သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် ဆက်လက်တင်းမာ


၀တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် ဆက်လက်တင်းမာ
၀တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် ဆက်လက်တင်းမာ

အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ သတ်မှတ်နယ်မြေ ပြင်ပမှာ အခြေစိုက်ထားတာ ရုပ်သိမ်းဖို့ မြန်မာစစ်တပ်က နောက်ဆုံးရက် သတ်မှတ်ထားတာ ကျော်လွန်သွားပေမဲ့ နှစ်ဘက် အပြီးသတ် သဘောတူညီချက်တွေတော့ မရသေးပါဘူး။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ အခြေစိုက် ထားတဲ့ အင်အားကြီး လက်နက်ကိုင် ဝပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) ကတော့ ထိပ်တိုက် ရင်ဆိုင်မှုတွေကို ရှောင်ရှားလိုကြောင်းနဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်လိုကြောင်း ကမ်းလှမ်းထားတာပါ။ အပစ်ရပ် အဖွဲ့တွေနဲ့ မြန်မာစစ်တပ် အကြားက တင်းမာမှု နောက်ဆုံးအခြေအနေတွေ ဘယ်လိုရှိနေသလဲ ဆိုတာ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရဘက်က နှစ်ဘက် အပစ်အခတ် ရပ်စဲစဉ်က သဘောတူ သတ်မှတ်ထားတဲ့ နယ်မြေရဲ့ ပြင်ပမှာ ရောက်ရှိနေတဲ့ UWSA ခေါ် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်တို့ရဲ့ တပ်ဖွဲ့တွေကို ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းဖို့အတွက် ဧပြီလ နောက်ဆုံးပတ်က တောင်းဆိုထားပါတယ်။

ဒီလို တောင်းဆိုခဲ့တဲ့နောက်မှာ ဝတပ်ဖွဲ့အတွင်းမှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူပြီး မြန်မာအစိုးရရဲ့ တောင်းဆိုချက်အပေါ်မှာ ဆွေးနွေးခဲ့ပါတယ်။

အခုအခါမှာတော့ ဝတပ်ဖွဲ့ဘက်က သူတို့တပ်တွေ သတ်မှတ်နယ်မြေ ပြင်ပမှာ ရှိမရှိ ပြန်လည်စစ်ဆေးနေပြီး ဒေသတွင်း အခြေအနေဟာ အခုချိန်ထိ အေးအေးဆေးဆေးပဲ ရှိတယ်လို့ ဝတပ်ဖွဲ့က တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ စစ်ဆေးတုန်းပဲ ရှိပါသေးတယ်။ ဒေသမှာတော့ အေးအေးဆေးဆေးပါ။”

မိုင်းလားတပ်ဖွဲ့ဘက်ကတော့ စစ်စခန်း ၂ ခုလောက်ကို ဧပြီလ ၃၀ ရက်နေ့ မတိုင်ခင်က ရုပ်သိမ်းခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဝတပ်ဖွဲ့ဘက်က သတ်မှတ်နယ်မြေ ပြင်ပမှာ သူတို့တပ်တွေ အခြေစိုက်ထားတာရှိရင် ပြန်လည်ရုပ်သိမ်းမယ်၊ မသိမ်းဘူး ဆိုတာတော့ အတိအကျ ပြောဆိုတာ မရှိပေမဲ့ အရင် စစ်အစိုးရနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းပြီး အစိုးရသစ်နဲ့ ဆွေးနွေးဖို့ လိုလားကြောင်း ဝတပ်ဖွဲ့က တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်က သဘောထားကတော့ ဆက်ပြီးတော့ ငြိမ်းချမ်းရေးကို ထိန်းထားချင်တယ်လေ။ ဗိုလ်ချုပ်ကြီး သိန်းစိန် အစိုးရသစ်နဲ့လည်း ဆွေးနွေးချင်တယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန်ကလည်း သမ္မတတာဝန် ထမ်းဆောင်တဲ့နေ့က မိန့်ခွန်းမှာလည်း ပြောထားတယ်။ နောက်ပြီးတော့ နယ်စပ်ဒေသ တိုင်းရင်းသားတွေ ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာလည်း ပြောသွားတာတွေ ရှိတယ်လေ။ ဒီကိစ္စကို ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးမှာပါ။”

မတ်လ ၂၀ ရက်နေ့ကလည်း ဝတပ်ဖွဲ့ ခေါင်းဆောင်တွေဟာ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေး ဖြေရှင်းဖို့နဲ့ စစ်ရေးနည်းအရ ဖြေရှင်းတာကို မလိုလားကြောင်း ဖော်ပြထားတဲ့ စာတမ်းတစောင်ကို သူတို့ ဌာနချုပ် ပန်ဆန်းကို ရောက်ရှိလာတဲ့ စစ်တပ်အရာရှိ တယောက်ကနေ မြန်မာအစိုးရကို ပေးဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ စစ်တပ်အရာရှိက အဲဒီစာကို ယူဆောင်သွားဖို့ ငြင်းဆိုခဲ့ပါတယ်။

ဝတပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တို့ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင် ပြောင်းဖို့ မြန်မာစစ်အစိုးရက တောင်းဆိုချိန်မှာ ဝနဲ့ မိုင်းလားတပ်ဖွဲ့တွေဘက်က လက်မခံခဲ့တဲ့နောက် ဆက်ဆံရေး အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ လှုပ်ရှားရာ ဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး မြန်မာအစိုးရဘက်က စစ်အင်အား တိုးချဲ့လာတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG