သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာစစ်ကောင်စီကို နောက်ထပ်အရေးယူဖို့ ဆန်းစစ်သုံးသပ်နေ”ကန်နိုင်ငံခြားရေးဝန်ကြီး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွင်း ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (၁၂-၁၅-၂၀၂၁)
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (ဝဲ) နဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah တို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနတွင်း ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (၁၂-၁၅-၂၀၂၁)

[[Zawgyi/Unicode]]

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာဖို့အတွက် မြန်မာစစ်တပ်ကို ဘယ်လို ထပ်ပြီး ဖိအားပေးနိုင်မလဲဆိုတာတွေ အမေရိကန်ပြည်ထောင်စုအနေနဲ့ဆန်းစစ်သုံးသပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။ မလေးရှားနိုင်ငံရောက်စဉ် မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာပါ။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် ၁၀ လာကြာတဲ့အခြေအနေမှာ အစုအပြုံလိုက်ဖမ်းဆီးမှုတွေ၊ ဆန္ဒပြသူတွေကို အကြမ်းဖက်မှုတွေနဲ့ အခြေအနေတွေ ပိုဆိုးဝါးလာနေတယ် လို့ နိုင်ငံခြားရေးဝန်ကြီး Blinken က ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထားအရေးယူဆောင်ရွက်လျှက်ရှိပါတယ်။ နောက်ထပ်လည်း ဘယ်လို အရေးယူဆောင်ရွက်နိုင်မလဲ၊ ဘယ်လိုခြေလှမ်းတွေနဲ့ မြန်မာစစ်တပ်ကို ဖိအားပေးနိုင်မလဲဆိုတာတွေ ဆန်းစစ်သုံးသပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ အာဆီယံသုံးနိုင်ငံခရီးစဉ်အဖြစ် မလေးရှားနိုင်ငံရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲသတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုသွားတာဖြစ်ပါတယ်။

“ဘယ်လို နောက်ထပ်လုပ်နိုင်၊ အရေးယူနိုင်မလဲဆိုတာတွေဟာ ရှေ့လာမယ့် သီတင်းပတ်တွေ၊ ရှေ့လာမယ့်လတွေမှာ အရေးကြီးလာမယ်ထင်တယ်။ အကျဉ်းသားတွေလွှတ်ဖို့၊ အကြမ်းဖက်မှုတွေရပ်ဖို့၊ လူသားချင်းစာနာမှုအကူအညီတွေ ပို့ပေးနိုင်ဖို့ စတာတွေအပါအဝင်မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာဖို့ စစ်တပ်ကို တနိုင်ငံချင်းအရရော စုပြီးတော့ပါ အရေးယူဖိအားပေးကြရမှာပါ။”

မြန်မာနိုင်ငံတွင်း နိုင်ငံပိုင် ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းပိုင်းကို အရေးယူဒဏ်ခတ်ဖို့ရော ရှိပါသလားလို့ သတင်းထောက်တွေက မေးမြန်းချက်ကိုတော့ တိုက်ရိုက်ဖြေဆိုခဲ့ခြင်းမရှိပါဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်ဗိုလ်ချုပ်တွေကို တဦးချင်း ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေလုပ်ထားသလို ပိုပြင်းပြင်းထန်အသေးစိတ်ကျတဲ့ အရေးယူမှုတွေအတွက် Burma Act မြန်မာနိုင်ငံဆိုင်ရာဥပဒေမူကြမ်းကိုလည်း လွှတ်တော်မှာ တင်ပြထားပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေကတော့ ရေနံနဲ့ဓါတ်ငွေ့လုပ်ငန်းအပါအဝင် မြန်မာစစ်တပ်ကိုထောက်ပံ့နေတဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ အရေးယူဖို့ တောင်းဆိုထားကြတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ တနိုင်ငံချင်းအရ မြန်မာစစ်တပ်ကိုဖိအားပေးအရေးယူတာတွေရှိနေသလို တဘက်မှာ ကုလသမဂ္ဂအပါအဝင် နိုင်ငံစုံနဲ့တွဲပြီး မြန်မာစစ်ကောင်စီကို ဖိအားပေးတာတွေလည်းရှိပါတယ်။ မြန်မာနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို လက်ခံထားပြီး ဒီအတိုင်းမြန်မာက ဆောင်ရွက်ဖို့ကိုလည်း တွန်းအားပေးနေတာပါ။ အာဆီယံအနေနဲ့လည်း မြန်မာနဲ့ပတ်သက်လို့ ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဆန်းစစ်ကြရမယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သတင်းစာရှင်းလင်းပွဲအတွင်းပြောခဲ့တယ်လို့ အေပီကရေးပါတယ်။ အာဆီယံအခြေခံမူဝါဒမှာ နိုင်ငံအချင်းချင်းကြား ဝင်ရောက်စွတ်ဖက်မှု မလုပ်ရဆိုတာရှိပေမယ့်လည်း အခု မြန်မာ့အရေးကိစ္စမှာတော့ အင်ဒိုနီးရှား၊ မလေးရှား စင်ကာပူနိုင်ငံတို့ဘက်က အတော်လေး တတ်တတ်ကြွကြွရှိနေတာပါ။

မြန်မာနိုင်ငံတွင်းမှာ ၂၀၁၇ ခုနှစ်ကဖြစ်ခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုကို လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရကသတ်မှတ်ဖို့ အမေရိကန်လွှတ်တော်အမတ်တချို့တောင်းဆိုနေတာတွေရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ အခု သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းကြတော့ ဒါကို အမေရိကန်အစိုးရအနေနဲ့ အလေးအနက်စဉ်းစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

“မြန်မာနိုင်ငံကို ဘာတွေ အရေးယူဆောင်ရွက်နိုင်မလဲဆိုတာနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေဖြစ်ခဲ့ဟုတ်မဟုတ်ဆိုတာတွေကို ဆုံးဖြတ်နိုင်ဖို့ ဆန်းစစ်ဆောင်ရွက်မှုတွေ တက်တက်ကြွကြွဆက်လုပ်နေပါတယ်။”

အာဆီယံနဲ့ အမေရိကန်ပြည်ထောင်စုအကြား ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ သမတ Joe Biden က ဖိတ်ကြားထားတယ်လို့သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ လာမယ့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအဆင့် ဆွေးနွေးပွဲမှာ ဆွေးနွေးဖို့ရှိသလို မြန်မာကိစ္စဟာလည်း အာဆီယံဆွေးနွေးပွဲမှာ ဆွေးနွေးမယ့်အကြောင်းအရာတခုဖြစ်လာမယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“သမ္မတဘိုင်ဒန်ရဲ့ ဖိတ်ခေါ်ချက်ကို ကျေးဇူးတင်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံခေါင်းဆောင်တွေ ပါဝင်ကြမယ်ဆိုတာ သေချာပါတယ်။ ဇန်နဝါရီလ ၁၉ ရက်နေ့ ကမ္ဘောဒီးယားမှာလုပ်မယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲတွေမှာလည်း သေချာပေါက် ဆွေးနွေးဖြစ်မှာပါ။ ဒီထိပ်သီးဆွေးနွေးပွဲမှာဆွေးနွေးမယ့်အကြောင်းအရာတွေနဲ့ ရက်အတိအကျတွေကိုတော့ အသေးစိတ်သိရဖို့ စောင့်နေတုန်းပါ။ ဒါပေမယ့် အတွင်းရေးမှူးအပြောအရဆိုရင်တော့ မြန်မာနိုင်ငံကိစ္စ၊ ကပ်ဘေးအလွန်ပြန်လည်နလံထူရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စနဲ့ အာဆီယံနဲ့ အမေရိကန်အကြား ပြည်သူအချင်းအချင်း ဆက်ဆံရေးကိစ္စတွေကတော့ ဆွေးနွေးပွဲမှာ ပါလာနိုင်ဖွယ်ရှိပါတယ်။”

ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာရော အာဆီယံနဲ့ အခြားနိုင်ငံတကာထိပ်သီးဆွေးနွေးပွဲတွေမှာပါ အာဆီယံဘက်က မြန်မာစစ်ကောင်စီအကြီးအကဲကို မဖိတ်ဘဲ ချန်လှပ်ထားပါတယ်။ ဒီကိစ္စအပေါ်မှာလည်း လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက လိုလားပုံမရပါဘူး။ မြန်မာစစ်ကောင်စီဘက်ကတော့ ဒါဟာ မြန်မာနိုင်ငံရဲ့အချုပ်အခြာကိစ္စဖြစ်တာကြောင့် ဝင်ရောက်စွတ်ဖက်တယ်လို့ မြင်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ရဲ့အခု အာဆီယံသုံးနိုင်ငံခရီးစဉ်အတွင်း အင်ဒိုနီးရှားနိုင်ငံသွားရောက်ခဲ့ပြီး မလေးရှားနိုင်ငံကို အခုရောက်ရှိတာပါ။ ဒါပြီးရင်တော့ မြန်မာ့အိမ်နီးချင်းထိုင်းနိုင်ငံကို သွားရောက်မှာပါ။ အင်ဒိုနီးရှားနိုင်ငံရောက်စဉ်မှာလည်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်လာရေးအတွက် မဟာမိတ်နိုင်ငံတွေ မိတ်ဖက်နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]













#MyanmarUS #MilitaryCoup #ASEAN #VOABurmese


=============

XS
SM
MD
LG