး။ ဘေးလွတ်ရာနေရာ တွေမှာ ခိုလှုံနေကြရတယ်။"

" ဒီလ ၂၅၊ ၂၆ မှာဆိုရင် ဇီးရိုးလိုင်း ဒုက္ခသည်စခန်းမှာ ရေတွေ တော်တော်တက်လာပြီး ရေလွှမ်းမိုးခဲ့တယ်။ ရေတွေတအားကြီးလာလို့ လူတွေက တခြားနေရာကို ပြောင်းရွှေ့ပြီးနေရတယ်။ အခု ဒီတစ်ရက်၊ နှစ်ရက်တော့ ကယ်ဆယ်ရေးအဖွဲ့တွေက စောင့်ရှောက်ပေးနေတာတွေ့တယ်။"

ဦးအီစလံနဲ့ ဦးမောင်မောင်က No man Land မှာနေထိုင်သူတွေရဲ့ အခက်အခဲကို အခုလိုပြောပြပေးခဲ့တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို အခုနှစ် မိုးရာသီကုန်ရင် ဘင်္ဂလား ပင်လယ်အော်အတွင်းက Bhasan Char ဆိုတဲ့ ကျွန်းပေါ်မှာ ပြောင်းရွေ့ထားမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ရိုဟင်ဂျာတွေကတော့ အဲဒီကျွန်းဟာ အသက်အန္တရာယ်စိုးရိမ်ရပြီး လုံခြုံ စိတ်ချမှု မရှိတဲ့အပြင် ကမ္ဘာကြီးနဲ့ပါ အဆက်အသွယ်ပြတ်တောက်သွားမယ့်အရေး ကြောင့် မသွားလိုဘူးလို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးအီစလံကပြောပါတယ်။

" ကျနော်တို့ နောက်တခုက စိုးရိမ်တာက Bhasan Char ဘားဆန်ချာလို့ခေါ်တဲ့ ကျွန်းတခုကို ရွှေ့ပေးဖို့ဆိုပြီး နောက်လ ရှေ့လာမယ့် ပြောင်းရွှေ့ဖို့ဆိုပြီး သတင်းအချက်အလက်တွေကို ကြားသိနေရပါတယ်။ အဲ့ဒီ့အတွက်ကြောင့် ကျနော်တို့က အလွန်ကိုစိုးရိမ်နေကြပါတယ် ဘာဖြစ်လို့လဲဆိုတော့ အဲ့ကျွန်းက ပင်လယ်သမုဒ္ဒရာရဲ့ ပတ်လည်အလယ်ဗဟိုမှာ ကျွန်းတကျွန်းပါ။ အဲ့ဒီ့ဒေသကို ရွှေ့ပြောင်းထားမယ်ဆိုရင် ကျနော်တို့ ဒုက္ခသည်တွေအတွက်တော့ အလွန်စိုးရိမ်စရာရှိပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကမ္ဘာနဲ့လည်း အဆက်အသွယ်ပြတ်သွားမှာ။ နောက် လူတွေနဲ့လည်း ဆက်သွယ်မှုက ပြတ်တောက်သွားမှာ။ နောက် ကျနော်တို့ အဲ့ဒီ့ဒေသမှာ နေထိုင်ရမယ်ဆိုရင် အသက်အန္တရာယ်လည်း ရှိနိုင်မယ်လို့ ကျနော်တို့ယူဆပါတယ်။ ကျနော်တို့ ဒုက္ခသည်တွေဘက်ကတော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းများကို တင်ပြထားတာရှိပါတယ်။"

မြန်မာအစိုးရကတော့ ဒီ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်တွေလို့ပဲ သုံးနှုံးပြီး၊ နိုင်ငံတကာက သုံးနေတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးကိုတော့ အသိအမှတ်မပြုပါဘူး။ ဒါပေမယ့်လည်း ဒီ ဒုက္ခသည်တွေကို စိစစ်ပြီး မြန်မာနိုင်ငံက ပြန်လည်လက်ခံ ခေါ်ယူမယ်လို့ဂတိပြုထားတာပါ။

အခုလတ်တလောအခြေအနေမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေထဲမှာတော့ ကုလသမဂ္ဂအပါအဝင် ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာINGOအဖွဲ့အစည်းတွေရဲ့ အကူညီ၊ ဘင်္ဂလားဒေ့ရှ်လုံခြုံရေးတပ်ဖွဲ့၊ ဒုက္ခသည်စခန်းတာဝန်ရှိသူတွေက ဒုက္ခသည်တွေကို မြေပြိုကျမှုအန္တရာယ်ရှိတဲ့နေရာတွေကနေ အရေးပေါ်ရွှေ့ပြောင်းပေးနေကြသလို တချိန်တည်းမှာပဲ ဒုက္ခသည်တွေအတွက် နေ့စဉ်ပေးပို့နေတဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးထောက်ပံ့မှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့နိုင်အောင် ဆက်သွယ်ထားတဲ့ အဓိက လမ်းမကြီးတွေ ဆက်သွယ်မှုလမ်းကြောင်း ပြတ်တောက်မှုမဖြစ်အောင် စခန်းတာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကိုပြောပြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG