သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာ ဒုက္ခသည်စခန်း မုတ်သုံမိုးဒဏ်ခံရ


ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲက မုတ်သုန်ရာသီ မိုးသက်မုန်တိုင်းတွေနဲ့ မြေပြိုမှုဒဏ်ခံနေရသူ ၇ ထောင် ကျော်သွားပြီဖြစ်ပြီး မိုးသည်းထန်မှုကြောင့် ဒုက္ခသည် တသိန်းခွဲရေကြီးရေလျှံတဲ့ အန္တရာယ်နဲ့ ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒုက္ခသည်တွေကို ဘေးကင်းရာ ပြောင်းရွှေ့ပေးဖို့လည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ပန်ကြားနေပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မုတ်သုန်ရာသီထဲ စတင်ဝင်ရောက်လာချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေက ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည် တွေ ဘေးဒုက္ခတွေနဲ့ ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"အခုနောက်ဆုံး ရလာတဲ့ သတင်းတွေအရ ဘင်္ဂလားဒေ့ရှ် က ရိုဟင်ဂျာ ဒုက္ခသည် ၇၀၀၀ ကျော်လောက်ဟာ မုတ်သုန်ရာသီစတဲ့ မေလ ၇ ရက် ကနေ ၁၄ ရက် သီတင်းပတ်ထဲမှာပဲ မိုးသက်မုန်တိုင်းတွေ ဒါမှမဟုတ် မြေပြိုတဲ့ ဒဏ်တွေခံနေကြရပါတယ်။ Cox’s Bazaar မှာဆို မိုးရေက ၈ ပေ လောက်တင်နေတာမို့ အဆောက်အဦးပေါင်း ၈၈၃ ခု နဲ့ ဒုက္ခသည် တသိန်းခွဲကနေ ၂ သိန်းလောက် ရေကြီးရေလျှံပြီး မြေပြိုတဲ့ ဒဏ်ခံရမယ့် အနေထားမှာ ရှိနေပါတယ်။ ဒီအထဲက ဒုက္ခသည် ၂ သောင်းခွဲရဲ့ အခြေအနေက ပိုဆိုးပါတယ်။"

ဒါ့ကြောင့် IOM နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများ ဆိုင်ရာအဖွဲ့၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၊ OHCHR လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီးရုံးအပါအဝင် ကုလသမဂ္ဂအဖွဲ့တွေဟာ ဒုက္ခသည်တွေ မုတ်သုန်ရာသီဒဏ်ခံရမှု လျော့ပါးစေဖို့ ပိုပြီး ကြိုးစား လုပ်ဆောင် နေတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေအတွက် လုံခြုံစိတ်ချရတဲ့ခိုလှုံစရာနေရာ လုံလုံလောက်လောက် မရှိတဲ့အတွက် ကုလသမဂ္ဂအနေနဲ့ ကူညီမှုတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်းနဲ့ သူတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကုန်းတွင်းပိုင်းကို ယာယီပြောင်းရွှေ့ပေးနိုင်ရင် ကောင်းမယ်လို့လည်းပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ် နိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း မုတ်သုန်မိုး အန္တရာယ်ကို ရင်ဆိုင်နေရပြီး ဒါအတွက် အတွေ့အကြုံတချို့လည်း ရနေပါပြီ။ ဒါပေမယ့် ဒုက္ခသည်စခန်းတွေရဲ့ လက်ရှိအခြေနေက အနေထားအရရော ပမာဏအရပါ မကြုံစဖူးထူးခြားသလို နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အသိုင်းဝိုင်းကလည်း အန္တရာယ်ကြုံနေရတဲ့ ဒုက္ခသည်အသိုင်းဝိုင်းကို အကာကွယ်ပေးဖို့ အကူညီပေးဖို့ လုပ်နေကြတာပါ။ ဒါပေမယ့် ဒီဒုက္ခသည် တွေကို ကုန်းတွင်းပိုင်းမြေပြန့်နေရာမှာ ယာယီပြောင်းရွှေ့ပေးနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပါ။"

ကုလသမဂ္ဂ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချသူများ ဆိုင်ရာ IOM အဖွဲ့က Joel Millman ကတော့

မုတ်သုန်မိုးကြောင့် ရေကြီးရေလျှံတဲ့ ဒဏ်ခံစားနေရတဲ့ ဘင်္ဂလားဒေ့ရှ် ကျေးရွာတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် သူတို့အဖွဲ့ရဲ့ လုပ်ဆောင်ပေးနေတာတွေနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ ဂျနီဗာ ကုလသမဂ္ဂရုံး သတင်းစာ ရှင်းလင်းပွဲမှာ ခုလိုပြောပါတယ်။

“Cox’s Bazar မှာ ဒီကနေ့ ကျနော်တို့ စလုပ်နေတာကတော့ ပင်မတူးမြောင်းကြီးကို ပြန်ဆည်ပြီး ပြုပြင်နေတဲ့ စီမံကိန်းပါ။ ဒါဟာ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းက ဒေသခံတွေနဲ့ ဒုက္ခသည်တွေ မုတ်သုန်မိုးကြောင့် မကြာခင်မှာပဲ အကြီးအကျယ်ကြုံလာရနိုင်တဲ့ ရေကြီးရေလျှံတဲ့ ဒဏ်ကိုကာကွယ်ဖို့ပါ။ Cox’s Bazar က အူးခီးယား Ukhiya ဒေသမှာ ရှိတဲ့ ၅ မိုင်ခွဲကျော်ရှည်တဲ့ တူးမြောင်းအဟောင်းကြီးကို ရှင်းပြီး ပြန်ပြုပြင်ပေးနေတာပါ။ ဒီဒေသဟာ မိုးသိပ်များလာရင် ရေကြီးတဲ့ဒဏ် ခံကြရတာမို့ ဒါကိုကာကွယ်နိုင်အောင် တူးမြောင်းကနေ ရေစီးကောင်းဖို့ လုပ်ပေးနေတာပါ”

ဒီစီမံကိန်းဟာ IOM က အဲဒီဒေသမှာ ဆောင်ရွက်နေတဲ့ စီမံကိန်းအများအပြားထဲက တခုဖြစ်ကြောင်းလည်း ပြောပါတယ်။ IOM အဖွဲ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံကိန်းအတွက် ဒေသခံ ဘင်္ဂလားဒေ့ရှ် အလုပ်သမား ၅၀ ကိုပါ ငှါးရမ်းပြီး လုပ်ဆောင်နေတာပါ။

ဒီစီမံကိန်းတွေကနေ မုတ်သုန်ရာသီမှာ ရာသီဥတုဒဏ် ပိုပြီး ခံနိုင်ရည် ရှိစေဖို့ တံတားတွေ၊ လမ်းတွေ ဖောက်လုပ်ပေးတာတွေ၊ ရေမလျှံအောင် ကြိုတင်ကာကွယ်တာတွေနဲ့ တောင်စောင်းတွေ ပြိုမကျစေဖို့ ကာကွယ်ပေးတာမျိုးတွေကို အဓိကထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Cox’s Bazar တောင်ပိုင်း မြို့နယ်ခွဲ တခုဖြစ်တဲ့ Taknaf က ဒုက္ခသည် စခန်းတွေမှာ ဆောက်လုပ်ရေးအတွက် အဆင့်မြှင့်တင်ပေးဖို့ပါ IOM ကလုပ်ဆောင်နေသလို ဒုက္ခသည်တွေ လိုအပ်နေတဲ့ အရေးပေါ်ပစ္စည်းတွေဖြစ်တဲ့ တာပေါ်လင်တွေ၊ ဝါးတွေလို ဆောက်လုပ်ရေးပစ္စည်းတွေ၊ အစားအစာ၊ သောက်ရေသန့်နဲ့ ဆေးပစ္စည်းတွေကိုပါ ရရှိအောင် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG