သုံးရလွယ်ကူစေသည့် Link များ

သတ်မှတ်တန်ချိန် ပိုမတင်ရ စည်းမျဉ်းကြောင့် သယ်ယူပို့ဆောင် စရိတ်တက်


သတ်မှတ်တန်ချိန် ပိုမတင်ရ စည်းမျဉ်းကြောင့် သယ်ယူပို့ဆောင် စရိတ်တက်

ဒီလလယ်လောက်က စတင်ပြီး ကုန်တင်ယာဉ်တွေ တင်ဆောင်တဲ့ ကုန်ပစ္စည်း အလေးချိန်ကို အာဆီယံ စံနှုန်းအတိုင်း တင်ဆောင်ဖို့ သတ်မှတ်လိုက်တဲ့ နောက်ပိုင်း တန်ချိန်ပိုတဲ့ ယာဉ်တွေကို လမ်းတံတား ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်း တင်ဆောင်ခတွေဟာ ၂ ဆလောက်ထိ မြင့်တက်သွားတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒီအခြေအနေကြောင့် ကုန်ပစ္စည်း ဈေးနှုန်းတွေ တက်လာနေသလို နောက်ပိုင်းမှာ ကုန်တင်ယာဉ် မလုံလောက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရမှာကို စိုးရိမ်နေကြတဲ့အကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အာဆီယံ စံနှုန်းနဲ့အညီ ကုန်တင်ဆောင်တဲ့ စနစ်ကို ဇန်န၀ါရီလ အတွင်းမှာ စတင် အကောင်အထည် ဖော်မယ်လို့ ဒီလ ၁၁ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်အရ ကုန်တင်ယာဉ်တွေဟာ အရင်က တင်ဆောင်နေတဲ့ အလေးချိန်ထက် ထက်ဝက်လောက် လျော့ကျသွားတာကြောင့် ကုန်ပစ္စည်း တင်ဆောင်ခတွေဟာ ၂ ဆလောက် မြင့်တက်သွားတယ်လို့ ရန်ကုန် ဘုရင့်နောင် ပွဲရုံတန်းက ဆန်ကုန်သည် တယောက်က ပြောပါတယ်။

“ကားခတွေက အရင် တန်ပိုတွေ မသတ်မှတ်ဘူးပေါ့နော်။ အဲဒီအချိန်တုန်းက ဈေးနဲ့ အခုလက်ရှိ ဈေးနဲ့ ၂ ဆလောက် တက်သွားတယ်။ မန္တလေးဆိုရင် အရင်တုန်းက ၁,၅၀၀၊ ၁,၆၀၀၊ ၁,၇၀၀ ပေါ့နော်။ အခုဆိုရင် မန္တလေးဆိုရင် ၃,၀၀၀။ ကျနော်တို့ ဆန်တအိတ်ကို သယ်ယူစရိတ် ကားခပေါ့။ အရင်တုန်းက ၁၀ ဘီးတစီးကို ဆန်အိတ် ၇၀၀-၈၀၀ တင်တယ်ခင်ဗျ။ အခုဟာက ၁၀ ဘီးတစီးကို အိတ် ၃၀၀ ပဲ တင်လို့ရတယ်။ လမ်းက တန်ချိန် သတ်မှတ်လိုက်တာကိုး။ ကားသမားတွေကလည်း မကိုက်တဲ့ အခါကျ ကားခ တိုးတောင်းတာပေါ့။”

ဒီလို တန်ဆာခ တက်တာကြောင့် ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာသလို ဆန်ဈေးကွက်လည်း အရောင်းအ၀ယ် ကျဆင်းလာတယ်လို့ သူက ဆက်ပြောပါတယ်။

“ကုန်ဈေးနှုန်းတွေပါ တက်သွားတာပေါ့။ အရင်ဈေးနဲ့ ခုဈေးနဲ့ဆို တန်ဆာခက ၂ ဆ ဖြစ်သွားတာကိုး။ ကုန်ဈေးနှုန်း အပြောင်းအလဲကြောင့် လက်ရှိ အနေအထား အရတော့ တောင်ပေါ်က လူတွေကလည်း ဈေးတွေတက်တော့ သိပ်မ၀ယ်နိုင်ကြဘူးပေါ့နော်။”

မကွေးတိုင်း ရေနံချောင်းမြို့က ကြက်သွန်ပွဲစား တယောက်ကတော့ တန်ဆာခ ဈေးတက်တာထက် နောက်ပိုင်းမှာ ကုန်တင်ယာဉ် ရှားပါးတဲ့ ပြဿနာပါ ကြုံတွေ့နိုင်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ဆီမှာ အရင်တုန်းက ကားခက တန်ဆာခ ၄၀ လောက် ရှိတဲ့ဟာက အခုက ၉၀ ကျပ် ဖြစ်သွားတာပေါ့၊ တပိဿာကို။ ကုန်ဈေးနှုန်း အပြောင်းအလဲက ဈေးကတော့ တက်ရောင်းရတာပေါ့။ စရိတ်က တက်သွားတာကို။ စရိတ်က တပိဿာ ၅၀ တက်တဲ့အခါကျတော့ ရောင်းတဲ့နေရာလည်း အဲဒီ ကုန်ကျစရိတ်ပါ ထည့်တွက်ပြီးတော့ ရောင်းကြရတာပေါ့။ တက်ပါတယ်။

“ကုန်ဈေးနှုန်းတက်တဲ့ ပြဿနာထက် ကုန်စည်စီးဆင်းမှု မချောမွေ့မယ့် ပြဿနာကို ပိုပြီး စိုးရိမ်ရမယ်လို့ ကျနော်ထင်တယ်။ နောက်ပိုင်းကျရင်လေ။ ကားက ဥပမာပေါ့ နဂိုရှိတာ အစီး ၁၀၀။ ဒါပေမဲ့ အခုလို ၂ ခေါက်ခွဲလောက် သွားရမယ့် အခါက ကားအစီး ၂၅၀ လောက် လိုမယ်။ အဲဒီမှာ ကားက အဆင်သင့် မဖြစ်သေးဘူး ဆိုတဲ့အခါကျတော့ အဲဒီပြဿနာက နောက်ပိုင်းကျရင် ဖြည်းဖြည်းချင်းကျရင် ဖြစ်လာမယ်လို့ ကျနော်ထင်တယ်ခင်ဗျ။”

ရန်ကုန်က သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ တခုကလည်း အခုအခါ အရင်ကထက် တန်ဆာခ ၂ ဆကနေ ၃ ဆထိ တိုးမြှင့်ယူထားကြောင်း ပြောပါတယ်။ အရင်ကဆို ကုန်မရတာကြောင့် သူတို့ကားတွေ ရပ်နားထားတာတွေ ရှိတဲ့အတွက် ကားမလုံလောက်တဲ့ ပြဿနာတော့ မရှိနိုင်ဘူးလို့ ပြောပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာ ခင်မောင်ညိုကတော့ ကုန်ပစ္စည်း အလေးချိန် ကန့်သတ်လိုက်တဲ့ အပေါ်မှာ အခုလို ရှုမြင်ပါတယ်။

“နှစ်မျိုးပေါ့ဗျာ။ တခုကတော့ တန်ဆာခတွေ တက်တာပေါ့။ နောက်တခုကတော့ အကောင်းဘက်က ပြောရရင်တော့ ဟိုတုန်းကလည်း excess weight၊ over weight တွေ တင်ကြတာပေါ့။ တင်တဲ့အခါမှာ ပုဂ္ဂလိက အကျိုးရှိတယ်။ ဒါပေမဲ့ လမ်းတွေပျက်တာတို့၊ တံတားတွေ ပျက်တာတို့ ပြင်ရတာက အများပြည်သူရဲ့ ရန်ပုံငွေထဲက သွားတာပေါ့လေ။ အခုကတော့ အဲဒီ စရိတ်တွေကို ပုဂ္ဂလိက ကလည်း ကျခံခိုင်းလိုက်တဲ့ သဘောမျိုးပါပဲ။”

အာဆီယံ စံအရဆိုရင် မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ ၆ ဘီးကား တစီးဟာ ယာဉ်နဲ့ကုန် စုစုပေါင်း ၁၆ တန်၊ ၁၀ ဘီးကား ၂၁ တန်၊ ၁၂ ဘီးကား ၂၅ တန်၊ ၁၄ ဘီးကား ၃၄ တန်၊ ၁၈ ဘီးကား ၄၆ တန်နဲ့ ၂၂ ဘီးကား ၅၅ တန်အထိသာ တင်ကြရမှာဖြစ်ပြီး တန်ပိုတင်တဲ့ ကားတွေကတော့ စစ်ဆေးရေးဂိတ်မှာ ပိုနေတဲ့ ကုန်တွေကို ချပြီးမှသာ ဖြတ်သန်းခွင့်ပြုမှာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေအကြား ကုန်သွယ်မှု တိုးမြှင့်လုပ်ဆောင်ဖို့ ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် စံချိန် စံညွှန်းတွေ သတ်မှတ်လာတာ ဖြစ်ပါတယ်။ အခုနောက်ဆုံး ဒေသတွင်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းတွေကို တိုးချဲ့ဖို့ ရည်ရွယ်ပြီး အာဆီယံ အသင်းဝင် နိုင်ငံတွေနဲ့ တရုတ်နိုင်ငံတို့က နိုင်ငံခြားရေး ၀န်ကြီးတွေဟာ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံနေကြပါတယ်။

XS
SM
MD
LG