သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့တပ်မတော်နေ့ အပေါ် ပြည်ပရောက် တိုင်းရင်းသားတွေအမြင်


၇၃နှစ်မြောက် တပ်မတော်နေ့ (Senior General Min Aung Hlaing)
၇၃နှစ်မြောက် တပ်မတော်နေ့ (Senior General Min Aung Hlaing)

ဒီကနေ့ဟာ မြန်မာနိုင်ငံမှာ ၇၃နှစ်မြောက် တပ်မတော်နေ့အဖြစ် ကျင်းပမယ့်နေ့ပါ။ ခေတ်သစ်မြန်မာ့နိုင်ငံရေးသမိုင်း တလျှောက်လုံးလိုလိုမှာ မြန်မာ့တပ်မတော်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာပါလာခဲ့တာ ဒီကနေ့အထိပါပဲ။ လွတ်လပ် ရေးနဲ့အတူဖြစ်ပေါ်လာခဲ့တဲ့ ပြည်တွင်းစစ်အခုအချိန်ထိ အဆုံးမသတ်နိုင်သေးတာဟာလည်း မြန်မာ့တပ်မတော်နဲ့ တိုက် ရိုက်ပတ်သက်နေတာပါ။ တပ်မတော်နေ့နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတွေအကြားမှာလည်း သဘောထားအမြင်တွေက အမျိုးမျိုးကွဲနေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

မြန်မာ့နိုင်ငံရေးနဲ့ မြန်မာ့တပ်မတော်ဆိုတဲ့အဖွဲ့အစည်းက သမိုင်းတလျှောက်ခွဲပြီးမြင်လို့မရအောင် တွဲပြီးရှိလာနေခဲ့တာပါ။ စစ်တပ်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး တပ်မတော်နေ့ကို တဂုဏ်တယူကျင်းပမှုတွေရှိသလို တပ်မတော်ရဲ့ရပ်တည်ချက် နဲ့ လုပ်ရပ်တွေကို သဘောမကျနိုင်တဲ့သူတွေလည်း အများအပြားရှိပါတယ်။ တပ်မတော်နေ့ဆိုတဲ့ အသုံးအနှုန်းကိုတောင်မှ ခံတွင်း မတွေ့တဲ့သူတွေ အများအပြားရှိနေပါတယ်။

အမေရိကန်ပြည်ထောင်စုအနောက်ဖက်ခြမ်းက ရှမ်းစာပေနဲ့ယဉ် ကျေးမှုအဖွဲ့ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က တပ်မတော်နေ့ဆိုတာကို သူဘယ်လိုမြင်သလဲဆိုတာကို ရှင်းပြပါတယ်။

"မြန်မာတပ်မတော်ဆိုတာ ၁၉၁၇ ခုနှစ်ကတည်းက ရှိခဲ့တယ်။ အင်္ဂလိပ်တွေက ဖွဲ့စည်းထားတဲ့ Burma Rifles ဆိုတာရှိတယ်။ အဲဒီနောက်ပိုင်း Burma Independence Army ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီးတော့ တော်လှန်ရေးစလုပ်ခဲ့တယ်။ ဂျပန်ကိုတော်လှန်ခဲ့တာပေါ့။ ၁၉၄၅ ခုနှစ်မှာ တော်လှန်ရေးနေ့ဆိုပြီး အသိအမှတ်ပြုခဲ့တယ်။ တော်လှန်ရေးနေ့နဲ့ တပ်မတော်နေ့က မတူဘူးဗျ၊ အဓိပ္ပါယ်လည်းမတူဘူး ။ အနှစ်သာရလည်း မတူဘူး။ အဲဒီ တော်လှန်ရေးနေ့မှာ မြန်မာ့တပ်မတော်က တော်လှန်တာ တခုပဲ မဟုတ်ဘူး ဂျပန်ကို တော်လှန်တာ ။ တိုင်းသူပြည်သားအားလုံးပါတယ် လူမျိုးပေါင်းစုံ ပါတယ်။ တပ်မတော်နဲ့ ပြည်သူနဲ့ ပူးပေါင်းပြီးတော့ ဂျပန်ကို တော်လှန်တဲ့အထိမ်းအမှတ်နေ့ဟာ တော်လှန်ရေးနေ့လို့ခေါ်တယ်။ အခု တပ်မတော်နေ့ဆိုပြီးတော့ လုပ်လိုက်တဲ့အခါ ပြည်သူလူထုတွေက မပါတော့ဘူး။”

စစ်တပ်ရဲ့အုပ်ချုပ်မှုနှစ်ပေါင်းအတော်ကြာအောင်ရှိလာခဲ့တဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအရဖြစ်ပေါ်လာတဲ့ အရပ်သား အစိုးရတရပ် အခုရှိနေပြီဆိုပေမဲ့လည်း လွှတ်တော်ရဲ့ ၂၅ရာခိုင်နှုန်းကို စစ်သားတွေကထိန်းချုပ်ထားတာပါ။ မြန်မာ့တပ် မတော်ရဲ့ရပ်တည်ချက်နဲ့ပတ်သက်ပြီး ကချင်အမျိုးသားအစည်းအရုံး KNOရဲ့ အထွေထွေအတွင်းရေးမှူး ခန်းဖါဆာဒန်ရဲ့ အမြင်ကိုကြည့်ရအောင်ပါ။

"တပ်မတော်ဟာ လွတ်လပ်ရေးရပြီးကတည်းကနေ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ်ဆိုတာ ကျနော်တို့အားလုံးလက်ခံပါတယ်။ အဲဒီ အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါထိုက်ပါတယ် ဒါပေမယ့် ‘တပ်မတော်ဟာ အမိ၊ တပ်မတော်သာ အဖ’ ဆိုတာက မဖြစ်သင့်တော့ဘူး။ ‘ပြည်သူတွေသာ အမိ၊ ပြည်သူသာ အဖ’ ဖြစ်သင့်ပါတယ်။ တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ်ဆိုတာလည်း မဖြစ်သင့်တော့ဘူး။ ပြည်သူ အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ်ဆိုတာဖြစ်သင့်ပါတယ်။ လက်ရှိတပ်မတော်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အထက်မှာ ရှိနေပါတယ်။ အဲဒါ မဖြစ်သင့်တော့ဘူး။"

တိုင်းရင်းသားဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ဖြစ်နေတဲ့တိုက်ပွဲတွေ အခုချိန်ထိရှိနေသေးတယ်ဆိုပေမဲ့လည်း မြန်မာစစ် တပ်နဲ့ အပစ်အခပ်ရပ်ဆဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေလည်းရှိ နေတာကြောင့် တပ်မတော်ရဲ့ငြိမ်းချမ်းရေးလုပ်ရပ်တွေအပေါ်မှာ အကောင်းမြင်လို့မရဘူးလားလို့ KNOက ခန်းဖါဆာဒန် ကိုမေးကြည့်ပါတယ်။

“အခုလောလောဆည်ကတော့ အကောင်းမမြင်သေးဘူးခင်ဗျ ၊ စစ်တပ်က ကျနော်တို့ တိုင်းရင်းသားတွေလိုလားတဲ့ ငြိမ်းချမ်းရေးကို ခုတုံးလုပ်ပြီးမှ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုတဲ့ စာချုပ်ကို ဦးစားပေးပြီးတော့မှ လုပ်နေတယ်လို့မြင်တယ်။ ဘာဖြစ်လို့လဲဆိုရင် လွန်ခဲ့တဲ့ လကပဲ KNU တပ်မဟာ ၅ နေရာမှာ စစ်ပွဲပြန်ဖြစ်တယ်ခင်ဗျ။ Ceasefire လက်မှတ်ထိုးထားတဲ့ ကတိတည်စွာနဲ့စောင့်ရှောက်ရမယ်ဆိုတာကို သူတို့က ဖျက်လိုဖျက်ဆီးလုပ်ချင်တဲ့ စိတ်ဓါတ်ရှိတယ်ဆိုတာကို ပြောလို့ရတယ်။ ကျနော်တို့ဒီ ကချင်တပ်မတော် KIA နဲ့ အပစ်အခတ်ရပ်စဲရေးကို လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးအရဖြေရှင်းတဲ့ဟာမပါလာတော့ ကျနော်တို့ စစ်ပြန်တိုက်ရပါတယ်။”

ဒေါက်တာစိုင်းထွေးမောင်ကတော့ မြန်မာ့တပ်မတော်ဟာ နိုင်ငံတော်အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးရဲ့အကျိုးကို ကာကွယ်ပေးတဲ့အဖွဲ့အစည်းတခုအဖြစ်ပြောင်းလဲလာစေချင်နေတာပါ။

“တပ်မတော်နေ့ကို ကျနော်တို့အနေနဲ့လည်း ဂုဏ်ယူပါတယ်။ မြန်မာ့တပ်မတော်ဟာ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ကာကွယ်တဲ့တပ်မတော် ဖြစ်စေချင်တယ်။ အခုအခြေအနေအရပြောမယ်ဆိုရင် မြန်မာ့တပ်မတော်ဆိုရင် ကျနော်တို့ တိုင်းရင်းသားတွေ ကြောက်နေရတဲ့အခြေအနေမှာရှိနေတယ်။ ကျနော်တို့အဲလိုမဖြစ်စေချင်ဘူး။ မြန်မာ့တပ်မတော်ဟာ တိုင်းရင်းသားတွေရဲ့ စီးပွားရေး လူမှုရေး လုံခြုံရေးတွေ အားလုံးကို အထူးပြုစေနိုင်တဲ့ တပ်မတော်ဖြစ်စေချင်တယ်လို့ တိုင်းရင်းသားတယောက်အနေနဲ့ အထူးမေတ္တာရပ်ခံပါတယ်။”

ခန်းဖါဆာဒန်ကလည်း တိုင်းရင်းသားတွေရဲ့အခွင့်အရေးအတွက် ဦးဆောင်ပြီးလုပ်တဲ့ မြန်မာ့တပ်မတော်ဖြစ်လာစေ ချင်တယ်လို့ဆိုပါတယ်။

“အခုဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ ကျနော်တို့ တိုင်းရင်းသားတွေ ရသင့်ရထိုက်တဲ့ တန်းတူအခွင့်အရေး မရလို့ ဖြစ်နေတဲ့ စစ်ပွဲတွေဖြစ်ပါတယ်။ ဒီလက်ရှိတပ်မတော်ဟာ ကျနော်တို့တိုင်းရင်းသားတွေနဲ့ ဆိုရင် အကိုကြီး အဖအရာ တာဝန်ယူပြီးမှ ကျနော်တို့ တိုင်းရင်းသားတွေကို ရသင့်ရထိုက်တဲ့ တန်းတူအခွင့်အရေးကို ဦးစားပေးပြီးမှ လုပ်ခိုင်းစေချင်တယ်။”

မြန်မာပြည်ကသတင်းစာတွေထဲမှာဖေါ်ပြနေကြတဲ့ ၇၃နှစ်မြောက်တပ်မတော်နေ့ဦးတည်ချက်တွေထဲမှာတော့ တနိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရအောင် တပ်မတော်က ပူးပေါင်းဆောင်ရွက်သွားမယ်၊ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဖြစ်လာ အောင် တပ်မတော်က ဆက်ပြီးကြိုးပမ်းသွားမယ်လို့ဆိုပါတယ်။ နိုင်ငံရေးနဲ့ရောထွေးနေတဲ့တပ်မတော်အဖြစ်ကနေ ကာကွယ်ရေးကိစ္စ သီးသန့်ဆောင်ရွက်မယ့် တပ်မတော်အဖြစ်ပြောင်းလဲမယ့်အချက်တော့ အခုထိမမြင်ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG