သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုးကန့်တပ်ဖွဲ့နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်ပွား


တပ်မတော်ဘက်က စစ်တိုင်းဒေသ ၅ခုမှာ ၄လတာအပစ်ရပ်ထားတဲ့ကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့နဲ့ တပ်မတော်အကြားမှာ ဒီရက်ပိုင်းတွေ တိုက်ပွဲတွေ ထပ်မံဖြစ်ပွားကြောင်း ကိုးကန့်တပ်ဖွဲ့ဘက်က ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ဘက်က ဒီလ ၄ရက်နေ့က စတင်ဖြစ်ပွားခဲ့ကြောင်း ပြောဆိုပြီး တပ်မတော်ကတော့ ဒီလ ၈ရက်နဲ့ ၉ရက်တွေမှာ ကိုးကန့်တပ်က အတင်းအဓမ္မလူသစ်စုဆောင်းတာနဲ့ နယ်မြေကျော်လှုပ်ရှားတာကြောင့် တိုက်ပွဲဖြစ်ပွားကြောင်းသတင်းထုတ်ပြန်ထားပါတယ်။ ဒီသတင်းကိုတော့ ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ တပ်မတော်ဘက်က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကချင်နဲ့ ရှမ်းပြည်နယ်က စစ်တိုင်းဒေသ ၅ခုမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းကြောင်း ကြေညာအပြီးမှာ ရှမ်းပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ငြိမ်သက်နေရာက ဒီရက်ပိုင်းအတွင်း ထပ်မံဖြစ်ပွားလာတာဖြစ်ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဖုန်းဝင်းနိုင်က အခုလို ပြောပါတယ်။

“ ၄ရက်နေ့က စပြီး အခုထိတောင်ဖြစ်တယ်။ အဓိကကတော့ ကျနော်တို့ ကိုးကန့်ဒေသမှာဖြစ်တယ်။ နောက်ပြီးတော့ မုံးကိုးဒေသဘက်ပေါ့နော်။ သံလွင်မြစ်အနောက်ခြမ်းပေါ့ မုံကျီဒေသဘက်မှာဖြစ်တယ်။ နောက်ပြီးတော့ နောင်ချို နောင်ချိုနဲ့ နီးကပ်နားမှာဖြစ်ပါတယ်။ မြို့နယ်က သိန္နီဘက် ရောက်တယ်။ တိုက်ပွဲက ၁၀ရက်နေ့ ၇နာရီ ၁၀မိနစ်ကနေ ၁၃နာရီ၃၀မိနစ်လောက်ကြာပြီဖြစ်ခဲ့တာ။ အဓိကကတော့ တပ်မတော်က ကျနော်တို့ ထိုးစစ်ဝင်တာပါ။”

ဒီနေ့ထုတ် မြဝတီသတင်းစာမှာတော့ MNDAA အဖွဲ့ဟာ တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုရပ်ဆိုင်းထား တာကို ခွင့်ကောင်းယူပြီး ကွမ်းလုံမြို့နယ်အတွင်းမှာ လူသစ်စုဆောင်းတာ ၉ကြိမ်၊ နယ်မြေကျော်လွန်လှုပ်ရှား တာ ၆ကြိမ်ပြုလုပ်ခဲ့ကြောင်း နဲ့ တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာမှာ ဒီလ ၈ရက်နဲ့ ၉ရက်နေ့တွေမှာ ကွမ်းလုံမြို့နယ် မုံးကျက်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားပြီး MNDAA ရဲ့ ယာယီစခန်းတစ်ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်မှာ တပ်မတော်က စစ်သည်တချို့ ထိခိုက်ဒဏ်ရာရခဲ့ကြောင်းနဲ့ လူသစ်စုဆောင်းခံရသူတွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဆက်လက်ဆောင်ရွက်နေကြောင်း မြဝတီသတင်းစာမှာ ဖော်ပြထား ပါတယ်။

နောက်ဆုံးအခြေအနေကို သိနိုင်ဖို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိခဲ့ပါဘူး။

ကွမ်းလုံမြို့နယ် အုပ်ချုပ်ရေးမှုး ဦးအီနွယ်လှိုင်ပူကတော့ - “ အခုဖြစ်တဲ့နေရာက ကျနော့ မြို့နယ်ကနေ နယ်စပ်ကနေ သွားမယ်ဆိုရင် ၄နာရီလောက် လျှောက်ရမယ်တဲ့။ မုံးယော်၊ မုံးကျက်ဘက်ဖြစ်မယ်ထင်တယ်။ အဲဒါက လားရှိုးမြို့နယ်ထဲ ရောက်သွားပြီ။ ကျနော့ မြို့နယ်ထဲမှာတော့ လောလောဆည်တော့ အေးဆေးပဲ။ အေးဆေးဆို ရွာသားတွေက ကြောက်လန့်တော့ အကုန်လုံး လုံခြုံရေးထိုးပေးထားရတာ အဲလို။ ”

ပြီးခဲ့တဲ့လပိုင်းက ကွမ်းလုံမြို့နယ်အတွင်းမှာ လူသစ်စုဆောင်းခံရသူပေါင်း ၂၄ယောက်ရှိကြောင်းနဲ့ ပြန်လည်လွတ်လာတာမရှိကြောင်း ဆက်ပြောပါတယ်။

TNLA ခေါ် တအန်း(ပလောင်) အဖွဲ့နဲ့ကတော့ တိုက်ပွဲဖြစ်ပွားတာမရှိကြောင်း TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်က ပြောပါတယ်။

“ ကျနော်တို့ ဘက်မှာတော့ ဗမာ့တပ်လှုပ်ရှားမှုက ဒီတိုင်းပုံမှန် အမြဲတမ်းသွားလာမှုတော့ ရှိတယ်။ ဒီ ထိတွေ့မှုကတော့ မရှိဘူးပေါ့နော်။”

ဇန်နဝါရီလ ၂၁ရက်နေ့ကတော့ အစိုးရရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO တို့ဟာ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီလအတွင်းမှာ KIO အပါအဝင် TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့် နဲ့ AA ရခိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတွေ့ဆုံဖို့ သဘောတူထားပါတယ်။

ဒီတွေ့ဆုံပွဲဟာ ဘယ်အဖွဲ့တွေ ပါဝင်ဆွေးနွေးမယ်ဆိုတာ တိတိကျကျ မထုတ်ပြန်သေးပေမဲ့ ပြည်ထောင်စုနေ့ နောက်ပိုင်းမှာ တွေ့ဆုံနိုင်မယ်လို့လည်း ခန့်မှန်းထားကြပါတယ်။

MNDAA အဖွဲ့ရဲ့ ပြောခွင့်ရသူ ဦးဖုန်းဝင်းနိုင်က အပစ်အခတ်ရပ်စဲရေးအတွက် ဆက်သွယ်ဆောင်ရွက်နေပြီး ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC က အကြောင်းကြားလာတာကို စော့င်ဆိုင်းနေကြောင်း ပြောပါတယ်။

“ ကျနော်တို့ကတော့ အခုစပြီး သူတို့နဲ့ ပြန်ချိတ်ဆက်လုပ်နေပြီ၊ အဲဒီ cease fire နဲ့ ပတ်သက်ပြီး ဖြစ်စေချင်တယ်။ဒါပေမဲ့ ကျနော်တို့က FPNCC အဖွဲ့ဝင်ဖြစ်တော့ FPNCC အဖွဲ့ကို ဘယ်လို သတင်းလာမလဲ မသိသေးဘူး။ ကျနော်တို့က အမိန့်ကို စောင့်နေရတာ။”

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းမှာတော့ ဒီလ ၉ရက်နေ့က RCSS ခေါ် ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ SSPPခေါ် ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအကြားဖြစ်ပွားတဲ့တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၇၀၀လောက်ထပ်မံထွက်ပြေးနေရသလို သီပေါမြို့နယ်အတွင်းမှာလည်း ပြီးခဲ့တဲ့လပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် စစ်ရှောင်ပြည်သူ ၅၀၀ကျော်ဟာ ကယ်ဆယ်ရေးစခန်း ၃ခုမှာရာက်ရှိနေပြီး နေရပ်မပြန်နိုင်ကြသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG