သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်းတွေ မုတ်သုံမိုးဒဏ် IRC စိုးရိမ်


မုတ်သုန်ရာသီအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရိုဟင်ဂျာဒုက္ခသည်တွေ သဘာဝကပ်ဘေးနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် အကူအညီတွေ ၂ ဆ လိုအပ်နေတယ်လို့ နိုင်ငံတကာ ကယ်ဆယ်ရေးကော်မတီ IRC ဥက္ကဋ္ဌက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်စခန်းတွေ ရေလွှမ်းသွားနိုင်တဲ့ အခြေအနေရှိနေတာကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးပေါ် ကူညီကြဖို့ Cox’s Bazar ကရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ IRC ဥက္ကဋ္ဌ David Miliband ကတိုက်တွန်းလိုက်တာဖြစ်ပါတယ်။ အကြောင်းစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

မြန်မာနိုင်ငံကနေ ၂၀၁၇ ခုနှစ် August လ နောက်ပိုင်းက ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇ သိန်းနီးပါးလောက်အပြင် အရင်ထဲက ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၂ သိန်းလောက်နေထိုင်နေကြရတဲ့ ဒုက္ခသည်စခန်းတွေဟာ မုတ်သုန်ရာသီကာလအတွင်း သဘာဝကပ်ဘေးကြီးကျရောက်မယ့် အန္တရာယ်ရှိနေတာကြောင့် အရေးပေါ်ကူညီဆောင်ရွက်မှုတွေ လိုအပ်နေတယ်လို့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ IRC ဥက္ကဋ္ဌ David Miliband က ပြောကြားလိုက်ပါတယ်။ မုတ်သုန်ရာသီမှာ လေပြင်းတိုက် မြေပြိုမှုတွေကြောင့် သူတို့ယာယီခိုလှုံနေကြတဲ့ နေအိမ်တွေ ပျက်ဆီးဆုံးရှုံးကုန်မှာကို ဒုက္ခသည်တွေ စိုးရိမ်နေကြသလို သောက်သုံးရေနဲ့ အစားအစာ အလုံအလောက် မရနိုင်တော့မှာကိုလည်း စိုးရိမ်နေကြတယ်လို့ Cox’s Bazar မှာရှိတဲ့ Kutupalong ဒုက္ခသည်စခန်းကို June လ ၄ ရက်နေ့က ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ Mr. Miliband ကပြောပါတယ်။ မြန်မာနိုင်ငံမှာ ထိတ်လန့်စရာ ဖိနှိပ်မှုတွေ ခံကြရတဲ့အကြောင်း ရိုဟင်ဂျာမိသားစုတွေက သူ့ကို ပြောပြကြတယ်လို့လည်း ဆိုပါတယ်။ မြန်မာနိုင်ငံကနေ လွန်ခဲ့တဲ့ ၈ လအတွင်း ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ၇ သိန်းလောက်ရဲ့ အခြေအနေက သူမြင်တွေ့ဖူးသမျှ ဘာနဲ့မှ မတူဘဲ။ မုတ်သုန်မိုးကြောင့် ဒုက္ခသည်တွေခိုလှုံနေရတဲ့ နေအိမ်တွေအားလုံး ပျောက်ပျက်သွားနိုင်တယ်လို့ Mr. Miliband ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာ ပြောထားပါတယ်။

"ဝါရှင်တန်မြို့တော်က လူဦးရေလောက်ရှိတဲ့ လူပေါင်း ၆ သိန်း ၈ သောင်းဟာ ဝါရှင်တန်မြို့တော်ရဲ့ ၁၀ ပုံ ၁ ပုံလောက်သာရှိတဲ့ နေရာမှာ ပြွတ်သိပ် နေနေကြရပါတယ်။ သူတို့နေနေကြရတဲ့ စခန်းတွေကလည်း မနှစ်ကအထိ ဆင်တွေနေကြတဲ့ သစ်တောနေရာကြီးမှာဖြစ်ပါတယ်။ သဲမြေပျော့ပေါ်မှာ တချို့က တဝက်တပျက်ဆောက်ထားတဲ့ တဲအိမ်တွေနဲ့ နေနေကြတာဖြစ်လို့ မုတ်သုန်ရာသီမှာ အားလုံးရေမျောသွားနိုင်တဲ့ စိုးရိမ်စရာ အခြေအနေမျိုးဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ နေရာတွေ ၃ ပုံ ၁ ပုံလောက် ပျောက်သွားနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။"

မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အကြမ်းဖက်မှုတွေကြောင့် သူတို့နေအိမ်တွေကနေ ထွက်ပြေးခဲ့ကြရလို့ စိတ်ဒဏ်တွေခံစားနေကြရတဲ့ ဒုက္ခသည်တွေအနေနဲ့ နောက်ထပ် ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတယ်လို့လည်း IRC ဥက္ကဋ္ဌ David Miliband ကဆိုပါတယ်။

"Bangladesh အစိုးရရဲ့ အားထုတ်ဆောင်ရွက်မှုကြားကပဲ လူသားချင်းစာနာစရာ ဘေးဒုက္ခကြီးဖြစ်မယ့် အန္တရာယ်ကျရောက်နေပါတယ်။ ဒီအရေးကိစ္စကို ဘေးဖယ်ထားလို့ မရပါဘူး။ မဟုတ်ရင် ဒုက္ခသည်တွေအနေနဲ့ ပြီးခဲ့တဲ့နှစ်က ကြုံထားရတဲ့ဘေးဆိုးကြီးအပြင် နောက်ထပ်တကြိမ် ကပ်ဘေးကြီးနဲ့ထပ်ကြုံကြရပါလိမ့်မယ်။"

ရိုဟင်ဂျာတွေအတွက် ၂ ဆတိုးကူညီဖို့ အချိန်ရောက်နေပြီလို့လည်း သူကပြောပါတယ်။ ဒီသီတင်းပါတ်ထဲကျင်ပမယ့် G7 စက်မှုအင်အားကြီး ၇ နိုင်ငံ ထိပ်သီးစည်းဝေးပွဲက အစပြုပြီးစလို့ ထောက်ပံ့ကူညီမှုတွေပေးဖို့ David Miliband ကတိုက်တွန်းထားတာကို IRC ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာဒုက္ခသည်ပြဿနာကို ဖြေရှင်းနေရတဲ့ Bangladesh အစိုးရကို နိုင်ငံတကာအသိုင်းအဝိုင်းက တိုးမြှင့်ကူညီဖို့အရေးကြီးတယ်လို့လည်း ပြောထားပါတယ်။ မုတ်သုန်ရာသီမှာ ရေကြီးလို့ အိမ်သာတွေ ရေလျှံကုန်မယ်ဆိုရင် ရေထုညစ်ညမ်းမှုကြောင့် ရောဂါကူးစက်ပျံ့ပွားမှုကြီး ဖြစ်နိုင်တာကိုလည်း သတိပေးထားပါတယ်။

IRC ဥက္ကဋ္ဌ David Miliband ဟာ အင်္ဂါနေ့မနက်တုန်းကတော့ Bangladesh ဝန်ကြီးချုပ် Sheikh Hasina နဲ့ Dhaka မြို့တော်မှာ သွားရောက်တေ့ွဆုံပါတယ်။ ဒုက္ခသည်တွေကို လူသားဆန်စွာ ခိုလှုံခွင့်ပေးထားတဲ့ Bangladesh အစိုးရကို ချီးကျူး ကျေးဇူးတင်ကြောင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကူညီကယ်ဆယ်ရေး အစီအစဉ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း Mr. Miliband ကပြောကြား ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးသွားကြသူတွေက သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ခေါ်ဝေါ်သုံးနှုန်းပေမဲ့ ဒီအသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံသလို အသိအမှတ်မပြုပါဘူး။ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများလို့ မြန်မာအစိုးရက တရားဝင်သုံးနှုန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG