သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာမှာတာဝန်ခံမှုရှိစွာ ရင်းနှီးမြှုပ်နှံဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဖိတ်ခေါ်


မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အလားအလာရှိတဲ့ နောက်ဆုံးဈေးကွက် တရပ်ဖြစ်တာမို့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ စင်္ကာပူနိုင်ငံမှာ တနင်္လာနေ့က ကျင်းပတဲ့ အာဆီယံ စီးပွါးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး (ASEAN Business and Investment Summit – 2018) မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ကြားလိုက်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုတွေ အတွက် တာဝန်ခံတာဝန်ယူမှုရှိကြဖို့လည်း သတိပေးလိုက်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ဖို့ စင်္ကာပူနိုင်ငံကို ၄ ရက်ကြာခရီးသွားရောက်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပထမနေ့မှာပဲ ABIS အာဆီယံ စီးပွါးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့တာပါ။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် နိုင်ငံတကာက စီးပွါးရေးအကြံပေးတွေ၊ စီးပွါးရေး လုပ်ငန်းရှင်တွေနဲ့ စီးပွါးရေးပညာရှင်တွေ တက်ရောက်လာကြတဲ့ ABIS အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ အလားအလာရှိတဲ့ နောက်ဆုံးဈေးကွက်တရပ်ဖြစ်တာမို့ လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဈေးကွက်ပွင့်လင်းလာရေးအတွက် အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပါပြီ။ ကျမတို့နိုင်ငံကို အရှေ့တောင်အာရှရဲ့ အလားအလာရှိတဲ့ နောက်ဆုံးဈေးကွက်လို့ ခေါ်ကြပါတယ်။ ဒီလိုခေါ်တဲ့အတိုင်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုအတွက် အခွင့်အလမ်းတွေ အများအပြားရှိပါတယ်။ အချို့ကမြင်သာပါတယ်။ အချို့ကတော့ အမျှော်အမြင်ကြီးမှုနဲ့ ဖြစ်စေ တွေးခေါ်ကြံဆမှုနဲ့ ဖြစ်စေတွေ့မြင်နိုင်ပါတယ်။ ကျမတို့ နိုင်ငံကို အရှေ့တောင်အာရှမှာ အလားအလာရှိတဲ့ နောက်ဆုံးဈေးကွက်လို့ ဘာကြောင့် ခေါ်တယ် ဆိုတာကို ရှင်းပြပါရစေ။ ကျမတို့မှာ မြေရှိသလို လူငယ်လုပ်အားရှင်တွေလည်း ကောင်းကောင်း ရှိပါတယ်။ ဒါ့အပြင် ကျမတို့ဆီမှာ မဖေါ်ထုတ်ရသေးတဲ့ သယံဇာတ အရင်းအမြစ်တွေ အများကြီးရှိပါတယ်။ ဒါတွေကို ဖေါ်ထုတ်ဖို့ပဲဖြစ်ပြီး အမြတ်ထုတ်တာမျိုး ဆိုရင်တော့မကောင်းပါဘူး။ တကယ်တော့ ဖေါ်ထုတ် စူးစမ်းမှုဟာ စိတ်ဝင်စားဖို့ကောင်းသလို ဝင်ငွေလည်း တိုးလာစေမယ့်အပြင် ကျမတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်လာဖို့ အထောက်အကူ ပေးမှာ ဖြစ်ပါတယ်။”

အခုလို အရင်းအမြစ်တွေ ဖေါ်ထုတ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်ကူချောမွေ့အောင် အားလုံးပါဝင်ပြီး ပြည်သူကို ဗဟိုပြုတဲ့ စီးပွါးရေးမူဝါဒတွေ ချမှတ်ခဲ့သလို ရင်းနှီးမြှုပ်နှံသူတွေအတွက် ပိုအဆင်ပြေစေမယ့် အခြေနေကောင်းတွေ ဖြစ်လာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေ ချမှတ်လုပ်ဆောင် ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကိုပါ ပြဌာန်းခဲ့တယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံဘက်က အခုလို ရင်းနှီးမြှုပ်နှံသူတွေ အဆင်ပြေချောမွေ့ဖို့အတွက် ဆောင်ရွက်နေသလို ရင်းနှီးမြှုပ်နှံသူတွေ ဘက်ကလည်း တာဝန်ခံတာဝန်ယူမှု ရှိတဲ့ ရင်းနှီးမြှုပ်နံှမှုတွေ လုပ်ဆောင်ဖို့ပါ သတိပေးခဲ့ပါတယ်။

"မြန်မာနိုင်ငံမှာ စီးပွါးရေးနဲ့ ပတ်သက်ပြီး တာဝန်ခံ တာဝန်ယူမှု မရှိမှာကို ကျမတို့ သိပ်စိုးရိမ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ တခြားနိုင်ငံတွေနဲ့ မတူတာက မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်စံနစ်အောက်မှာ နေခဲ့ရတာမို့ တာဝန်ခံ တာဝန်ယူမှုနဲ့ ပတ်သက်ပြီး သိပ်မသိကြတာ များပါတယ်။ အရာအားလုံးကို အုပ်ချုပ်သူတွေကပဲ တာဝန်ယူစီမံခန့်ခွဲပြီး ဘယ်သူကမှ ဘာတာဝန်မှ မယူခဲ့ရ တာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် တခြားကဏ္ဍတွေလိုပဲ စီးပွါးရေးကဏ္ဍမှာလည်း တာဝန်ယူမှု အသိစိတ် ရှိလာစေချင်တာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ တာဝန်ခံ တာဝန်ယူမှု ရှိတဲ့ ကောင်းမွန်တဲ့ စီးပွါးရေး လုပ်ဆောင်မှုတွေ လုပ်စေချင်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုမှာ လုံခြုံမှုရှိစေရုံသာ မက အတွေ့အကြုံသိပ်မရှိတဲ့ ကျမတို့ ပြည်သူတွေ အားလုံး အသိရှိလာစေပြီး ကျမတို့မျှော်မှန်းတဲ့ စီးပွါးရေးဖြစ်လာအောင် မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြှုပ်နှံကြစေချင်ပါတယ်။”

အစိုးရနဲ့ ပုဂ္ဂလိကကဏ္ဍတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံမှာ အောင်မြင်မှုကို လက်တွေ့မြင်နေရပြီး ဒါကို သီလဝါစက်မှုဇုံမှာ မြင်တွေ့နိုင်ကြောင်းနဲ့ အမေရိကန်၊ ဂျာမဏီ၊ ပြင်သစ် အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ စင်္ကာပူ အပါအဝင် ဒေသတွင်း နိုင်ငံတွေက လာရောက်ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပြီး အချိန်တိုကာလအတွင်း စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၄၉၁ သန်း ရရှိခဲ့တယ်လု့ိ လည်း ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် ရင်းနှီးမြှုပ်နှံဖို့ စိတ်အားထက်သန်မှုတွေပါ တွေ့နေရပြီး မြန်မာနိုင်ငံရဲ့ စီးပွါးရေး ပြန်လည် ရှင်သန်လာနေတယ်လို့လည်း ပြောပါတယ်။

”ကမ္ဘာအနှံ့မှာ ကိုယ်ကျိုးစီးပွား ကာကွယ်မှုဝါဒတွေ အရှိန်အဟုန်မြင့်မားနေသလို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေကနေ နှစ်နိုင်ငံချင်းဆက်ဆံရေးကို ပိုမိုအသားပေးလာနေကြတာ တွေ့ရပြီး အချို့ဆို တံခါးပိတ်ဝါဒကိုပါ ကျင့်သုံးလာကြတာ ကြောင့်၊ အချို့နိုင်ငံတွေမှာ ငွေကြေးနှင့် ကုန်သွယ်ရေး ဆိုင်ရာတင်းမာမှုတွေ ဖြစ်ပေါ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ စီးပွားရေး ပြန်လည်ရှင်သန်လာ နေပါတယ်။ ဒီကနေ့မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကနဲ့ မတူတော့ပဲ မကြုံစဖူး ကမ္ဘာ့ မေခရို စီးပွားရေးစနစ် ပြောင်းလဲလာတာရဲ့ အကျိုးသက်ရောက်မှု တွေကို ခံစားရနိုင်တဲ့ အနေထားမှာ ရှိနေပါတယ်။”

ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့ ၂၀၁၈ ခုနှစ်အတွက် အာရှတိုက်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာ ၆ ရာခိုင်နှုန်းရှိနေချိန်မှာ မြန်မာနိုင်ငံရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုကို လာမယ့်နှစ်အတွက် ၇ % တိုးလာမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတာ ဖြစ်ပါတယ်။ ဒီလို စီးပွားရေး အလားအလာကောင်းတွေ ရှိနေတဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ အာဆီယံ စီးပွါးရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ဖိတ်ခေါ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာ ၁၃ ရက်မှ ၁၅ ရက်အထိ ကျင်းပမယ့် ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးတွေကို တခြားအာဆီယံနှင့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးအဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံ့ခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ အကြီးအကဲတွေနဲ့ အတူ တက်ရောက်မှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG