သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TNLA တအောင်းတပ်ဖွဲ့နဲ့ တိုက်ခိုက်မှုမရှိကြောင်း တပ်မတော် ငြင်းဆန်


TNLA တပ်ဖွဲ့ဝင်များ
TNLA တပ်ဖွဲ့ဝင်များ

TNLA ဘက်က ထုတ်ပြန်ထားတဲ့ တနင်္လာနေ့က ရှမ်းပြည်နယ်၊ ကွတ်ခိုင်ဒေသဘက်မှာ တပ်မတော်နဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာ မဟုတ်မှန်တဲ့အကြောင်း တပ်မတော်ဘက်က ငြင်းပါတယ်။ သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ဒေသတွေမှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှု တွေကိုရပ်တန့်ဖို့ ညွှန်ကြားချက် ထုတ်ပြီးဖြစ်တယ်လို့လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ TNLA ဘက်ကတော့ တိုက်ပွဲဖြစ်တယ်ဆိုတာ မှန်တဲ့အကြောင်း ထပ်ပြီးတော့ အတည်ပြုပြောဆိုပြီး လက်တွေ့အခြေအနေမှာ ထူးထူးခြားခြားပြောင်းလဲတာ မရှိသေးဘူးလို့ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုဇော်ထက်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။

စစ်ဆင်ရေးတွေရပ်ပြီး ငြိမ်းချမ်းရေးဆောင်ရွက်မယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်အပြီး သုံးရက်အကြာမှာ တအန်း-ပလောင်တပ်ဖွဲ့ TNLA နဲ့ တပ်မတော်အကြား တအန်းပြည်နယ်၊ တပ်မဟာ ၅ နယ်မြေ၊ ကွတ်ခိုင်မြို့နယ်၊ ရွှေမော်အုပ်စု၊ ရွှေမော်ကျေးရွာအနီးမှာ တနင်္လာနေ့မနက်ပိုင်းက နာရီဝက်နီးပါးကြာ တိုက်ပွဲဖြစ်တယ်လို့ TNLA ဘက်က ထုတ်ပြန်တာဟာ မဟုတ်မှန်တဲ့အကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ ပြည်သူ့ ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျွန်တော်တို့နဲ့ကတော့ TNLA နဲ့ တပ်မတော်နဲ့ကတော့ တိုက်ပွဲမဖြစ်တာ သေချာပါတယ်ဗျ။ တစ်ခုရှိတာ ကျွန်တော်တို့ မသိနိုင်တာတစ်ခုက အဲဒီဘက်မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းများတယ်လေ။ အရင်ကလည်း ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့အစည်းတွေရှိနိုင်တယ်။ ပြီးရင် အခုအဲဒီအရှေ့မြောက်နယ်မြေက အရင်ကတည်းက ကျွန်တော်တို့ လက်နက်ကိုင်အဖွဲ့အစည်း များတဲ့ နယ်မြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီပြင်အဖွဲ့အစည်းတွေနဲ့ဖြစ်တဲ့ဟာဆို ကျွန်တော်မပြောတတ်ဘူးပေါ့။ အဲဒီခြွင်းချက်လေးတော့ ရှိတယ်။”

ဒါ့အပြင် သက်ဆိုင်ရာ စစ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေကို ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ လေးလကျော်ကြာ ရပ်ဆိုင်းထားမယ့်အကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ ထုတ်ပြန်ချိန်ကတည်းက သက်ဆိုင်ရာ စစ်ဌာနချုပ်တွေကိုပါ ညွှန်ကြား ထားပြီးဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။

“ကျွန်တော်တို့ရဲ့သတင်းထုတ်ပြန်ချက်မှာ Breaking News မှာလည်း ဒီကြေညာချက် ထုတ်လိုက်တယ် အဲဒီလိုကြေညာချက်ထုတ်ပြီးနောက်ပိုင်း အဲဒီသက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှာ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ရပ်တန့်ရန်အတွက် ညွှန်ကြားချက်ထုတ်ပြီး ဖြစ်ပါပြီဆိုကတည်းက အဲဒီမှာလည်းတခါတည်း သတင်းထုတ်ပြန်လိုက်ပါတယ် အဲံဒီနေ့မှာပဲ“

TNLA အနေနဲ့ အဲဒီလိုထုတ်ပြန်ဖို့ မသင့်ဘူးလို့ ထင်တဲ့အကြောင်း၊ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေလည်း ရှိနေသေးတာကြောင့် ဒီလိုသတင်းမှာ ထုတ်ပြန်တာဟာ ကျန်တဲ့အဖွဲ့တွေပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိလာနိုင်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ဒါပေမဲ့လည်း TNLA ဘက်ကတော့ တနင်္လာနေ့က သူတို့ထုတ်ပြန်ထားတဲ့အတိုင်းပဲ ထပ်ပြီး အတည်ပြုပြောဆိုသလို တပ်မတော် ဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်လိုက်ပြီလို့ ထုတ်ပြန်ထားပေမယ့်လည်း လက်တွေ့မှာ ထူးခြားတဲ့ပြောင်းလဲမှု မရှိသေးဘူးလို့ TNLA ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးမိုင်းအိုက်ကျော်က ဗွီအိုအေကိုပြောပါတယ်။

“ဒီတိုက်ပွဲဖြစ်တယ်ဆိုတာဟုတ်တယ် သေချာပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီနားမှာ မြန်မာ့တပ်မတော်လှုပ်ရှား တာရှိတယ်။ ကျွန်တော်တို့ ပစ်ခတ်မှုပြုတာလည်း မြန်မာ့တပ်မတော်တစ်ဖွဲ့ပဲရှိတယ်။ ကွတ်ခိုင်မြို့နယ်၊ ရွှေမောအထက်ပိုင်း မြန်မာ့တပ်မတော်ကတက်လာတော့ ကျွန်တော်တို့ တပ်ဖွဲ့က ပြန်လည်ခုခံတာဖြစ်တယ်။ အင်အားကတော့ ကျွန်တော်တို့အကုန်မသိရဘူး၊ များတော့များတယ်။ သူတို့က ထိုးစစ်တက်လာလို့ တိုက်ပွဲဖြစ်တာပေါ့နော်။ တကယ့် တကယ်လည်းမြေပြင်မှာ ဘာမှထူးထူးခြားခြားပြောင်းလဲလာတာ မရှိဘူး။ ထိုးစစ်ကတော့ပုံမှန်အတိုင်းပဲရှိတယ်။ တပ်မ ၁၁၊ တပ်မ ၃၃၊ တပ်မ ၉၉ ရယ်၊ ၇၇ရယ်၊ ၈၈ရယ်ပေါ့နော်။ ၅ မ လောက်ရှိတယ်။ ကျွန်တော်တို့ နယ်မြေက အခုပုံမှန်အတိုင်းပဲရှိထားတယ်။ ဒီလိုမျိုးလှုပ်ရှားမှုရှိလာရင် မလွဲမရှောင်သာ တိုက်ပွဲတွေကတော့ ဆက်ရှိနေမှာပဲ။”

တပ်မတော်အနေနဲ့ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ဆေးဆိုင်ရာလှုပ်ရှားမှုတွေကို ကတိပေးထားတဲ့အတိုင်း မြေပြင်မှာ အမှန်တကယ် ရပ်ဆိုင်းထားမယ်ဆိုရင် လက်နက်ကိုင်အဖွဲ့တွေဘက်ကလည်း ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ရှိနေတဲ့ အကြောင်း မိုင်းလား၊ ပလောင်နဲ့ AA တို့ဘက်က တုန့်ပြန် သဘောထားကြေညာချက်တစ်စောင် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ တပြိုင်ထဲမှာပဲ တပ်မတော်ရဲ့ထုတ်ပြန်ချက်အပေါ် စိုးရိမ်မှုတွေကလည်း ရှိနေဆဲပါ။

တပ်မတော်အနေနဲ့ကတော့ အခု အပစ်ရပ်ထားတဲ့ကိစ္စဟာ ကျင်းပဖို့ရှိတဲ့ ပင်လုံညီလာခံအတွက်ပါ ရည်ရွယ်တဲ့သဘောမျိုး ဗိုလ်မှူးချုပ်ဇော်လင်းထွန်းက ချိတ်ဆက်ပြောဆိုပါတယ်။

“ကျွန်တော်တို့ နိုင်ငံတကာမှာလည်း လေ့လာကြည့်ရင် အချိန်အတိုင်းအတာမရှိ အပစ်ခတ်ရပ်စဲသည်ဆိုတဲ့ဟာမျိုး မရှိပါဘူးဗျ။ ကျွန်တော်တို့ အစိုးရလုပ်မယ့် ပင်လုံညီလာခံလုပ်မယ်ဆိုတာ အရင်ကတည်းကဒီဇင်ဘာထဲကရက်ရွှေ့တာလေ။ ဇန်နဝါရီထဲမှာဖြစ်အောင်လုပ်မယ်။ အဲဒီ ညီလာခံနဲ့လည်း အကျုံးဝင်သွားမှာပဲ။ အဲဒီအတွက် တိုးတက်မှုပေါ်မှာမူတည်ပြီး ကျွန်တော်တို့ ဖြစ်လာမှာပါ ။”

အပစ်အခတ်ရပ်စဲရေးကို တပ်မတော်ဘက်က စပြီးထုတ်ပြန်တာကိုတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ကြိုဆိုကြပါ တယ်။ ဒါပေမယ့်လည်း အဖွဲ့အတော်များများက တပ်မတော်အနေနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ကြေညာဖို့ လိုလားကြတာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဒီဇင်ဘာလ ၂၃ ရက် တနင်္ဂနွေနေ့ညက သူ့နေအိမ်ကို လာရောက်ပြီး ခရစ္စမတ်စ် ဓမ္မတေးသီချင်းတွေသီဆို၊ ငြိမ်းချမ်းရေးဆုတောင်းစကားတွေ ပြောကြားခဲ့ကြတဲ့ Catholic Yangon Youth လူမျိုးပေါင်းစုံလူငယ်အဖွဲ့ကို နှုတ်ခွန်းဆက်စကား ပြောတဲ့ထဲမှာ ထာဝရငြိမ်းချမ်းရေးကိုရှေ့ရှုပြီးတော့ ဒေသခံ တိုင်းရင်း သားတွေရဲ့ ဘေးဒုက္ခကိုစာနာပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ကြေညာချက်ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ထည့်သွင်းပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG