သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA တခုတည်းသော ငြိမ်းချမ်းရေးလမ်းကြောင်းအဖြစ် တိုင်းရင်းသားအဖွဲ့အချို့လက်မခံ


NCA လက်မှတ်ရေးထိုးပွဲ
NCA လက်မှတ်ရေးထိုးပွဲ

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို အခြေခံပြီးမှ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံအဖြေရှာရေးဆောင်ရွက်ရမှာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်နေ့အခမ်းအနားမိန့်ခွန်းပြောဆိုခဲ့တဲ့အပေါ်၊ တိုင်းရင်းသားလက်နက်ကိုင်အချို့ကတော့ ဒါကို လက်မခံပါဘူး၊ NCA ကို ပြုလွယ်ပြောင်းလွယ်တဲ့အခြေအနေဖြစ်မှာသာ တွေ့ဆုံဆွေးနွေးရေးအတွက် အဆင်ပြေမယ်လို့ ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

(၇၃)ကြိမ်မြောက် တပ်မတော်နေ့ အတွက်ပြောကြားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ပတ်သတ်ပြီး အလေးထားပြောသွား တာကိုတွေ့ရပါတယ်။ NCA မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရကြားမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသွားဖို့လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန်းခွန်းထဲမှာ အခုလိုပြောသွားပါတယ်။

“လက်နက်ကိုင် ပဋိပက္ခတွေ ယနေ့အထိဖြစ်နေတယ်။ ငြိမ်းချမ်းရေး ရရှိဖို့ အစိုးရအဆက်ဆက်လည်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ပြုလုပ်ခဲ့တယ်။ သဘောထားကွဲလွဲမှုတွေကို လက်နက်စွဲကိုင် တောင်းဆိုဖို့ မလိုလားတော့တဲ့အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေး အဖြေရှာရမှာဖြစ်တယ်။ အဲဒီလို တွေ့ဆုံ ဆွေးနွေး အဖြေရှာတဲ့အခါမှာလည်း တိုင်းရင်းသားပြည်သူလူထုရဲ့လိုလားချက်တွေကို လက်တွေ့ကျကျ အကောင် အထည်ဖော်ပေးနိုင်မယ့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်း ကိုအခြေခံပြီး ဆောင်ရွက်ဖို့လည်း လိုအပ်မှာဖြစ်တယ်။ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြတဲ့အခါမှာ မဖြစ်နိုင်တာတွေကို တောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အရှည်မြော်တွေး ညှိနှိုင်းကြတာက ပိုမိုလက်တွေ့ဆန်ကြမှာဖြစ်တယ်။”

NCA ကိုဦးသိန်းစိန် လက်ထက်ကစတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာဖြစ်ပြီး NCAကို ငြိမ်းချမ်းရေးကိစ္စ ညှိနှိုင်းဆွေးနွေး ဖို့အတွက် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် မမြင်ကြောင်းကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC မှပြောရေးဆိုခွင့်ရှိသူ ဦးထွန်းဇော်က ပြောပါတယ်။

“ကျွန်တော်တို့လည်း အခုအချိန်အထိတော့ NCA လမ်းကြောင်းပေါ်မှာ သွားနေဆဲပဲဖြစ်ပါတယ်။ NCA ကိုသွားတဲ့အခါမှာ တပ်ရဲ့ရပ်တည်ချက်နဲ့ အစိုးရရဲ့ ရပ်တည်ချက်က မတူဘူးဖြစ်နေတယ်ပေါ့နော်။ အဓိက ဘာမတူဘူးလဲဆိုတော့ တပ်က NCA နဲ့ပတ်သတ်လာရင် သူက ပြင်လို့၊ ပြုလို့ မရဘူးပေါ့လေနော်။ ပြီးတော့ NCA မှအပတခြားမရှိဘူးပေါ့နော် ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့ အခါမှာ အဲဒီလိုမျိုး တရားသေ သဘောထား ရှိတာကို ကျွန်တော်တို့ တွေ့ရတယ်။ အစိုးရဘက်မှာတော့ အဲဒီလိုမဟုတ်ဘူး၊ အရာအားလုံးကို ညှိနှိုင်း၊ ဆွေးနွေးလို့ရတယ်ဆိုတဲ့ သဘောထားမျိုးကို ပြတယ်ပေါ့နော်။ ဒီလိုမျိုး အစိုးရနဲ့ တပ်မတော်ကြားမှာ မတူညီမှုတွေရှိတယ်။ ဖက်ဒရယ်ကိုသွားဖို့အတွက် NCA ဟာ တစ်ခုတည်းသော လမ်းကြောင်း ဆိုတဲ့ ပုံစံမျိုး ကတော့ တပ်မတော်ရဲ့ ရပ်တည်ချက်ကတော့ဒါ အခုမှပြောတာမဟုတ်ဘူး၊ အရင်ကတည်းကလည်း ပြောနေတယ်ပေါ့ NCA ကိုကျွန်တော်တို့က ကျွန်တော်တို့ကိုယ်တိုင် လုပ်ခဲ့တာဖြစ်တယ်။ NCA မှာအားလုံး ပါဝင်ရေးကို ဖော်ဆောင်နိုင်မှပဲ ကျွန်တော်တို့က အဆင်ပြေမယ်လို့တော့ မြင်တယ်။”

NCA လမ်းကြောင်းကိုပဲ အခြေခံပြီးမှ ငြိမ်းချမ်းရေးဆက်သွားမယ်ဆိုတာကို အဓိကတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့ မြောက်ပိုင်းတိုင်းရင်းသားမဟာမိတ်တွေကလည်း လက်မခံပါဘူး။ NCA မဟုတ်တဲ့ အခြားလမ်းကို ရှာဖွေမယ်လို့ ဆိုထားတာပါ။ NLD အစိုးရကတော့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ NCA မှာမပါလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ခွင့်ရှိမယ်ဆိုတဲ့သဘော မူလက ပြောခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဆက်ပါဖို့ဆိုရင် NCA ထိုးဖို့ တိုင်းရင်းသားတွေကို ဖိအားပေးလာပါတယ်။

လက်ရှိမှာ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားတပ်ဖွဲ့ (၁၀)ဖွဲ့ရှိပြီး လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေတောင် NCA ကိုအကောင်အထည်ဖော်ဖို့ အခက်အခဲတွေရှိနေတယ်လို့ ဦးထွန်းဇော်က ဆက်ပြော ပါတယ်။

“အခုက NCA လမ်းကြောင်းပေါ်မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေ ကိုယ်နှိုက်က NCA ကို အကောင် အထည်ဖော်တဲ့နေရာမှာ အခက်အခဲတွေ ဖြစ်နေတာကို ကျွန်တော်တို့တွေ့ရတယ်ပေါ့လေ။ လက်မှတ်ရေးထိုး ထားတဲ့ အဖွဲ့တွေ ဒါကိုပြန်သုံးသပ်ဖို့ ပြောလာနေတာတွေရှိတယ်။ NCA ကိုပြန်သုံးသပ်ဖို့ ဆိုတာ NCA ကို ကောင်အထည်ဖော်မှုဆိုင်ရာ နဲ့ပတ်သတ်ပြီးတော့မှ NCA ပေါ်မှာ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ နဲ့ပတ်သတ်ပြီး မတူဘူးပေါ့လေနော်။ အစိုးရတပ်မတော်ဘက်က အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများက နားလည်ထားတဲ့ပုံစံတွေ မတူညီတာတွေ ကျွန်တော်တို့ တွေ့ရတယ်။ NCA ရဲ့အခန်း(၁) အခြေခံမူများမှာပါတဲ့ အချက်ကိုပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခဏခဏ ကိုးကားပြီး ပြောနေတာ ကျွန်တော်တို့တွေ့ရတယ်။ အဲဒါကြောင့် တပ်မတော်ကပြောတယ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ကျွန်တော်တို့ ဒီကနေ့တပ်မတော်နေ့ မိန့်ခွန်းမှာ ထည့်ပြောတဲ့ အချက်ကလည်း အဲဒါကို ရည်ညွှန်းပုံရပါတယ်။”

နှိုင်ငံကို ဖက်ဒရယ်စနစ်နဲ့ တည်ဆောက်မည်ဆိုပါက နိုင်ငံရေးဆွေးနွေးပွဲတွေကို အဓိပ္ပါယ်ပြည့်ဝစွာ၊ အနှစ်သာရပြည့်ဝစွာ မဆောင်ရွက်နိုင်သရွေ့တော့ ဖက်ဒရယ်ပြည်ထောင်စုအတွက် အလှမ်းဝေးနေဦးမယ် လို့ တိုင်းရင်းသားအဖွဲ့တချို့ကပြောပါတယ်။

XS
SM
MD
LG