သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်စစ်ရေးပြအခမ်းအနား တပ်ချုပ် မတက်နိုင်


၇၄နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား
၇၄နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား

ငြိမ်းချမ်းရေးကြိုးပမ်းနေတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ နားလည်မှု လွဲမှားစေနိုင်တဲ့ ကိစ္စတွေကို ရှေ့တန်းတင် မတောင်းဆိုကြဖို့နဲ့၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ပတ်သက်လို့လည်း AA အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ အုပ်ချုပ်ရေးအာဏာကို ထိပါးတာဖြစ်လို့ တပ်မတော်က ထိထိရောက်ရောက် နှိမ်နင်းသွားမယ့်အကြောင်း ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဒီကနေ့ တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။ နှစ်စဉ်အခမ်းအနားတက်လေ့ရှိတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကတော့ မတော်တဆ ခြေထောက်ဒဏ်ရာကြောင့် ဒီနှစ် မတက်ရောက်နိုင်ခဲ့ပါဘူး။ တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားအကြောင်း ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

မတ်လ ၂၇ရက်နေ့မှာ ကျင်းပတဲ့ ၇၄ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ပုံမှန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တက်ရောက် မိန့်ခွန်းပြောလေ့ ရှိပေမဲ့ ဒီနေ့မှာတော့ တက်ရောက်နိုင် တာမရှိပါဘူး။

ဒီလို မတက်ရောက်နိုင်တဲ့အကြောင်းကို အခမ်းအနားမစမီ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို သတင်း မီဒီယာတွေကို ပြောကြားပါတယ်။

“အဓိကကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မနေ့က ရုံးဆင်းတဲ့အချိန်မှာ ခြေထောက်ချော်သွားတဲ့ အတွက်ကြောင့် ဒူးခေါင်းနာနေတဲ့အတွက်ဖြစ်ပါတယ်။ တပ်မတော်နေ့အခမ်းအနားက တောက်လျှောက် ၁နာရီခွဲ ၂နာရီလောက် မတ်တပ်ရပ်ရတယ်။ မတ်တပ်ရပ်ရတဲ့အတွက်ကြောင့်။ တခြား ကိစ္စ မရှိပါဘူး။”

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မတက်ရောက် နိုင်တာကြောင့် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တပ်စစ်ဆေးတာ၊ မိန့်ခွန်းပြောတာနဲ့ အလေးပြုခံတာတွေကို ကိုယ်စား ဆောင်ရွက် ခဲ့ပါတယ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ မိန့်ခွန်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ပတ်သက်လို့ အခုလို ပြောပါတယ်။

“ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဟာ ပြီးဆုံးခြင်းမရှိသေးတဲ့အတွက် ထပ်မံပေါ်ပေါက် လာမယ့် အချက်များ ကို ခြုံငုံဆောင်ရွက်ပါမှ အခြေခံဥပဒေပြင်ဆင်ရေးဟာ ပိုမိုလေးနက် စေမယ်။ ဒီလို ပြင်ဆင်တဲ့နေရာမှာ မလိုလားအပ်တဲ့ နိုင်ငံရေးအကျပ်အတည်းနဲ့ ဘေးထွက် ဆိုးကျိုးတွေ မဖြစ်စေဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်း နည်းလမ်းများအတိုင်း ဥပဒေနဲ့အညီ အဆင့်ဆင့် လုပ်ဆောင် သွားရမှာပဲဖြစ်တယ်။ ”

ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင်ရွက်ရာမှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA က တဆင့် ဆောင်ရွက်ဖို့နဲ့ NCA မူဘောင်နဲ့အညီ ဆောင်ရွက်ဖို့လည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေတဲ့ ကာလ မှာ နားလည်မှု လွဲမှားစေနိုင်တဲ့ ကိစ္စတွေကို ရှေ့တန်းတင် တောင်းဆိုလာတာတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စများကို ဆွဲသွင်းလာခြင်းတွေ မပြုလုပ်ဖို့ လိုအပ်တယ်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေနဲ့ NCA မူဘောင်နဲ့ အညီ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ပြီး ဒီမိုကရေစီ လမ်းကြောင်း အတိုင်း မှန်မှန်ကန်ကန်လျှောက်လှမ်းရန် လိုအပ်မှာ ဖြစ်တယ်။”

ဆက်လက်ပြီး ၂၀၁၈ ဒီဇင်ဘာလက စတင်ပြီး ၄လတာ အပစ်ရပ်ထားတဲ့ ကာလ အတွင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေတဲ့ လုပ်ငန်းတွေကို ရှောင်ရှားပြီး ငြိမ်းချမ်းရေးအတွက် အမြန်ဆုံးဆွေးနွေးဖို့နဲ့ ၂၀၂၀မှာ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်စေဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းထားသလို ရခိုင်ပြည်နယ် ကိစ္စနဲ့ ပတ်သက်လို့ AA ရဲ့လုပ်ရပ်တွေဟာ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်လို့ ထိထိရောက်ရောက် နှိမ်နင်းသွားမယ်လို့ ပြောကြားပါတယ်။

ဒီမိန့်ခွန်းအပေါ်မှာတော့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက အခုလို ပြောဆိုပါတယ်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရခေါင်းဆောင်တွေ၊ အာဏာရပါတီ ခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင်တွေကြားမှာ မျက်နှာစုံညီ ညှိနှိုင်းဆွေးနွေးဖို့ လိုအပ်တဲ့ အခြေအနေတွေ ရှိနေတယ်ဆိုတာ အထင်အရှားတွေ့နေ ရတယ်။ အဲတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးကို အစိုးရဘက်ကလည်း လိုလားတယ်။ တပ်မတော်ဘက်ကလည်း လိုလားတယ်။ နောက် အာဏာရ ပါတီဘက် ကလည်း လိုလားတယ်။ အဲလို အခြေအနေအောက်မှာ ကွဲလွဲမှုတွေကို အလွတ် သဘောရော၊ အလုပ်သဘောရော အမြန်ဆုံး ညှိနှိုင်းဆွေးနွေးပြီးတော့ တိုင်းပြည်နဲ့ ပြည်သူလူထု မျက်နှာကို ရှေ့ရှုပြီးတော့ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာကို တွေ့ရတယ်။”

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံက ရရှိတဲ့ ပြည်ထောင်စု သဘောတူညီချက် တွေဟာ ဆက်စပ်နေတာကြောင့် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ အလေးအနက် ထား ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေကြောင်းလည်း ထောက်ပြပါတယ်။

NCA ကို လက်မှတ် မရေးထိုးသေးတဲ့ အဖွဲ့တွေက NCA ပြင်ဆင်ဖို့ကို လိုလားနေချိန်မှာ တပ်မတော်ဟာ NCA ကို လက်မှတ်ရေးထိုးဖို့ တောင်းဆိုနေတာဟာလည်း စိန်ခေါ်မှု တစ်ခုအဖြစ် ရှုမြင်ကြောင်း ပြောဆိုပါတယ်။

ဒီကနေ့ ကျရောက်တဲ့ တပ်မတော်နေ့ဟာ ၁၉၄၅ ခုနှစ်က ဖက်ဆစ်ဂျပန်တွေကို တစ်ပြည်လုံး တော်လှန်ခဲ့ကြတဲ့ နေ့ရက်ကို သတ်မှတ် ကျင်းပတာဖြစ်ပြီး အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနဲ့ တစ်ချို့ နိုင်ငံရေး အင်အားစုတွေကတော့ ဖက်ဆစ်တော်လှန်ရေးနေ့ အဖြစ် သတ်မှတ် ကျင်းပတာတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG