သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံလူ့ဘောင် ထူထောင်ရေး နီးစပ်ပြီ


အာဆီယံ စီးပွားရေး အသိုင်းအဝိုင်း ထူထောင်ရေး ၈၀ ရာခိုင်နှုန်း အဆင်သင့်ဖြစ်နေပါပြီလို့ အာဆီယံ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်ပါတယ်။ ၂၅ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတက်ရောက်ဖို့ နေပြည်တော်ကို ရောက် ရှိနေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် Le Luong Minh ကို ဗွီအိုအေက ဒီကနေ့ သီးသန့် တွေ့ဆုံစဉ်မှာ အခုလို ပြောဆိုလိုက်တာပါ။

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် အသင်းဝင် နိုင်ငံတွေအားလုံးက တက်ကြွစွာ အားစိုက်ထုတ်ကြဖို့ကိုလည်း မစ္စတာ Le Luong Minh က ပြောဆိုလိုက်ပါတယ်။ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဗွီအိုအေအယ်ဒီတာ ဒေါ်ခင်စိုးဝင်း က တင်ပြထားပါတယ်။

အာဆီယံအသင်းကြီးက ၂၀၁၅ ခုနှစ်ကုန်ပိုင်းမှာ အာဆီယံလူ့ဘောင်အသိုင်းအဝိုင်း ထူထောင်မယ်ဆိုတဲ့ ရည်မှန်းချက်ဟာ အတော်လေး ခရီးရောက်နေပြီလို့ အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ Le Luong Minh က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

“အာဆီယံ အသိုင်းအဝိုင်း ထူထောင်ရေးအတွက် ချမှတ်ထားတဲ့ မူဘောင်တွေအနက် ၈၀ ရာခိုင်နှုန်းကို အကောင်အထည် ဖော်နိုင်ခဲ့ပါပြီ။ ၁၃ နဲ့ ၁၄ ရာခိုင်နှုန်းလောက် အကောင်အထည်ဖော်ဖို့ ကျန်ရှိနေပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ်ကို ရောက်နေပါတယ်။ ၂၀၁၅ ဒီဇင်ဘာမှာ အာဆီယံ အသိုင်းအဝိုင်း စတင် ထူထောင်နိုင်ဖို့ လမ်းစ မြင်နေရပါပြီ။”

အခု ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေအနေနဲ့ ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသင်းရဲ့ မျှော်မှန်းချက်တွေကို အကောင်အထည်ဖော်နိုင်ရေး မူဘောင်တွေ ချမှတ်ကြဖို့ရှိတယ်လို့ မစ္စတာ Le Luong Minh က ဆက်ပြောပါတယ်။

“အခု ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေအနေနဲ့ ၂၀၁၅ ခုနှစ်အလွန် ရည်မှန်းချက်တွေအတွက် နေပြည်တော် မူဘောင်တရပ် ချမှတ်နိုင်ရေး ဆွေးနွေးတိုင်ပင်ကြမှာပါ။ ခိုင်မာတဲ့ အာဆီယံ လူ့ဘောင်အသိုင်းအဝိုင်း ထူထောင်ဖို့ အသင်းဝင် နိုင်ငံတွေကြား တသားတည်း ပေါင်းစည်းနိုင်ရေး မျှော်မှန်းချက်တွေ ပါဝင်မှာပါ။ အသင်းဝင် နိုင်ငံတွေကြား အထိုက်အလျောက် သာတူညီမျှရှိရေးကိုလည်း အလေးပေး ဆွေးနွေးကြဖို့ ရှိပါတယ်။ ဒါတွေကို ထူထောင်နိုင်ဖို့အတွက် အားကောင်းတဲ့ ဦးဆောင်မှုတွေ၊ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုတွေ လိုအပ်ပါတယ်။”

တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး ငြိမ်းချမ်းစွာ အဖြေရှာကြဖို့အတွက် သက်ဆိုင်တဲ့နိုင်ငံတွေမှာ တာဝန်ကိုယ်စီရှိကြတယ်လို့လည်း မစ္စတာ Le Luong Minh က အခုလို မှတ်ချက်ပေးပါတယ်။

“ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဟာ အာဆီယံနိုင်ငံအားလုံးအတွက် အကျိုးစီးပွား ဖြစ်ပါတယ်။ ရေကြောင်းလုံခြုံစိတ်ချမှု ရှိစေရေးကို တနိုင်ငံချင်းစီက တာဝန်ရှိစွာနဲ့ ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကုန်သွယ်ဘက် နိုင်ငံတွေအကြားလည်း ရေကြောင်းသွားလာမှု အဆင်ပြေ ချော့မွေ့စေဖို့အတွက် အာဆီယံ ဒေသတွင်းသာမက အခြားဒေသတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ၊ အမေရိကန် သမ္မတ အိုဘားမား၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် ကမ္ဘာ့ထိပ်သီးခေါင်းဆောင် ၂၁ ဦး စုဝေး ရောက်ရှိနေကြပြီ ဖြစ်တဲ့အတွက် နေပြည်တော်မှာ လုံခြုံရေးကတော့ အထူးတင်းကျပ်နေတာမို့ ဒေသခံတွေ၊ ခရီးသွားတွေသာမက သတင်းမီဒီယာသမားတွေလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ Eleven Media ရဲ့ အကြီးတန်း အယ်ဒီတာ ကိုနေထွန်းနိုင်ကတော့ ဒေသတွင်း အာဆီယံ ထိပ်သီး ညီလာခံတွေကို သူ တက်ဖူးတဲ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး အခုကြုံတွေ့နေရတဲ့ အခက်အခဲတွေကို အခုလို ပြောဆိုခဲ့ပါတယ်။

“ကျနော်ဆိုရင် ၂၀၀၆၊ ၂၀၀၇ လောက်ကတည်းက အာဆီယံအစည်းအဝေးပွဲတွေကို တောက်လျှောက် cover လုပ်လာတယ်။ ဆိုတော့ ကျနော့်အတွေ့အကြုံအရ ပြောမယ်ဆိုရင်တော့ ဒီတခေါက် အခု နေပြည်တော်မှာလုပ်နေတဲ့ အာဆီယံအစည်းအဝေးပွဲ မီဒီယာတွေရဲ့ ပြဿနာ၊ အခက်အခဲ၊ မီဒီယာတွေ သတင်းရပိုင်ခွင့် အခက်အခဲကတော့ တော်တော်လေး ဆိုးတယ်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

လုံခြုံရေးတင်းကျပ်စွာ ချထားရတဲ့ အခြေအနေနဲ့ပတ်သက်လို့ သတင်းပြန်ကြားရေးနဲ့ပတ်သက်ပြီး တာဝန်ယူထားတဲ့ ရဲမှူးကြီးတဦးကတော့ အခက်အခဲ အနည်းငယ်ရှိနိုင်တယ်လို့ ဗွီအိုအေကို ပြောပြပါတယ်။ မနက်ဖြန် အာဆီယံထိပ်သီးအစည်းအဝေး မစခင် အကြိုအဖြစ်နဲ့ အာဆီယံ အသင်းဝင်နိုင်ငံတွေရဲ့ အဆင့်မြင့် သံတမန်တွေဟာ တောင်တရုတ်ပင်လယ်အရေး ငြိမ်းချမ်းစွာ အဖြေရှာဖို့၊ ဥတုရာသီအပြောင်းအလဲ၊ IS လို့ခေါ်တဲ့ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ပတ်သက်ပြီးတော့ အကြိုညှိနှိုင်း တိုင်ပင် ဆွေးနွေးနေကြပါတယ်။

XS
SM
MD
LG