သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ကလေးတွေ ပညာဆက်သင်ရေး အလားအလာ


ကူတူးပလောင် ဒုက္ခသည်စခမ်းတွင်းက ရိုဟင်ဂျာကလေးငယ်တွေ လက်ဖြစ် ကျောင်းဆောင်အတွင်း သွားတိုက်ဟန် ပြုစဉ်။
ကူတူးပလောင် ဒုက္ခသည်စခမ်းတွင်းက ရိုဟင်ဂျာကလေးငယ်တွေ လက်ဖြစ် ကျောင်းဆောင်အတွင်း သွားတိုက်ဟန် ပြုစဉ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲပါလာတဲ့ ရိုဟင်ဂျာကလေးငယ်လေးတွေ ပညာရေးမထိခိုက်စေဖို့နဲ့ စနစ်တကျ ပညာ ဆက်လက် သင်ကြားနိုင်ရေးအတွက် ကျောင်းဆရာတွေနဲ့ ကုလအဖွဲ့တွေဘက်က ဝိုင်းဝန်းကြိုးပမ်းနေကြ တယ်လို့ ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ သင်ထောက်ကူပစ္စည်းတွေအပါအဝင် လတ်တလော ကလေးငယ်အရေအတွက် နဲ့ ကျောင်းဆောင်တွေ ဆက်တိုးချဲ့ပေးဖို့ စခန်းတာဝန်ရှိသူတွေနဲ့ကုလကို တောင်းဆိုထားသလို မြန်မာသင်ညွှန်းတမ်းအတိုင်း ဆက်သင်ကြားနိုင်ရေး ဆောင်ရွက်နေကြတယ်လို့ ပြောပါတယ်။ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။

မြန်မာပြည်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် သိန်းချီ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲ ပါလာတဲ့ ကလေးငယ်တွေ ပညာဆက်လက်သင်ကြားနိုင်ရေးနဲ့ သူတို့အတွက် သင်ထောက်ကူပစ္စည်းတွေနဲ့ စာသင် ကျောင်းတွေ အလုံအလောက်ရနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေကို တောင်းဆိုထား တယ်လို့ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာ ခိုလှုံရောက်ရှိနေတဲ့ ကျောင်းဆရာတွေကပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ကျောင်းဆရာလုပ်ခဲ့ဖူးတဲ့ အခုလက်ရှိမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက် ဘဇားအနီး ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည်ဦးမောင်မောင်က ကလေးတွေ ပညာရေးမထိခိုက်ရအောင်နဲ့ ပညာဆက်လက်သင်ကြားနိုင်ရေး ကုလတာဝန်ရှိသူတွေကို တောင်းဆို ဆောင်ရွက် နေတာနဲ့ပတ်သက်လို့ အခုလိုပြောပြပါတယ်။

"ကျနော်တို့ဒီမှာ ကလေးတွေက ပညာဆက်လက်သင်ကြားနိုင်ဖို့ UNHCR နဲ့ တခြား NGOS အဖွဲ့တွေကို တင်ပြပြီး တော့ ကလေးတွေ ပညာသင်ကြားခွင့်ရဖို့ ကျနော်တို့ကြိုးစားနေပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ် လာတဲ့အချိန်တုန်းက ကျနော်တို့တွေဘက်က ပညာရေးနဲ့ပတ်သက်ပြီးတော့ တင်ပြတာရှိတယ်။ ဒီမှာ ကလေးတွေလည်း အတော်များတယ်။ ဒီမှာ ကျောင်းတွေ ဘာတွေလည်း ဖွင့်ပေးလို့ ဆိုလို့ရှိရင် ဒီမှာရှိတဲ့ ရိုဟင်ဂျာ…တွေက မြန်မာစာနဲ့ တခြား အင်္ဂလိပ်စာ- ဒီမှာရှိတဲ့စာတွေကို သင်ကြားဖို့ ကျနော်တို့ ကြိုးစားနေတယ်။ အဲဒါကို ကျနော်က သင်ပေးချင်တယ်။ အဲဒီ မြန်မာနိုင်ငံက ထွက်ပြေးလာကြတဲ့သူတွေထဲမှာ ….. ကျောင်းသားတွေလည်းပါတယ်။ အဲဒီကျောင်းသားတွေအတွက် ကျနော်တို့က အလယ်တန်း၊ အထက်တန်း၊ မူလတန်းရော အစိုးရဆီက ကျနော်က ခွင့်ပြုချက်တောင်းတယ်။”

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းက တာဝန်ရှိသူတွေ ရိုဟင်ဂျာဒုက္ခသည် စခန်းတွေကို လာရောက်ကြတဲ့အချိန်တိုင်း သူတို့နစ်နာခဲ့ရတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဒုက္ခသည်တွေရဲ့ အခွင့်အရေးတွေကို တောင်းဆိုချိန်တိုင်း ရိုဟင်ဂျာကလေးငယ်တွေ ပညာရေးမထိခိုက်စေဖို့နဲ့ ပညာဆက်လက် သင်ကြားနိုင်ရေးတွေကို အဓိက တောင်းဆိုခဲ့ကြတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇက်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပြပါတယ်။

“ဒီမှာရောက်လာတဲ့ Fortify Right နဲ့ Human Rights အဖွ့ဲက ကူတူပလောင် ဒုက္ခသည်စခန်းကို ရောက်လာပါတယ်။ အဲဒီမှာ မြန်မာနိုင်ငံက အကြပ်အတည်းကိစ္စကိုလည်း ဆွေးနွေးကြတယ်။ နောက် ပညာရေးပိုင်းနဲ့လည်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ပညာရေးအတွက်ကတော့ ဒီမှာ လွတ်လွတ်လပ်လပ် ရှိပါတယ်။ ဒါပေမယ့်လို့ ကျောင်းဆောင်တွေ ဆောက်လုပ်ထားတာ မရှိသေးဘူး။ ဒီမှာ ရှိသလောက်နဲ့ ဒုက္ခသည်စခန်းထဲမှာပဲ လောလောဆယ် သင်ပြပေးနေရတယ်။ စနစ်တကျဖွင့်လှစ်ခွင့်ရရှိဖို့နဲ့ ရှေ့ဆက်ပညာသင်ကြားခွင့်ရရှိသွားဖို့ ကျနော်တို့ ဘက်က တောင်းဆိုခဲ့ကြပါတယ်။”

Cox's Bazar ဒုက္ခသည်စခမ်းတွင်းက ရိုဟင်ဂျာ ကလေးတွေ Arabic ကျောင်းမှာ ကိုရမ်ကျမ်းစာ ရွတ်ဆိုနေစဉ်။
Cox's Bazar ဒုက္ခသည်စခမ်းတွင်းက ရိုဟင်ဂျာ ကလေးတွေ Arabic ကျောင်းမှာ ကိုရမ်ကျမ်းစာ ရွတ်ဆိုနေစဉ်။

လောလောဆယ်မှာတော့ ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ (UNICEF) ရဲ့ အကူညီနဲ့ ပညာသင်ကြားနေ သလို ရခိုင်ဘက်က ထွက်ပြေးလာတဲ့ ကျောင်းဆရာ၊ ဘာသာရေးဆရာတွေရဲ့အကူညီနဲ့မြန်မာစာနဲ့ အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်းတွေဆွဲပြီး ပညာဆက်သင်နိုင်အောင် ကြိုးပမ်းနေကြတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေကပြောပြပါတယ်။

“ဒီမှာကတော့ ဘင်္ဂလားဒေ့ရှ်က အဖွဲ့အစည်းတခုကလည်း ကျောင်းဆောင်တွေ ပညာသင်ကြားခွင့်ပေးထားတာရှိတယ်။ နောက် UNICEF – UNESCO သူတို့ဘက်ကလည်း …တောင်းခံခဲ့တာ ရှိပါတယ်။ နောက် ရှေ့ဆက်ပညာသင်ကြားခွင့်ရရှိဖို့ ကျနော်တို့ဘက်က တောင်းဆိုခဲ့ပါတယ်။ နောက် သင်ရိုးအနေနဲ့ကတော့ မြန်မာစာကို အဓိကဦးစားပေးသင်ကြားခွင့်ရရှိဖို့အတွက် မြန်မာပြည်ကရောက်လာတဲ့ ကျောင်းဆရာတွေကော၊ ဒီမှာ လောလောဆယ် သူတို့က သင်ကြားပေးနေပါတယ်။”

ဦးအီစလံပြောပြခဲ့တာပါ။ ဦးမောင်မောင် ဆက်ပြောပြတာကတော့-

“အခုကတော့ လောလောဆယ် ကျနော်တို့ ဒီမှာရှိတဲ့ UNICEF - အဲဒီမှာရှိတဲ့ NGO တွေက ပညာသင်ကြားဖို့ဆိုပြီးတော့ အဆောင်တွေဘာတွေ ဖွင့်ပေးထားတာရှိတယ်။ တချို့နေရာတွေမှာ။ အဲဒီ နေရာတွေမှာ သူတို့က ကလေးတွေကို ပညာသင်နေတာရှိတယ်။ တချို့နေရာတွေမှာ ၂၀၀ - ၃၀၀ အဲလိုရှိတယ်။ အိမ်ခြေက။ ဒီမှာ ကလေးလည်း တော်တော်များတယ်။ ကလေးတွေအတွက် ဒီမှာ အဆောင်တွေဘာတွေ …ဖွင့်ပေးဖို့ဆိုရင် ဒီမှာရှိတဲ့ ရိုဟင်ဂျာလူမျိုးကမြန်မာစာနဲ့ တခြား အင်္ဂလိပ်စာ တွေကို သင်ပေးဖို့ ကြိုးစားနေတယ်။ အဲဒါကို ကျနော်က သင်ပေးချင်တယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းပေါင်း ၂၀ ကျော်ရှိနေပြီး အဲ့ထဲက စခန်းတချို့မှာ ကလေးငယ်တွေ အတွက် ပညာသင်ဆောင်တွေကို ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒုက္ခသည်စခန်းတွေမှာ မုတ်သုံမိုးရာသီကာလ လေပြင်းမုန်တိုင်းတွေတိုက်ခတ်ပြီး မြေပြိုကျမှုတွေရှိတာကြောင့် ကလေးငယ်တွေရဲ့ စာသင်ကျောင်းဆောင်တွေ ခိုင်ခံမှုရှိအောင်နဲ့ မပြိုကျရအောင် စခန်းတာဝန်ရှိသူတွေ ဘက် က တည်ဆောက်ပေးထားတယ်လို့ဆိုပါတယ်။ မြန်မာပြည်ဘက်က ထွက်ပြေးလာတဲ့ရိုဟင်ဂျာ ဒုက္ခသည် တွေ ကို မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။ မြန်မာနိုင်ငံ ဘက်မှာတုန်း က တော့ ရခိုင်ပြည်နယ်ဘက်မှာ ရိုဟင်ဂျာမူဆလင်တွေဟာ ပညာသင်ကြားခွင့်အတွက် အကန့်အသတ်တွေနဲ့ ပိတ်ပင်တားဆီးမှုတွေရှိခဲ့ပြီး အခုဘင်္ဂလားဒေ့ရှ်စခန်းတွေမှာတော့ ကလေးငယ်တွေ ပညာဆက်လက် သင်ကြား နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းနေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG