သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိစစ်အုပ်စု လမ်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်း လမ်းစဉ် ကွဲပြား


ဗိုလ်ချုပ်အောင်ဆန်း။
ဗိုလ်ချုပ်အောင်ဆန်း။

မြန်မာ့တပ်မတော်ကို စတင် တည်ထောင်သူလည်းဖြစ်၊ အမျိုးသား ခေါင်းဆောင်ကြီးလည်း ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အခန်းကဏ္ဍကို ဒီကနေ့ စစ်တပ်အတွင်းမှာ စနစ်တကျကို မှေးမှိန် ဖျောက်ဖျက်လာနေတာဟာ ဒီကနေ့ စစ်ခေါင်းဆောင်တွေရဲ့ လမ်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လမ်းစဉ် ပြဒါးတလမ်း သံတလမ်း ဖြစ်တယ်ဆိုတာ ပြနေတာပဲလို့ တပ်မတော် အရာရှိဟောင်း တဦးက ပြောပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့တဲ့ အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားတွေကို နိုင်ငံတော်အဆင့်မှာတောင် အကျဉ်းချုံးပြီး ကျင်းပလာသလို အာဇာနည်နေ့ ဗိမာန်ဆိုလည်း လုံခြုံရေးတွေ အထူးတင်းကျပ်တာကြောင့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို သွားရောက် ဂါဝရပြုချင်သူတွေ အဖို့ အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ကြရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်း၊ ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံတွေကိုလည်း အစိုးရ မီဒီယာတွေမှာ မတွေ့သလောက်ပါပဲ။

တပ်မတော်ရဲ့ဖခင်၊ တပ်မတော်ကို ဦးစီးတည်ထောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးတဲ့ အာဇာနည်နေ့ကို တချိန်က တပ်အတွင်း တပ်ရင်းတပ်ဖွဲ့ အခြေစိုက် စခန်းတွေမှာ လေးလေးနက်နက်ကို ပုံမှန် ကျင်းပခဲ့ကြတယ်လို့ စစ်တက္ကသိုလ် အပတ်စဉ် ၁ ဆင်း ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့်က ပြန်ပြောင်း ပြောပြပါတယ်။

“စစ်တက္ကသိုလ်မှာလည်း စစ်တက္ကသိုလ်မှာပေါ့ဗျာ၊ နောက်ပြီးတော့ ဗိုလ်သင်တန်းဆင်းပြီးနောက် တပ်ရင်း တပ်ဖွဲ့တွေ ရောက်သွားတဲ့ အချိန်အခါမှာသော်လည်းကောင်း အာဇာနည်နေ့ လုပ်မယ့်ဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ကြိုတင်ပြီး ဘယ်လိုပုံဖော်မလဲ၊ ခေါင်းဆောင်ကြီးတွေပေါ့၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှာကြားချက်တွေ၊ သူ့ရဲ့ အဆိုအမိန့်တွေ၊ သူ့ရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာတွေ အဲဒါတွေကို ပေါ်လွင်အောင် ဖော်တဲ့ အာဇာနည်နေ့ အခမ်းအနားမျိုး ဖြစ်အောင် ကျင်းပခဲ့ပါတယ်။

“တချို့နေရာတွေမှာဆိုရင် သက်ဆိုင်ရာ တပ်စုမှူး၊ တပ်ခွဲမှူးက မိမိတပ်စု၊ တပ်ခွဲထဲမှာရှိတဲ့ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သား အကုန်လုံးကို ပညာပေးအနေနဲ့ ခေါင်းဆောင်ကြီးတွေရဲ့ မိန့်ကြားချက်၊ လုပ်ဆောင်ချက်၊ သူတို့ရဲ့စိတ်ထား၊ စေတနာ၊ သူတို့ခင်းပေးတဲ့လမ်း၊ ဒါတွေကို အဆင့်အတန်း အကုန်လုံးမှာ ရှင်းပြ၊ ပြောပြပြီးတော့ ဆွေးနွေးပွဲတွေ ဘာတွေ လုပ်ခဲ့တာ ရှိခဲ့ဖူးပါတယ်။”

အခုတော့ ပြင်ပ အရပ်ဘက်မှာတင် မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့တဲ့ စစ်တပ်အတွင်းမှာကို ဗိုလ်ချုပ်အောင်ဆန်း ပုံရိပ်တွေကို ဖျောက်ဖျက်ပစ်ပြီး ဗိုလ်ချုပ်ကျဆုံးတဲ့ အာဇာနည်နေ့တွေကို မကျင်းပဖြစ်သလောက်ပဲလို့ ဦးခင်မောင်ညွန့်က ပြောပါတယ်။ ၆၂ အာဏာသိမ်း စစ်တပ်ဟာ ၇၀ ခုနှစ်ဝန်းကျင် ကာလကတည်းက တပ်ရင်း တပ်ဖွဲ့တွေအတွင်း အာဇာနည်နေ့ နှစ်စဉ်ကျင်းပမှုကို မှေးမှိန်လာအောင် လုပ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများဆိုတဲ့ စကားရပ်မှာတောင် ဗိုလ်ချုပ်အောင်ဆန်း အမည်ကို ဖြုတ်ပစ်လိုက်ပါတယ်။ အခုလို ဗိုလ်ချုပ်အောင်ဆန်းကို ဖျောက်ဖျက်ပစ်နေတာ တကယ်တော့ လက်ရှိ စစ်အုပ်စုရဲ့ လမ်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပ်မတော်အပေါ်ထားတဲ့ လမ်းစဉ်၊ နိုင်ငံအပေါ်ထားတဲ့ လမ်းစဉ် ဖြောင့်ဖြောင့် ဆန့်ကျင်နေတာကြောင့် ဖြစ်တယ်လို့ ဦးခင်မောင်ညွန့်က သုံးသပ်ပါတယ်။

“အာဏာရှင် အဆက်ဆက်ဟာ သူတို့သွားတဲ့လမ်းနဲ့ ကျနော်တို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တဲ့ လမ်းဟာ ဆီနဲ့ရေလို၊ ပြဒါးတလမ်း၊ သံတလမ်းလို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြတော့ ဗိုလ်ချုပ်အောင်ဆန်းရယ်လို့ ပြောလိုက်ရင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရပ်တည်ချက်တွေ၊ သဘောထားတွေ၊ တိုင်းပြည်အပေါ်မှာ သူထားခဲ့တဲ့ စေတနာတွေ၊ လုပ်ဆောင်မှုတွေနဲ့ ဒီနေ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတော့ ဒီဟာကို သူတို့၊ အထူးသဖြင့် တပ်ထဲမှာ ရှိတဲ့လူတွေ အနေနဲ့သော်လည်းကောင်း၊ တို့သွားနေတဲ့ လမ်းကြောင်းဟာ တို့အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ် လုပ်ဆောင်ခဲ့တာတွေနဲ့ တခြားစီ ဖြစ်နေပါပြီလားဆိုတာ မြင်တွေ့မှာကို သူတို့ အင်မတန် ကြောက်ရွံ့တယ်ခင်ဗျ။

“အဲဒါကြောင့် အာဇာနည်နေ့ကို၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို သူ့ရဲ့ မှာကြားချက်တွေ၊ သူ့ရဲ့ ယုံကြည်ချက်တွေ၊ သူ့ရဲ့ ဆောင်ရွက်ချက်တွေ၊ အဲဒါကို မှေးမှိန်ပြီး ပပျောက်အောင် လုပ်တာဟာ အဓိကပဲလို့ ကျနော် ပြောချင်ပါတယ်။”

တပ်မတော်ဟာ တိုင်းပြည်အတွက်ပဲ ဖြစ်စေရမယ်၊ တိုင်းပြည်ဟာ တပ်မတော်အတွက် မဟုတ်ရဆိုတဲ့ စကား ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ပါတယ်။ လက်ရှိ စစ်အစိုးရကတော့ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖလို့ ဆောင်ပုဒ်တပ် ကြွေးကြော်သလို အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ရှိရမယ်လို့ တောင်းဆိုခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအချက်တွေကို ထောက်ပြီး
တပ်မတော် တည်ထောင်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အယူအဆနဲ့ ဒီကနေ့ တပ်တည်ရှိမှု ကွဲလွဲနေပြီလို့ သုံးသပ်ဝေဖန်မှုတွေ ရှိပါတယ်။

XS
SM
MD
LG