EU ဥရောပသမဂ္ဂရဲ့ သံတမန်တွေနဲ့ ကုလသမဂ္ဂအရာရှိအချို့ပါဝင်တဲ့ နိုင်ငံတကာ အဖွဲ့တဖွဲ့ဟာ ရခိုင်မြောက်ပို်င်း ဒုက္ခသည်လက်ခံရေးစခန်းတွေကို ဒီကနေ့ သွားရောက်ကြည့်ရှုလေ့လာခဲ့ကြပါတယ်။ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီအစဉ်တွေ ချောချောမွေမွေဖြစ်အောင် EUဘက်ကလည်း အကူအညီပေးလိုတယ်လို့ ဆန္ဒပြုတဲ့ အကြောင်း အဲဒီ အဖွဲ့ကို လိုက်လံပို့ဆောင် ရှင်းပြခဲ့တဲ့ ဒေါက်တာ ဝင်းမြတ်အေးက ဗွီအိုအေကို ပြောပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုသားညွန့်ဦး။ ။EU ဥရောပသမဂ္ဂရဲ့ သံတမန်တွေနဲ့ ကုလသမဂ္ဂ အရာရှိတချို့ကို ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ဒေသတချို့ကို လိုက်ပို့ပြီး ရှင်းပြခဲ့တယ်လို့ သိရပါတယ်ခင်ဗျ။ ဘယ်နေရာတွေကို အဓိက သွားခဲ့ပါသလဲ ဝန်ကြီးခင်ဗျ။
ဒေါက်တာဝင်းမြတ်အေး။ ။ ဒီနေ့က ရာသီဥတုကလည်း ကောင်းတယ်။ ဆိုတော့ တော်တော်လေး နှံ့နှံ့ပြန့်ပြန့် သွားခဲ့တယ်ခင်ဗျ အချိန်လည်းရလို့။ ပထမဦးဆုံး အနေနဲ့ကတော့ ပြန်လည်လက်ခံရေးစခန်းနှစ်ခုကို သွားတယ်။ တောင်ပြိုလက်ဝဲနဲ့ ငါးခူရသွားတယ် နောက်ပြီးတော့ ကြားစခန်း လှဖိုးခေါင်ကိုလည်း ရောက်တယ်။ သုံးနေရာရောက်တယ် အဲ့တာပြီးတော့ ကညင်တန်း စက်မှုဇုံကို ကျနော်တို့ ရောက်တယ်။ နောက်ပြီးတော့ ဒီဘက်ကို တရားဝင်ထွက်ခွာခွင့်ရတဲ့ လမ်း ဝင်ထွက်သွားလာတဲ့လမ်းပေါ့ နယ်စပ်ဂိတ်ကိုရောက်တယ်။ နောက်ပြီးတော့ အပြန်ခရီးမှာ မောင်တောဈေးကို လမ်းမှာတွေ့တော့ သူတို့ကလည်း ဝင်ချင်တယ်ဆိုတော့ မောင်တောဈေးကို ဝင်ကြတယ်။ နောက်ပြီးတော့ ပြန်လာတယ် ဒါပါပဲ ဒီနေ့အတွက်ကတော့။
ကိုသားညွန့်ဦး။ ။EU ဥရောပသမဂ္ဂရဲ့ သံတမန်တွေ အနေနဲ့ တခြား ထူးထူးခြားခြား တွေ့ဆုံတာတွေ ဘာတွေ ရှိပါသလားခင်ဗျ။
ဒေါက်တာဝင်းမြတ်အေး။ ။ မသွားခင်မှာ ကျနော်တို့နဲ့ တွေ့ဆုံတယ်။ တွေ့ဆုံပြီးတော့ ကျနော်တို့ သွားမယ့်ခရီးစဉ်တွေ ပြောတယ်။ အကျိုးအကြောင်းတွေ ရှင်းပြတယ်။ သူတို့သိချင်တာတွေ မေးတယ် နောက်ပြီးတော့ ထွက်သွားကြတယ်။ ပြန်လာပြီးတော့ အေးအေးဆေး စကားတွေ ပြောကြတယ်။ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ အကြံပြုချက်တွေ ပေးတယ်။ ဒါပဲပေါ့။
ကိုသားညွန့်ဦး။ ။EU ဥရောပသမဂ္ဂရဲ့ သံတမန်တွေဘက်က သူတို့ရဲ့ အမြင်ပေါ့ ဘယ်လိုများ တုန့်ပြန်တာမျိုး ရှိပါသလဲခင်ဗျ။ သူတို့ အတွေ့အကြုံနဲ့ပတ်သက်ပြီးတော့။
ဒေါက်တာဝင်းမြတ်အေး။ ။ အခုက ဒီအထဲမှာ ပထမဆုံးအကြိမ် ကြုံတဲ့သူလည်းပါသလို အရင်က သွားခဲ့ဖူုးတဲ့သူလည်းပါတယ်။ သံတမန်တွေရော UN အဖွဲ့အစည်းကတချို့ကရော သူတို့ ပထမပါဖူးတဲ့သူတွေ ပါတော့ သူတို့တွေကတော့ အများကြီးပဲ ပြောင်းလဲတာကို တွေ့ရတယ် ကောင်းမွန်တဲ့အနေအထားတွေကို သူတို့တွေ့ရတော့ အရမ်းကို ကျေနပ်အားရတဲ့ အကြောင်း ပူူးပေါင်းဆောင်ရွက်ချင်တဲ့အကြောင်းတွေ ပြောကြတယ်။
ကိုသားညွန့်ဦး။ ။ အခု ကျနော်တို့ သိရသလောက် ပြည်ထဲရေးဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားနေတယ် အဓိကတော့ ပြန်လာရေးကိစ္စတွေပေါ့။ ဒုက္ခသည်ကိစ္စတွေလည်း ညှိနှိုင်းနေတော့ အဲ့ဒီ့အလားအလာရော ပြန်စနိုင်ဖို့ အလားအလာ ဘယ်လိုရှိသလဲခင်ဗျ။
ဒေါက်တာဝင်းမြတ်အေး။ ။ ကျနော်တော့ မသိသေးဘူး ဒီနေ့သွားတယ်ဆိုတာတော့ သိတယ်။ အဲ့တာလည်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေ ဖြစ်တဲ့အတွက်ကြောင့် ကောင်းမွန်တဲ့ အလားအလာတွေ ရလာမယ်ထင်တယ်။ ဒါပေမဲ့ ကျနော်တို့က အခုမှ ပြန်လာကြတာ လမ်းမှာရှိသေးတယ်လေ ကျနော်က ဒီနေ့ အခြေအနေကို မသိသေးဘူးခင်ဗျ။ ဆိုတော့ ကောင်းမွန်တဲ့ကိစ္စပါပဲ။
ကိုသားညွန့်ဦး။ ။ ဒုက္ခသည်တွေ ပြန်လာမယ့် အခြေအနေရော ဘယ်လိုများ ရှိသလဲခင်ဗျ။
ဒေါက်တာဝင်းမြတ်အေး။ ။ အဲ့တာကတော့ ကျနော်တို့ကတော့ မြန်မြန် ပြန်လာစေ ချင်တယ် ဘာဖြစ်လို့လဲဆိုတော့ ရာသီဥတုကြောင့် မြန်မြန်ပြန်လာစေချင်တယ် မြန်မြန် အဆင်ပြေစေချင်တယ်။ အခု ဒီနေ့သွားတဲ့အဖွဲ့အစည်းတွေကလည်း ကျနော်တို့ လုပ်ထားတာတွေ တွေ့တဲ့အခါကျတော့ သူတို့က မြန်မြန်ဝင်လာရင်ကောင်းမယ်။ သူတို့လည်း ဝိုင်းဝန်းတိုက်တွန်းအားပေးကြမယ်ဆိုတဲ့ပုံစံမျိုးတွေတော့ ပြောသွားတယ်။
ပြည်ထဲရေးဝန်ကြီးတို့အဖွဲ့ သွားတယ်။ နိုင်ငံခြားရေးက အမြဲတမ်းအတွင်းဝန်နဲ့ တခြားသူတွေလည်း ပါသွားတယ်ဆိုတော့ အဲ့တာတွေကလည်း ကောင်းမွန်တဲ့ လက္ခဏာတွေဖြစ်လာမယ်လို့တော့ ကျနော် ထင်တယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်း ထားတာဖြစ်ပါတယ်။
ဒုက္ခသည်တွေ ပြန်လည် စီစစ်လက်ခံဖို့ မြန်မာဘက်က အဆင့်သင့်ဖြစ်နေပေမယ့်၊ တဖက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံဘက်က ရိုဟင်ဂျာဒုက္ခသည် အများစုကတော့ ပြန်လာဖို့ အစီအစဉ်ကို လက်မခံကြသေးပါဘူး။ ဒုက္ခသည်တွေ ပြန်လာဖို့အစီအစဉ်မှာ နိုင်ငံတကာရဲ့စောင့်ကြည့်မှု အထူးသဖြင့် ကုလသမဂ္ဂရဲ့ ကြီးကြပ်ဆောင်ရွက်မှုအတိုင်း ဖြစ်သင့်တယ်လို့လည်း နိုင်ငံတကာမှာ အကြံပြုချက်တွေ ရှိနေပါတယ် ။ အခု သွားရောက်တဲ့ EU ဥရောပသမဂ္ဂ သံတမန်အဖွဲ့ဟာ သူတို့ခရီးစဉ်နဲ့ပတ်သက်လို့ မနက်ဖြန် ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်မယ်လို့ သိရပါတယ်။