သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလား-မြန်မာ နယ်စပ်မျဉ်းဒေသက အခြေအနေ


ဘင်္ဂလား-မြန်မာ နယ်စပ်မျဉ်းဒေသက ရိုဟင်ဂျာစခန်း (MOI)
ဘင်္ဂလား-မြန်မာ နယ်စပ်မျဉ်းဒေသက ရိုဟင်ဂျာစခန်း (MOI)

ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနှစ်နိုင်ငံအကြားက နယ်စပ်မျဉ်းဒေသမှာ ရှိနေကြတဲ့ရိုဟင်ဂျာမူဆလင်တွေက မြန်မာအစိုးရက စီစဉ်နေတဲ့ ပြန်လည်လက်ခံရေးနဲ့ နေရာချထားရေး အစီအစဉ်ကို လက်မခံနိုင်ဘူးလို့ပြောနေပါတယ်။ မြန်မာပြည်ကိုသူတို့ ပြန်လာတဲ့ အခါမှာ ရေရှည်အကျဉ်းချခံထားရသလိုဖြစ်နေမှာကို စိုးရိမ်လို့ အခုလိုငြင်းပယ်နေတာလို့ဆိုပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာမူဆလင် ၇သိန်းနီးပါးထဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မြန်မာနှစ်နိုင်ငံအကြားက နယ်စပ် မျဉ်းဒေသမှာ ခိုလှုံနေကြသူတွေက ခြောက်ထောင်လောက်ရှိနေပါတယ်။ ဒီလူတွေကို မြန်မာနိုင်ငံထဲကိုပြန်လာဖို့ မြန်မာ အာဏာပိုင်တွေက ပြောနေပေမယ့်လည်း အခုချိန်ထိပြန်မလာကြသေးပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကိုလည်း သူတို့ဆက် သွားမှာမဟုတ်ဘူးလို့ နယ်စပ်မျဉ်းဒေသရောက်ရိုဟင်ဂျာတွေရဲ့ခေါင်းဆောင် အသက်၅၁နှစ်အရွယ် Dil Mohamedက ပြောပါတယ်။

"ကျနော်တို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဝင်ပြီးနေဖို့လည်း အစီအစဉ်မရှိပါဘူး။ ကျနော်တို့က ဘင်ဂါလီတွေလည်း မဟုတ်ပါ ဘူး။ ကျနော်တို့ဟာ မူရင်း မြန်မာနိုင်ငံသားတွေပါ။"

မြန်မာအစိုးရရဲ့ ဒုက္ခသည်တွေပြန်လည်လက်ခံရေးအစီအစဉ်တွေထဲမှာ ယာယီစခန်းတွေတည်ဆောက်ထားတယ်ဆို တာ ကြောင့် ဒီစခန်းတွေထဲကိုရောက်သွားခဲ့ရင် အဲဒီနေရာတွက သူတို့အတွက် ရေရှည်ထိန်းသိမ်းရေးစခန်းတွေဖြစ်သွားမှာကို လည်း ရိုဟင်ဂျာတွေကစိုးရိမ်နေကြတာပါ။ မောင်တောခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထဋ်ကတော့ ရိုဟင်ဂျာတွေကို စခန်းတွေထဲမှာ ရေရှည်ထိန်းသိမ်းထားဖို့အစီအစဉ်မရှိဘူးလို့ သတင်းထောက်တွေကို စနေနေ့တုန်းကပြောခဲ့ပါတယ်။

နယ်စပ်မျဉ်းဒေသရောက် ရိုဟင်ဂျာတွေရဲ့ခေါင်းဆောင် Dil Mohamedကတော့ မြန်မာအာဏာပိုင်တွေဘက်က သူတို့ရဲ့ လုံခြုံရေးအတွက် အာမခံချက်ပေးမှပဲ သူတို့ပြန်လာခဲ့ကြမယ်၊ ပြန်လာတဲ့အခါမှာ လည်း ကြားစခန်းတွေမှာ မနေချင်ဘူး၊ သူတို့အရင်နေထိုင်ခဲ့ကြတဲ့ မူလနေရပ်ရင်းကိုပဲပြန်နေချင်တယ်လို့ ဆိုပါတယ်။

"မြန်မာနိုင်ငံထဲက တခြားလူ့မှုအသိုင်းအဝိုင်းတွေလိုပဲ ငြိမ်းငြိမ်းချမ်းချမ်း ကျနော်တို့နေထိုင်လိုပါတယ်။ ခွဲခြားဆက်ဆံခံရ တာမျိုး ကျနော်တို့မလိုလားပါဘူး"

ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့မြန်မာနှစ်နိုင်ငံအကြားက နယ်စပ်မျဉ်းဒေသမှာ မြန်မာဘက်ခြမ်းက သံဆူးကြိုးကာရံထားပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေက သံဆူးကြိုးရဲ့တဘက်ခြမ်းမှာ တဲတွေထိုးပြီးနေနေကြတာပါ။ အခုနောက်ပိုင်းမှာ မြန်အစိုးရရဲ့လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း အဲဒီနယ်စပ်ဒေသမှာ တိုးမြင့်ပြီးချထားသလို တဘက်ခြမ်းမှာရောက်နေကြတဲ့ ရိုဟင်ဂျာတွေကို လည်း မြန်မာပြည်ဘက်ကိုပြန်လာဖို့ မြန်မာအာဏာပိုင်တွေက မကြာခဏတိုက်တွန်းနေပါတယ်။ တချိန်ထဲမှာပဲ ရိုဟင်ဂျာစစ်သွေး ကြွတွေ ဒုက္ခသည်စခန်းတွေထဲ စိမ့်ဝင်နေတယ်ဆိုတဲ့ပြောဆိုချက်တွေလည်းရှိနေပါတယ်။

မောင်တောမြို့နယ်အုပ်ချုပ်ရေးမှုး ဦးမြင့်ခိုင်ကတော့ ဒေသတွင်းမှာပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဆောင် နေတဲ့အကြောင်း သတင်းထောက်တွေကိုရှင်းပြပါတယ်။

"ပထမက ရွာတွေက ဒီမှာ စနစ်မကျခဲ့ဘူး။ ရွာတွေတည်ခဲ့တာက နှစ်ပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်းရှိမှာပေါ့။ စနစ်မကျခဲ့တော့ ကားတွေသွားလို့မရဘူး။ ဒါက အတိတ်ကာလကဖြစ်ခဲ့တာ။ အနာဂတ်မှာကျရင် ကျနော်တို့က Village Plan (ကျေးရွာစီမံကိန်း) ဆိုတာရှိတယ်။ ကားတွေသွားလို့ရမယ်၊ ရေကန်တွေရှိမယ်၊ ကျောင်းတွေရှိမယ်၊ စနစ်ကျတဲ့ရွာ တွေကို ပြန်လည်တည်ဆောက်ပေးမှာပါ "

နယ်စပ်မျဉ်းဒေသရောက်ရိုဟင်ဂျာတွေကို လောလောဆယ် ICRC နိုင်ငံတကာကြက်ခြေနီ အဖွဲ့က အထောက်အပံ့တွေ ပေးနေပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာတွေပြန်လာရေးအတွက် အဆင်သင့်ဖြစ်နေပြီ၊ လက်ခံကြိုဆိုရေးဌာနတွေ နဲ့ ပြန်လည်နေရာချထားရေးအတွက်တည်ဆောက်မှုတွေလုပ်ဆောင်နေကြတယ်ဆိုပေမဲ့ ထွက်ပြေးသွားကြ တဲ့ရိုဟင်ဂျာတွေ တယောက်မှ ပြန်မလာကြသေးပါဘူး။ ပြန်မလာတဲ့အပြင် အခုလထဲမှာကိုပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးနေကြသူတွေ အခုအချိန်ထိ ရှိနေတုန်းပဲလို့ ကုလသမဂ္ဂဘက်ကပြောဆိုနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG