သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ကုလတာဝန်ရှိသူတွေ မေးခွန်းထုတ်


မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် စနစ်တကျ ဖိနှိပ်မှုတွေရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ အဲဒီဒုက္ခသည်တွေ နေရပ်ပြန်ဖို့ဟာ မဖြစ်နိုင်ဘူးလို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို ဖိနှိပ်နေတာတွေ လျော့ကျသွားပေမယ့်လည်း သတ်ဖြတ်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ၊ မတရား ဖမ်းဆီးခေါ်ဆောင်တာတွေနဲ့ အစာရေစာ မလုံလောက်မှုတွေ ရှိနေတာတွေနဲ့ ပတ်သက်ပြီး လက်ထောက်အတွင်းရေးမှူးချုပ် Andrew Gilmour ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၄ ရက်ကြာ ခရီးစဉ်အတွင်းမှာ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တွေ့ခဲ့ရကြောင်း လူ့အခွင့်အရေးဆိုင်ရာ ကုလရုံး ပြောခွင့်ရ Rupert Colville က ဆွစ်ဇာလန်မှာ ကျင်းပတဲ့ အင်္ဂါနေ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားလိုက်တာပါ။မြန်မာအစိုးရကတော့ အခုလို စွပ်စွဲချက်တွေကို တောက်လျှောက်ငြင်းဆန်လာတာဖြစ်ပြီး ဒုက္ခသည်တွေကို ပြန်လက်ခံသွားဖို့ အဆင်သင့်ပဲလို့ ပြောထားတာပါ။

လွန်ခဲ့တဲ့နှစ် သြဂုတ်လက ရခိုင်ပြည်နယ်မှာ ARSA အစွန်းရောက်အဖွဲ့က မြန်မာလုံခြုံရေးကင်းစခန်းတွေ ကိုဝင်ရောက်တိုက်ခိုက်တာကြောင့် စစ်တပ်အနေနဲ့ နယ်မြေရှင်းလင်းရာမှာ ရိုဟင်ဂျာ အများစုဖြစ်တဲ့ ဒုက္ခသည် ၇ သိန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။

အခုအချိန်မှ တကယ်လိုအပ်တာဟာ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက်မှုတွေကို ရပ်စဲအောင် လုပ်ဖို့၊ အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူဖို့နဲ့ ဒုက္ခသည်တွေ ဘေးကင်းစွာ ပြန်နိုင်တဲ့ အခြေအနေ ဖန်တီးဖို့ ဖြစ်တယ်လို့ Colville က ပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းပတ်တုန်းက မြန်မာဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာစပ်တပ်က လာရောက်တပ်စွဲခဲ့တာနဲ့ ပတ်သတ်ပြီးတော့လည်း ကုလသမဂ္ဂက အနေဲ့ စိုးရိမ်ကြောင်း ပြောပါတယ်။ မြန်မာအစိုးရဘက်ကတော့နယ်စပ်လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရဖူးတဲ့အတွက် ARSA အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကာကွယ်တဲ့အနေနဲ့နယ်စပ်လုံခြုံရေးတပ်အင်အားတွေ ပိုတိုးမြှင့်ချထားတာလို့ မြန်မာအစိုးရ ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG