မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တည်ဆဲဥပဒေတွေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက် အတော်များများဟာ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့်တွေ၊ သတင်းလွတ်လပ်ခွင့်တွေကို ချုပ်ချယ် တားမြစ်ထားတယ်လို့ လန်ဒန်အခြေစိုက် Article 19 လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီလို ဥပဒေမျိုးတွေကြောင့် ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းလမ်း မကျခဲ့သလို နောက်ပိုင်း မြန်မာ့ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေ အတွက်လည်း ဒီဥပဒေတွေက အတားအဆီး ဖြစ်နေဦးမယ်လို့ ဝေဖန်ပါတယ်။ Ariticle 19 အဖွဲ့ဟာ ဒီအစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေကို ပေးပို့ပြီး ဒီကိစ္စကို လာမယ့် ဇန်နဝါရီလ ၂၇ ရက်နေ့ မြန်မာ့လူ့အခွင့်အရေး အခြေအနေ သုံးသပ်စိစစ်မှုမှာ ထည့်သွင်း ဆွေးနွေးပေးဖို့ ပန်ကြားနေပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံ အခြေအနေကို လူ့အခွင့်အရေးကောင်စီ အလုပ်အဖွဲ့ အနေနဲ့ အခု ၂၇ ရက်နေ့ လူ့အခွင့်အရေး သုံးသပ်မှုတွေ လုပ်တဲ့အခါ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ကန့်သတ်ပိတ်ဆို့နေတဲ့ ဥပဒေတွေ ဖျက်သိမ်းပေးရေးကိစ္စ ဖိအားပေးကြဖို့ ဒီအစည်းအဝေးကို တက်မယ့် လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို Article 19 အဖွဲ့က အခု ဂျီနီဗာမှာ လိုက်လံတွေ့ဆုံ တိုက်တွန်းနေပါတယ်။
မြန်မာနိုင်ငံဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်တွေ ပိတ်ပင်တဲ့ကိစ္စမှာ ကမ္ဘာ့နိုင်ငံတွေအကြား အဆိုးဆုံးနိုင်ငံ တနိုင်ငံ ဖြစ်နေသလို သတင်းမီဒီယာတွေအပေါ် ကန့်သတ်ချုပ်ချယ်မှု အတင်းကျပ်ဆုံး နိုင်ငံလည်း ဖြစ်နေတယ်လို့ Article 19 အဖွဲ့က ထောက်ပြပါတယ်။ အဓိက အချက်ကတော့ အခုလက်ရှိ ဖွဲ့စည်းပုံပါ အချက်အချို့ဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို ထိထိရောက်ရောက် ပိတ်ပင်ထားသလို ဒီမိုကရေစီနိုင်ငံ ဖြစ်လာရေး အတွက်လည်း အနှောင့်အတား ဖြစ်စေတယ်လို့ Article 19 အဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ အိုလီဗာ စပန်ဆာ (Oliver Spencer) က ပြောပါတယ်။
“အခုလက်ရှိ ဖွဲ့စည်းပုံပါ ပုဒ်မ ၆၊ ပုဒ်မ ၃၈၂၊ ပုဒ်မ ၂၀(င)၊ ပုဒ်မ ၃၆၄၊ ပုဒ်မ ၂၆၅၊ ဒီပုဒ်မ ၅ ခုဟာ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေကို ချိုးဖောက်ထားပါတယ်။”
ဒီအချက်တွေကို အစီရင်ခံစာ ပြုစုပြီးတော့ လူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ကိုယ်စားလှယ်တွေကို လိုက်လံရှင်းပြနေတယ်လို့ အိုလီဗာ စပန်ဆာက ပြောပါတယ်။ ဒီဥပဒေတွေကြောင့်ပဲ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်း မကျခဲ့ဘူးလို့လည်း သူက ထောက်ပြပါတယ်။
“ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ တရပ်အတွက် လိုအပ်ချက်တွေ၊ နောက် ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို အခြေခံပြီး ထောက်ပြထားပါတယ်။ ဒီဥပဒေတွေ အားလုံးဟာ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်တွေနဲ့ မီဒီယာ လွတ်လပ်ခွင့်တွေကို ကန့်သတ် ထိန်းချုပ်ထားပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲ မဖြစ်ခဲ့ပါဘူး။ မီဒီယာတွေရော နိုင်ငံရေးသမားတွေပါ လွတ်လပ်စွာ ပြောဆိုခွင့်တွေ မရခဲ့ပါဘူး။”
အခု Universal Periodic Review (UPR) ဟာ ပထမဆုံး အကြိမ်အဖြစ် မြန်မာ့အရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ NCGUB အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာသောင်းထွန်းကတော့ UPR ဆွေးနွေးပွဲကနေ တစုံတရာ အဖြေမထုတ်နိုင်ပေမဲ့ လာမယ့် လူ့အခွင့်အရေးကောင်စီ ညီလာခံ မြန်မာ့အရေး ဆုံးဖြတ်ချက်အတွက် အဓိက ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။
“အခုဆိုရင် နိုင်ငံတွေက ကြိုတင်မေးထားတဲ့ မေးခွန်းတွေ ထွက်နေပါပြီ။ ဒါကို နအဖအနေနဲ့ ဖြေကြားရမယ်။ အဲဒီလို ဖြေကြားပြီးတဲ့ နောက်ပိုင်းမှာ ညှိနှိုင်းရေးအဖွဲ့ကနေပြီးတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သက်လို့ သုံးသပ်ချက် မူကြမ်းတစောင်ကို သူတို့ ပြုစုမယ်၊ အကြံပြုချက်တွေလည်း ပါမယ်ပေါ့။ ဒါပေမဲ့ ဒီမူကြမ်းကို ဇွန်လမှာလုပ်မယ့် အစည်းအဝေးကျမှပဲ အတည်ပြုမှာ ဖြစ်ပါတယ်။”
တကယ်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရော အရင် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ကပါ ဆုံးဖြတ်ချက်တွေ အတန်တန် ချမှတ်ခဲ့ဖူးပေမဲ့ မြန်မာအစိုးရဘက်ကတော့ ဒါတွေအားလုံးကို လျစ်လျူပြုခဲ့ပါတယ်။ Article 19 အဖွဲ့က အိုလီဗာကတော့ မြန်မာ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ဆိုရင် အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းချက်တွေထက် ဒေသတွင်း ကြိုးပမ်းချက်တွေက ပိုအရေးကြီးမယ်လို့ ယူဆပါတယ်။
“တကယ်တမ်း အပြောင်းအလဲတွေ လုပ်နိုင်ဖို့ ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ဆက်စပ်နေတဲ့ ဒေသတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းပဲ ဖြစ်ပါလိမ့်မယ်။ နည်းလမ်း ၃ သွယ် ရှိပါတယ်။ တခုကတော့ အိန္ဒိယနိုင်ငံ အနေနဲ့ မြန်မာနဲ့ ပိုထိစပ်ပြီး လူ့အခွင့်အရေးကိစ္စ ဖိအားပေးဖို့ပါ။ ဒုတိယနည်းကတော့ တရုတ်အနေနဲ့ နိုင်ငံတကာမှာ ဦးဆောင်မှု ပေးနိုင်တဲ့ နိုင်ငံအဖြစ် ရပ်တည်ပြီး မြန်မာနဲ့ မြောက်ကိုရီးယားလို နိုင်ငံတွေကို အကာအကွယ် ပေးတာတွေ ရပ်တန့်ဖို့ပါ။
“တတိယနည်းကတော့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာမယ့် အင်ဒိုနီးရှားနိုင်ငံပါ။ အင်ဒိုနီးရှားအနေနဲ့ သူ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူတဲ့အချိန်မှာ လူ့အခွင့်အရေး ကိစ္စတွေကို ပိုပြီး ဦးစားပေးမယ်လို့ ပြောထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအရေးဟာ အာဆီယံအတွက် အရှက်ရစေတဲ့ ကိစ္စပါ။”
ဒါပေမဲ့လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံ ကိုယ်တိုင်က ပြည်တွင်းမှာ ပြဿနာတွေ ရင်ဆိုင်နေရသလို အိန္ဒိယနိုင်ငံကလည်း အာရှနိုင်ငံတွေနဲ့၊ အထူးသဖြင့် မြန်မာနဲ့ သံတမန် ဆက်ဆံရေးပိုင်းမှာ လူ့အခွင့်အရေး ကိစ္စတွေကို သိပ်မပြောလိုတော့ပါဘူး။ အာဆီယံ အသင်းကြီးက မကြာခင်က ပြဋ္ဌာန်းလိုက်တဲ့ အာဆီယံ ပဋိညာဉ်ထဲမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ထည့်သွင်းထားပေမဲ့လည်း အာဆီယံအသင်းဝင် နိုင်ငံအများစုဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျယ်ကျယ်လောင်လောင် ပြောလေ့မရှိပါဘူး။
ဒါကြောင့်လည်း အခု မြန်မာ့အရေး UPR အစည်းအဝေးအတွက် မေးခွန်းတွေ ထုတ်ထားတဲ့ နိုင်ငံတွေကို ကြည့်ရင် အနောက်နိုင်ငံတွေ အများစု ဖြစ်နေတာ တွေ့ရပြီး မေးမြန်းတဲ့ အာရှနိုင်ငံ အချို့ကလည်း ဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အရေးတွေကိုပဲ အလေးပေး ဆွေးနွေးထားကြပါတယ်။