သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ဖို့ အာဆီယံ တိုက်တွန်း


ရွေးကောက်ပွဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ဖို့ အာဆီယံ တိုက်တွန်း

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အရေးပါတဲ့ ခြေလှမ်းတရပ်အဖြစ် အသုံးချ လုပ်ဆောင်ဖို့ အာဆီယံ အသင်းကြီးရဲ့ အထွေထွေ အတွင်းရေးမှူးချုပ်က မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်းက လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြား ဖြစ်ပေါ်နေတဲ့ သဘောထား ကွဲပြားမှုတွေလည်း ပြေလည်သွားလိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်တဲ့အကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က ပြောတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် ရွန်ကော်ဘင် (Ron Corben) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံ အသင်းကြီးရဲ့ အဖွဲ့ဝင် ဖြစ်လာတုန်းက အာဆီယံ ခေါင်းဆောင်တွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ၀ိုင်းဝန်း ဝေဖန်ခဲ့ကြပါတယ်။

ဖိလစ်ပိုင်၊ မလေးရှားနဲ့ စင်ကာပူလို အဖွဲ့ဝင် နိုင်ငံတွေက တိုင်းပြည်အတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ဖိအားပေး ပြောဆိုလာကြတဲ့အတွက် အာဆီယံ အတွင်းထဲမှာတင် သဘောထား ကွဲပြားမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ တခြား အဖွဲ့ဝင် နိုင်ငံတွေ၊ အထူးသဖြင့် လာအိုနဲ့ ကမ္ဘောဒီးယားလို နိုင်ငံတွေကတော့ အဲဒီလို မမြင်ပါဘူး။

နှစ်ပေါင်းများစွာ ဖိအားပေး ပြောဆိုခံရပြီးတဲ့ နောက်မှာတော့ အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ် အဖြစ်နဲ့ လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့မှာ လွှတ်တော် ရွေးကောက်ပွဲ ကျင်းပပေးဖို့ စစ်အစိုးရက ကြေညာလိုက်ပါတယ်။ ဒီရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွင်း အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံတကာက စွန့်ပယ်ထားတဲ့ အခြေအနေတွေကို ပြေလည်သွားစေလိမ့်မယ်လို့ သူမျှော်လင့်တဲ့အကြောင်း ဆူရင် ပစ်ဆူဝန်က ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။

“နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ပူးပေါင်း လုပ်ဆောင်တဲ့အခါ၊ ထိတွေ့ဆက်ဆံတဲ့ အခါတွေမှာ အာဆီယံအတွက် မြန်မာနိုင်ငံဟာ အဓိက ပြဿနာ ဖြစ်နေပါတယ်။ ဒီပြဿနာကို ကျနော်တို့ ပြေလည်ချင်လှပါပြီ။ အဲဒါကို ပြေလည်အောင်လုပ်ဖို့ တခုတည်းသော နည်းလမ်းကတော့ အခုကျင်းပမယ့် ရွေးကောက်ပွဲကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ဖို့ အတိုင်းအတာ တခုအထိ အထောက်အကူ ဖြစ်စေဖို့ပါပဲ။”

ဒါ့အပြင် မြန်မာနိုင်ငံသား အများစုက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်ပြုဖို့လည်း လိုပါတယ်လို့ ဆူရင် ပစ်ဆူဝန်က ပြောပါတယ်။

လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကတော့ ဒီရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်ပြီး စစ်အစိုးရ သက်ဆိုးရှည်အောင် လုပ်ဆောင်တဲ့ ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။ အသစ်ဖြစ်ပေါ်လာမယ့် လွှတ်တော်အတွင်းမှာ စစ်တပ်က အမတ်နေရာ ၂၅% သေချာပေါက် ရရှိမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ဥပဒေတွေကို တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားတာကိုက အဓိက နိုင်ငံရေး အတိုက်အခံ ပါတီကြီးဖြစ်တဲ့ NLD နဲ့ တခြား နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် ရည်ရွယ် လုပ်ဆောင်ထားသလို ဖြစ်နေပါတယ်။ နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းကျခံနေရသူတွေ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရအောင် စစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို ထုတ်ပြန်ထားပါတယ်။ အဲဒီလို တင်းကျပ်တဲ့ ဥပဒေတွေ ထုတ်ပြန်ထားတဲ့ အတွက်လည်း NLD က ရွေးကောက်ပွဲ ၀င်ရေးအတွက် ပါတီကို မှတ်ပုံမတင်ဘဲ နေခဲ့တာကြောင့် နောက်ပိုင်းမှာ တရားဝင်ပါတီအဖြစ် ဆက်လက်ရပ်တည်လို့ မရဘူး ဖြစ်သွားခဲ့ပါတယ်။

နယ်စပ်ဒေက လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစုတွေ အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ဒေသတချို့မှာ ရွေးကောက်ပွဲ မကျင်းပဖို့ စစ်အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အစိုးရတရပ် ပေါ်ပေါက်လာရေးအတွက် ဖြစ်တယ်လို့ ဆူရင် ပစ်ဆူဝန်က ပြောပါတယ်။

“အခုဆိုရင် ရွေးကောက်ပွဲရက်လည်း သတ်မှတ်ပြီးပြီ၊ တကယ်ကို ကျိန်းသေပေါက် ဖြစ်တော့မယ်ဆိုပြီး စိတ်အေးလက်အေး ဖြစ်နေကြပြီ။ နိုင်ငံတကာက လက်ခံ အသိအမှတ် ပြုပြီးပြီဆိုရင် ထိထိရောက်ရောက် အလုပ်လုပ်နိုင်တဲ့ အစိုးရတရပ် ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့တော့ မျှော်လင့်ပါတယ်။ ဒါတွေအားလုံးဟာ တကယ့်အဖြေမှန် ထွက်မလာခင် စပ်ကြား ကြိုတင် မှန်းဆမှုတွေသာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အာဆီယံနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကြား ဆက်ဆံရေးအတွက် ပြဿနာအဖြစ် ဆက်ရှိမနေတော့ဘူးလို့တော့ ကျနော်တို့ မျှော်လင့်ပါတယ်။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန် ပြည်ထောင်စု အပါအ၀င် နိုင်ငံ တော်တော်များများက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ထားကြပါတယ်။ တိုင်းပြည်အတွင်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ အမေရိကန်၊ EU နဲ့ အာဆီယံ အပါအ၀င် တိုင်းပြည် အတော်များများက ဖိအားပေး ပြောဆိုနေကြတာပါ။ ဒါပေမဲ့ ပြောင်းလဲမှုတွေတော့ သိပ်မတွေ့ရပါဘူး။ စစ်အစိုးရဟာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြသလို လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကိုလည်း ပိတ်ပင်ထားတယ်လို့ ဝေဖန် ပြောဆိုနေကြပါတယ်။

XS
SM
MD
LG