သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးလွတ်လပ်တဲ့ စုံစမ်းရေးကော်မီတီဖွဲ့ဖို့ EU ပါလီမန်တောင်းဆို


အီးယူ ဥရောပပါလီမန်က လွှတ်တော်အမတ်တွေ သတင်းစာရှင်းလင်းပွဲ (VOA)
အီးယူ ဥရောပပါလီမန်က လွှတ်တော်အမတ်တွေ သတင်းစာရှင်းလင်းပွဲ (VOA)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေ တိကျစွာ သိရှိနိုင်ရေးအတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မီတီ ဖွဲ့စည်း စုံစမ်းဖို့နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ ပြင်ဆင်ဖို့ လိုအပ်ကြောင်း အီးယူ ဥရောပပါလီမန်က လွှတ်တော်အမတ်တွေက နေပြည်တော်မှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာအစိုးရကို တောင်းဆိုလိုက်ပါတယ်။ အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ အီးယူ ဥရောပပါလီမန် လွှတ်တော်အမတ်တွေနဲ့ ကော်မီတီအဖွဲ့ဝင်တွေဟာ မြန်မာနိုင်ငံကို ၅ ရက်ကြာ လာရောက် လေ့လာပြီး သူတို့ တွေ့ရှိခဲ့တာတွေကို မြန်မာနိုင်ငံက ပြန်လည် မထွက်ခွာခင် နေပြည်တော်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုနဲ့ အဲဒီရဲ့ နောက်ဆက်တွဲအဖြစ် တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မွတ်ဆလင်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ အခြေအနေတွေကို ကိုယ်တိုင် လေ့လာဖို့ အီတလီနိုင်ငံကိုယ်စားပြု ဥရောပပါလီမန် လွှတ်တော်အမတ် မစ္စတာ Pier Antonio Panzeri ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ရောက်လာခဲ့ကြတာပါ။

သူတို့ရဲ့ ၅ ရက်ကြာ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်မှာ မြန်မာအစိုးရက ဆောင်ရွက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး အစီအစဉ်တွေကို လေ့လာခဲ့ကြသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar ဒေသမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက် လေ့လာခဲ့ကြတာပါ။

မြန်မာနိုင်ငံက ပြန်လည်မထွက်ခွာခင် သူတို့ခရီးစဉ်အတွင်း တွေ့ရှိခဲ့တဲ့ အချက်အလက်တွေ၊ အစိုးရကို အသိပေးလိုတဲ့ အချက်တွေကို နေပြည်တော်မှာ ဒီကနေ့ ညနေပိုင်းက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာမှာ ရခိုင်အရေးအတွက် သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းဖို့ လိုအပ်ကြောင်း ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Pier Antonio Panzeri က ဘာသာပြန်ကတဆင့် အခုလို ပြောကြားခဲ့ပါတယ်။

“ထပ်ခါတလဲလဲ မေတ္တာရပ်ခံ တောင်းဆိုနေခဲ့တဲ့ ကာလတခု ရှိပါတယ်။ အဲဒါက ဘာလဲဆိုတဲ့အခါကျတော့ Independent investigation- လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မီတီ ဖွဲ့စည်းပြီးတော့ ရခိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အချက်အလက် အမှန်တွေနဲ့ သက်သေ အထောက်အထားအဖြစ် တင်ပြပေးနိုင်ဖို့ဘဲ ဖြစ်ပါတယ်။ ဒီလို ကျနော်တို့ လည်ပတ် ကြည့်ရှုပြီးတဲ့အခါမှာ ကျနော်တို့၊ ကျမတို့ ချမှတ်မယ့် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ရေးရာသဘောတရားများ၊ မူဝါဒများဟာ မြန်မာနိုင်ငံသားများကို ထိခိုက် နစ်နာစေမှာ မဟုတ်ဘဲနဲ့ ဒီလုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုသာ သီးသန့် ရည်ရွယ် သတ်မှတ်ပြီးတော့ ထိုက်သင့်တဲ့ နောက်ဆက်တွဲ လုပ်ဆောင်မှုတချို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းက တချို့ကို နိုင်ငံသားဖြစ်ခွင့်ပြုရေးကိစ္စမှာ အဟန့်အတားဖြစ်နေတယ်လို့ ဝေဖန်မှုတွေ ပြောဆိုမှုတွေ ထွက်ပေါ်နေတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ရေး ဥပဒေနဲ့ပတ်သက်လို့လည်း သူက ဘာသာပြန်ကတဆင့် အခုလို ဆက်ပြောပါတယ်။

“၁၉၈၂ နိုင်ငံသားဥပဒေဟာ နိုင်ငံမဲ့ လူစုတရပ် ပေါ်ထွက်လာအောင် ဖန်တီးခဲ့ပါတယ်။ အဲဒီတော့ ဒီနိုင်ငံမဲ့ လူတစုကို သူတို့ရဲ့ ကိုယ်ပိုင် ဝိသေသ လက္ခဏာ Identity အဖြစ် နိုင်ငံသားဖြစ်ခွင့်ဟာ ပေးသင့်တယ်လို့ ကျနော်တို့အနေနဲ့ ယူဆပါတယ်။ နောက်ပြီးတဲ့အခါကျတော့ ဒီမှာ ဘယ်သူက လူနည်းစု၊ ဘယ်သူက လူများစုဆိုပြီးတော့ ခွဲခြားသိနိုင်ဖို့ လိုအပ်တယ်ဆိုတာ သိပါတယ်။ ဒီအချက်အတွက်ကြောင့်ဘဲ ကျနော်တို့ဟာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မီတီတရပ် ဖွဲ့ပြီးတော့ စုံစမ်း စစ်ဆေးခွင့်ပေးဖို့ တောင်းဆိုနေတာ ဖြစ်ပါတယ်။ Independent investigation ကော်မီတီ ဖွဲ့စည်းပေးဖို့ ဒီဟာကြောင့်ဘဲ ကျနော်တို့ တောင်းဆိုရခြင်း ဖြစ်ပါတယ်။”

ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒီခရီးစဉ်ဟာ ဘက်လိုက်မှုမရှိဘဲ ဖြစ်စဉ်ကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့ဖြစ်တဲ့အပြင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေကို ကူညီ ထောက်ပံ့ပေးဖို့လည်းဖြစ်ကြောင်း၊ ဒါကြောင့်လည်း အီးယူအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးခဲ့ပြီးဖြစ်ကြောင်း၊ ဒီခရီးစဉ်ကြောင့် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို မထိပါးစေလိုကြောင်းလည်း Pier Antonio Panzeri က ပြောပါတယ်။

ဒါ့အပြင် ဒီကိုယ်စားလှယ်အဖွဲ့အနေနဲ့ အီးယူနဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးအပေါ် အဆုံးအဖြတ် တစုံတရာပေးဖို့အတွက် လာရောက်ခြင်းမဟုတ်ပဲ မြန်မာနိုင်ငံက အခြေအနေတွေကို လာရောက် လေ့လာယုံ သက်သက်သာဖြစ်ကြောင်း၊ နှစ်ဘက် ဆက်ဆံရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်တွေကို မြန်မာအစိုးရနဲ့ ဥရောပပါလီမန်တို့ကသာ ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒါပေမယ့် ခရီးစဉ်အတွင်း သူတို့သွားချင်တဲ့နေရာတိုင်းကို သွားခွင့်မရတာနဲ့ တွေ့သင့်တဲ့သူ အားလုံးကို တွေ့ခွင့်မရခဲ့တဲ့အပေါ် စိတ်ပျက်မိကြောင်း ကိုယ်စားလှယ်အဖွဲ့ဝင် အမျိုးသမီးက ဘာသာပြန်ကတဆင့် ပြောကြားခဲ့ပါတယ်။

ဒီမိုကရေစီ လူ့ဘောင် အဖွဲ့အစည်းမှာ သတင်းမီဒီယာ အရေးပါမှုနဲ့ ပတ်သက်လို့လည်း အဖွဲ့ခေါင်းဆောင် Pier Antonio Panzeri က ထည့်သွင်း ပြောပါတယ်။ ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ဟာ သတင်းစာရှင်းလင်းပွဲအပြီး မကြာခင်မှာ နေပြည်တော်ကတဆင့် မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG