သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် EU အကြီးအကဲတွေနဲ့ တေ့ွမည်


ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ကို ဆိုက်ရောက်(Ministry of Foreign Affairs Myanmar)
ဒေါ်အောင်ဆန်းစုကြည် ဘယ်လ်ဂျီယံနိုင်ငံ ဘရာဆဲလ်မြို့ကို ဆိုက်ရောက်(Ministry of Foreign Affairs Myanmar)

ဥရောပ ၃ နိုင်ငံခရီးစဉ်အတွက် ဘယ်လ်ဂျီယံ နိုင်ငံ၊ Brussels မြို့ကို မနေ့က ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူ ဥရောပသမဂ္ဂအဖွဲ့ အကြီးအကဲတွေအပြင် ဘယ်လ်ဂျီယံ ဘုရင် Philippe နဲ့ ဒီကနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဥရောပတိုက်အတွင်းက အရေးပါတဲ့ နိုင်ငံတွေဖြစ်တဲ့ သြစတီးယားနဲ့ ဂျာမနီနိုင်ငံတွေကို သွားရောက်ခဲ့တာကြောင့် မြန်မာအစိုးရဟာ ဥရောပနိုင်ငံတွေနဲ့ ပိုပြီး နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်လာနေပုံ ရတယ်လို့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ် ပြောဆိုကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံ၊ အီတလီနဲ့ ဗြိတိန် ၃ နိုင်ငံ ခရီးစဉ်ရဲ့ ပထမ ခရီးတထောက် အဖြစ်နဲ့ Brussels မြို့ကို မေလ ၁ ရက်နေ့က ရောက်ရှိသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီးယူ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားမူဝါဒရေးရာအကြီးအကဲ Federica Mogherini နဲ့ Brussels မြို့မှာ ဒီကနေ့ မေလ ၂ ရက်နေ့မှာ တွေ့ဆုံပြီး ဒေသစံတော်ချိန် နေ့လည် ၂ နာရီခွဲမှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပမယ်လို့ Federica Mogherini ရဲ့ ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်လ်ဂျီယံနိုင်ငံမှာ ရှိနေစဉ်အတွင်း ဥရောပကောင်စီဥက္ကဋ္ဌ Donald Tusk အပါအဝင် တခြား အီးယူ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတာအပြင် ဘယ်လ်ဂျီယံဘုရင် Philippe နဲ့လည်း ဒီကနေ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

မေလ ၃ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး Angelino Alfano နဲ့ တေ့ွဆုံ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။ အီတလီအထက်လွှတ်တော်မှာ အီတလီ အမျိုးသမီးများအဖွဲ့ ဆိုင်ရာ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် အဖွင့်မိန့်ခွန်း ပြောကြားမယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် အီတလီနိုင်ငံကို တခေါက် သွားခဲ့ဖူးပါတယ်။ အဲဒီတုန်းက နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အီတလီအစိုးရက ရောမမြို့တော်မှာ ဂုဏ်ထူးဆောင် နိုင်ငံသားဘွဲ့ ပေးအပ်ခဲ့ပါတယ်။ အခုခရီးစဉ်အတွင်းမှာတော့ ဗာတီကန်နန်းတော်မှာ ပုပ်ရဟန်းမင်းကြီး Francis နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတည် မပြုနိုင်သေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အီတလီကမှ တဆင့် မေလ ၄ ရက်နေ့မှာ ဗြိတိန်နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့ ဗြိတိန်နိုင်ငံကို ဒုတိယအကြိမ်မြောက် သွားရောက်ခြင်း ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်တုန်းကတော့ NLD ပါတီ ခေါင်းဆောင်အဖြစ်နဲ့ ဗြိတိန်နိုင်ငံကို တကြိမ် သွားရောက်ခဲ့ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သြစတီးယားနဲ့ ဂျာမနီ ၂ နိုင်ငံ ခရီးစဉ်အပြီး ရက်ပိုင်းအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ဥရောပ ၃ နိုင်ငံ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ အတွက် အရင် သမ္မတ Barack Obama အစိုးရလက်ထက်တုန်းက အမေရိကန် ပြည်ထောင်စုနဲ့ ပိုပြီး နီးစပ်တဲ့ ဆက်ဆံရေး ရှိခဲ့တဲ့ မြန်မာနိုင်ငံဟာ အခု သမ္မတ Donald Trump အစိုးရ တက်လာပြီးတဲ့နောက် ဥရောပနိုင်ငံတွေနဲ့ ပိုမို နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်လာနေပုံ ရတယ်လို့ ဂျာမနီနိုင်ငံ ဘာလင် တက္ကသိုလ်ရဲ့ အရှေ့တောင်အာရှရေးရာ သုတေသနဌာနက ကထိကဟောင်း ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“အမေရိကန်မှာတော့ အရင်တုန်းက သမ္မတ အိုဘားမားတုန်းက တမျိုး ၊ အခုတော့ Donald Trump တက်လာတယ်၊ အမေရိကန်မှာ တော်တော်လေး ပေါ်လစီတွေ ပြောင်းဝင်လာတာတွေရှိတယ်။ ဒီဥရောပတိုက်မှာကျတော့ အခုအပြောင်းအလဲတွေက တော်တော်လေးများနေတယ်။ အခုမြန်မာပြည်ကလည်း ဥရောပတိုက်နဲ့ တော်တော်လေးအဆက်အသွယ်ပိုရတယ်၊ အဲဒါကတော့ အမှန်ပဲ၊ နောက်ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ကြားထဲမှာလည်း ဆက်ဆံရေးကတော်တော်လေး ကောင်းပုံရပါတယ်။ အဲဒါတွေက ကျနေ်ာ့အမြင်ပြောရမယ်ဆိုရင်တော့ အစောကြီးကတည်းက ဥရောပနိုင်ငံကိုလည်ပတ်ဖို့ခရီးတွေကို တော်တော်များများညှိနှိုင်းထားကြသလားလို့တောင်တွေးစရာရှိနေပါတယ်။ ကျနော်က ဘယ်သွားမယ်၊ ကျမက ဘယ်သွားမယ်ဆိုတာကို အဲလိုတောင်ရှိနိုင်ပါတယ်။”

ဥရောပနိုင်ငံတွေဟာ ဒီမိုကရစီ နိုင်ငံတွေမှာ စစ်တပ်တခုအနေနဲ့ ဘယ်လို ရပ်တည် ပါဝင်သင့်တယ်ဆိုတဲ့ သင်တန်းမျိုး မြန်မာစစ်တပ်ကို ပေးဖို့ ဆန္ဒရှိနေကြပုံရတယ်လို့လည်း ကထိကဟောင်း ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“ဒီဥရောပနိုင်ငံတွေက အများဆုံးစိတ်ဝင်စားနေတာတွေက မြန်မာစစ်တပ်ကို ဒီမိုကရေစီနိုင်ငံတွေမှာ စစ်တပ်တခုက ဘယ်လိုနေရထိုင်ရတယ်။ ဘယ်လိုလုပ်သင့်တယ်ဆိုတာတွေကို အကြံပေးချင်ပုံရတယ်။ ဆိုတော့ အဲဒီလိုရှိရင်လည်း သွားပြီးအကြံပေးရင်လည်း အကောင်းဆုံးကတော့ စစ်တပ်က အကြီးဆုံးလူတွေကို ထိပ်ပိုင်းကလူတွေကိုဖိတ်ခေါ်ပြီးတော့ အသာတကြည်ဆွေးနွေးပြီးတော့ အကုန်လုံးပြသွားတာက အကောင်းဆုံးဆိုတာကို သူတို့မြင်ပုံရတယ်လေ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ထဲမှာ ဖြစ်ပေါ်နေတဲ့ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေနဲ့ ဆိုင်တဲ့ ကိစ္စအတွက် ဥရောပခေါင်းဆောင်တွေကို ရှင်းပြဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါကောင်း ပါနိုင်တယ်လို့ ကထိကဟောင်း ဦးခင်မောင်စောက သုံးသပ်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်လာတာကတော့ ရခိုင်ပြည်မြောက်ဘက် နယ်စပ်မှာဖြစ်နေတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သတင်းအမှားတွေပဲ နိုင်ငံခြားကရနေပြီး သတင်းအမှန်တွေကို နိုင်ငံခြားကမရကြဘူး ၊ မရကြတော့ မြန်မာပြည်ကိုပဲ အပြစ်ပုံချ၊ ဒေါ်စုကိုပဲ အပြစ်ပုံချတဲ့သတင်းတွေထွက်နေတာ အများကြီးရှိမှာပါ။ အဲဒီကိစ္စတွေလည်း ပါကောင်းပါမယ်။ သူ့ကိုမေးရင်တော့ သူ တိုက်ရိုက်ဖြေရှင်းမယ်ထင်ပါတယ်။ သူကမဆိုင်ရင်တောင်မှ သူ့ကို စပြီးတော့ မေးမယ့်လူတွေတော့ရှိမှာပါ။ သူ့ကိုမေးရင်တော့ သူကောင်းကောင်းမွန်မွန်ပြန်ဖြေရှင်းမှာပါ။ အားလုံးနားလည်အောင် ကျနော်ကလည်း မေးပါစေဆိုပြီးတော့ပဲ ဆုတောင်းတယ်။ မေးလို့ရှိရင် ဒေါ်စုအနေနဲ့လည်း နားလည်အောင်ရှင်းပြပါလိမ့်မယ်။”

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် သီးခြား လွတ်လပ်တဲ့ နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ကို စေလွတ်ဖို့ အီးယူက အဆိုပြုထားတာ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုကလည်း အဲဒီလို စေလွတ်မယ့်ကိစ္စကို ထောက်ခံမယ်လို့ ပြောဆိုထားပါတယ်။

မြန်မာအစိုးကတော့ အချက်အလက် ရှာဖွေရေး ကော်မရှင်ဖွဲ့စည်းတဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG