သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလှူဒါန်းမှု အကူအညီပေးနေသူ ဗိုလ်ကြီးဟောင်း အဖမ်းခံရ


သွေးလှူဒါန်းမှု အကူအညီပေးနေသူ ဗိုလ်ကြီးဟောင်း အဖမ်းခံရ
သွေးလှူဒါန်းမှု အကူအညီပေးနေသူ ဗိုလ်ကြီးဟောင်း အဖမ်းခံရ

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ သွေးလှူဒါန်းရေး အဖွဲ့မှာ ကူညီ လုပ်ဆောင်ပေးနေတဲ့ စစ်မှုထမ်းဟောင်း တဦးဖြစ်သူ ကိုနေမျိုးဇင်ကို အာဏာပိုင်တွေက အောင်သပြေ စစ်ကြောရေးကို စနေနေ့က ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့ လုပ်ငန်း အတူတူ လုပ်ကိုင်သူတွေက ပြောပါတယ်။ ဧပြီလ ၄ ရက် တနင်္လာနေ့မှာတော့ ကိုနေမျိုးဇင်ရဲ့ မိသားစုပိုင် အင်တာနက်ဆိုင်ကို အာဏာပိုင်တွေက ထပ်မံ စစ်ဆေးမှုတွေ လုပ်ခဲ့ပြီး ကိုနေမျိုးဇင်ရဲ့ ကွန်ပြူတာကိုလည်း သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တောင်ဒဂုံမြို့နယ် သွေးအကူအညီပေးရေး အဖွဲ့နဲ့အတူ ကူညီ ဆောင်ရွက်ပေးနေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို အာဏာပိုင်တွေက စနေနေ့က ဖမ်းဆီးသွားပြီးတဲ့နောက် ၄ ရက်နေ့မှာတော့ မိသားစုပိုင် အင်တာနက်ဆိုင်ကို ရှာဖွေစစ်ဆေးမှုတွေ ဆက်လုပ်လာခဲ့ကြောင်း တောင်ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှူးလည်းဖြစ် သွေးအကူအညီပေးရေး အဖွဲ့ခေါင်းဆောင်လည်းဖြစ်တဲ့ ကိုညီညီက ဗွီအိုအေကို ပြောပြပါတယ်။

“၁၁ နာရီခွဲလောက်မှာ ရဲမှူးကြီးတယောက် ဦးဆောင်တဲ့ SB တွေပါတယ်၊ အိမ်ထဲမှာ ဓာတ်ပုံရိုက်မယ့်အဖွဲ့ဲ ပါတယ်၊ ပြီးတော့ အင်တာနက်ကို စစ်ဆေးမယ့် ဟက်ကာ (Hacker) လေးတွေ ပါတယ်။ အားလုံးပေါင်း ၈ ယောက်၊ မြို့နယ် မယကက တယောက်ပါတယ်။ ရယက ဥက္ကဋ္ဌ ဦးမြင့်ထွန်း ပါတယ်။ ၈ ယောက်စလုံး သူတို့ လာပြီးတော့ ရှာဖွေစစ်ဆေးတယ်။

“သူကလည်း အင်တာနက်ဆိုင် ဖွင့်ထားတဲ့အတွက် ဒါတွေ သူတို့ မသိမ်းသွားပါဘူးတဲ့။ သူကိုင်နေကျ လက်ပ်တော့ပ် (Laptop) ကိုပဲ ယူသွားမယ် ဆိုပြီးတော့ အဲဒါကို ယူသွားတယ်။ ဘာမှမတွေ့သွားဘူး၊ ဘာမှလည်း မရှိဘူး။ သူ့ လက်ပ်တော့ပ်ထဲမှာ EBook ပေါ့၊ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ စာအုပ်လေးတွေ၊ ဖတ်စရာ မှတ်စရာလေးတွေပဲ၊ ပြီးတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့ အတ္ထုပ္ပတ္တိ စာအုပ်တွေ အဲဒါတွေပဲ သူတို့ ယူသွားတယ်။ အဲဒီ လက်ပ်တော့ပ်လေးပဲ ပါသွားတယ်။”

သူ့ကို ဖမ်းဆီးမှုဟာ သူတို့ လုပ်ဆောင်နေတဲ့ သွေးအကူအညီပေးရေး ကိစ္စတွေနဲ့တော့ သက်ဆိုင်မယ်လို့ မထင်ကြောင်း၊ တပ်မတော်က အနားမယူမီ သူ တာဝန်ထမ်းဆောင်ခဲ့တာကိုလည်း ပြောပြပါတယ်။

“သူလုပ်ခဲ့တာ ပြင်ဦးလွင် စစ်တက္ကသိုလ်မှာ စစ်ဘက် ဥပဒေသင်တန်းတွေ တက်ခဲ့တယ်၊ တိုက်ပွဲ ထောက်လှမ်းရေး သင်တန်းတွေ တက်ခဲ့တယ်၊ နိုင်ငံခြားဘာသာ သင်တန်းတွေ တက်တယ်၊ တပ်မတော် ထိပ်တန်း အရာရှိ သင်တန်းတွေ တက်တယ်။ စစ်ဘက်အရာရှိနဲ့ ဆိုင်တဲ့ သင်တန်းတွေ တက်ရောက် သင်ကြားခဲ့ရတယ်လို့ သူ့ရဲ့ Biography ထဲမှာ ရေးထားတယ်။ ကျန်တဲ့ဟာက ပြစ်မှုကျူးလွန်လို့ ထွက်လိုက်ရတာ ဘာမှမရှိဘူး။ နောက်ဆုံးလုပ်ခဲ့တဲ့ နေရာက တပ်ထိန်းလို့ ပြောတယ်ဗျ။”

ပြစ်မှုတစုံတရာ မရှိဘဲ ၂၀၀၅ ခုနှစ်လောက်ကနေ တပ်မတော်က ထွက်ခွာခဲ့ပြီးနောက် လူမှုရေး လုပ်ငန်းများကို စိတ်ပါဝင်စားစွာ လုပ်ဆောင်ခဲ့ကြောင်းတွေကိုလည်း ကိုညီညီက ဆက်ပြောပြပါတယ်။ ဖမ်းဆီးသွားတဲ့နေ့က အဖြစ်အပျက်တွေကို ပြောပြခဲ့ရာမှာတော့…

“သွေးသွားလှူဖို့ ကျနော် ပြင်ဆင်နေတဲ့ အချိန်မှာ သူ့ကို ကျနော် လှမ်းခေါ်တယ်၊ ကိုနေမျိုးရေ ထွက်လာလိုက်တော့၊ သွေးသွားလှူရမယ်ဆိုတော့ သူက ကျနော် ထွက်လာလို့ မရတော့ဘူးတဲ့၊ ကျနော့်ကို အခု SB က လာခေါ်နေတယ်တဲ့၊ မေးမြန်းစရာရှိလို့ အောင်သပြေ စစ်ကြောရေးကို ကျနော် လိုက်သွားရမယ်တဲ့၊ သူက အဲဒီလို လှမ်းပြောတယ်။”

သူဟာ တပ်မတော်သားဟောင်း ဖြစ်ပေမဲ့ သူတို့နဲ့အတူ လူမူရေး လုပ်ငန်းတွေကို လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ဖမ်းဆီးသွားခဲ့တာဖြစ်ကြောင်း၊ သူဟာ လူမှုရေးကို လုပ်ဆောင်နေတဲ့သူ တဦးသာဖြစ်ပြီး သူဖမ်းဆီးခံရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက ပြန်လည်လွှတ်ပေးဖို့အတွက် မျှော်လင့်နေကြပါတယ်။

XS
SM
MD
LG