သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BIMSTEC ပထမဆုံး အတွင်းရေးမှူးချုပ် သီရိလင်္ကာသံအမတ်ကြီးကိုခန့်


BIMSTEC အဖွဲ့ ပထမဆုံးအတွင်းရေးမှူးချုုပ် Sumith Nakandala
BIMSTEC အဖွဲ့ ပထမဆုံးအတွင်းရေးမှူးချုုပ် Sumith Nakandala
(၁၄) ကြိမ်မြောက် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးကို ဒီကနေ့ နေပြည်တော် MICC မြန်မာအင်တာနေရှင်နယ် ကော်ဗန်းရှင်း စင်တာမှာ ပြုလုပ်ရာ အတွင်းရေးမှူးချုပ်အဖြစ် သီရိလင်္ကာနိုင်ငံက သံအမတ်ကြီး Sumith Nakandala ကိုခန့်အပ်ဖို့ နိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေး အတည်ပြုပေးခဲ့ပါတယ်။ ကျင်းပနေဆဲ BIMSTEC အစည်းအဝေးကို ကိုယ်တိုင်သွားရောက် သတင်းသွားယူတဲ့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ BIMSTEC အစည်းအဝေးမှာတော့ ကဏ္ဍ (၁၄) ခုမှာ BIMSTEC အဖွဲ့ဝင် ၇ နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေကို ဘယ်လို မြှင့်တင်ဆောင်ရွက်သွားမလဲဆိုတာကို အဓိကဆွေးနွေးခဲ့ကြပါတယ်။ နောက်ပြီးတော့ BIMSTEC ရဲ့ ပထမဦးဆုံးအတွင်းရေးမှူးချုပ်ရေးကိစ္စ လျာထားပါတယ်။ နောက် အတွင်းရေးမှူးချုပ်ရုံးကို ဘယ်လိုမျိုး ဖွဲ့စည်းပြီးတော့ ဆောင်ရွက်သွားမလဲဆိုတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

“ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး၊ ခရီးသွားလုပ်ငန်း၊ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ ယဉ်ကျေးမှု၊ ပတ်ဝန်းကျင်နဲ့ဘေးအန္တရာယ် စီမံခန့်ခွဲရေး၊ ပြည်သူ့ကျန်းမာရေး၊ ပြည်သူအချင်းချင်းဆက်သွယ်ရေး၊ ဆင်းရဲမှုလျှော့ချရေး၊ အကြမ်းဖက်မှုနဲ့ နိုင်ငံဖြတ်ကျော်မှု အလျင်အမြန်တိုက်ဖျက်ရေး၊ ရာသီဥတုပြောင်းလဲမှု စတဲ့ ကဏ္ဍကြီး ၁၄ ခုဖြစ်ပါတယ်။ အဲဒီ ၁၄ ခုမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သွားကြမယ်ဆိုတဲ့ ဆန္ဒကတော့ နိုင်ငံခြားရေးဝန်ကြီးအားလုံးရဲ့စိတ်ထဲမှာ တညီတညွတ်တည်းထုတ်ဖော် ပြောကြားသွားခဲ့တာ ရှိပါတယ်။

"နောက်တစ်ခု တိုးတက်မှု ကျနော့်အနေနဲ့ ယူဆရတာကတော့ BIMSTEC အဖွဲ့ကြီးရဲ့ Institutionalization ပေါ့- အဖွဲ့အစည်း စတင်ပြီး ထူထောင်တာမှာ ကျနော်တို့ - ကျနော်လည်း ခဏခဏ ပြောဖူးပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒက္ကာမြို့မှာ အတွင်းရေးမှူးချုပ်ရုံး ထူထောင်ပါ့မယ်။ ပထမဆုံးအတွင်းရေးမှူးချုပ်အဖြစ် သီရိလင်္ကာနိုင်ငံသား မစ္စတာ Sumith Nakadala- အားလုံးသိပြီးသား သူ့ကိုခန့်ပါမယ်။ အဲဒါကို နိုင်ငံခြားရေးဝန်ကြီးများက ဆက်လက်ပြီး အတည်ပြုထားပါတယ်။ အမှန်ဆိုရင် တချို့ Decision တွေက အဆင့်ဆင့်ယူလာခဲ့ပြီးပါပြီ။ ဒီနေ့တော့ နိုင်ငံခြားရေးဝန်ကြီးများအဆင့် အစည်းအဝေးမှာ ဆက်လက်ပြီးအတည်ပြုထားတဲ့အတွက် မနက်ဖြန်လုပ်မယ့်အစည်းအဝေးမှာ ဆက်လက်ပြီးအတည်ပြုဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထင်လင်းက ဒီကနေ့အစည်းအဝေးနဲ့ပတ်သက်လို့ ပြောဆိုသွားတာပါ။ BIMSTEC အဖွဲ့ကြီးအနေနဲ့ ဖွဲ့စည်းခဲ့တာ နှစ်အတန်ကြာခဲ့ပေမယ့်လို့ အဖွဲ့အစည်းအနေနဲ့ အတွင်းရေးမှူးချုပ်ရုံးလိုမျိုး ဆောင်ရွက်နိုင်ခြေ မရှိသေးပါဘူး၊ ဒါကြောင့်မို့လို့လည်း အခုလုပ်တဲ့အစည်းအဝေးမှာ ကဏ္ဍ ၁၄ ခု တိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အရေးကြီးတဲ့အတွင်းရေးမှူးချုပ်ရုံး လည်ပတ်နိုင်ရေးကိစ္စကို အဓိကထား ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

လာမယ့်မေလအတွင်းမှာ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ၊ ဒက္ကာမြို့မှာ BIMSTEC အတွင်းရေးမှူးချုပ်ရုံးကို စတင် ဖွင့်လှစ်ဆောင်ရွက်မယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း အဖွဲ့အစည်းအတွက် ဘဏ္ဍာငွေကြေး ရန်ပုံငွေအခက်အခဲရှိပြီးတော့ ဒိအတွက် ရန်ပုံငွေရှာဖွေရေးကို BIMSTEC အဖွဲ့ဝင်နိုင်ငံတွေကြားအပြင် တခြားပြင်ပကလည်း ရှာဖွေသွားမယ်လို့ သိရပါတယ်။ BIMSTEC အနေနဲ့ စီမံကိန်းအလိုက် ငွေကြေးရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။ အခုပြုလုပ်တဲ့ ၁၄ ကြိမ်မြောက် BIMSTEC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဆွေးနွေးချက်တွေကိုတော့ မနက်ဖြန်လုပ်မယ့် (၃) ကြိမ်မြောက် BIMSTEC ထိပ်သီးစည်းဝေးပွဲမှာ အတည်ပြု ဆုံးဖြတ်မှာဖြစ်ပါတယ်။ ထိပ်သီးအစည်းအဝေးကနေပြီးတော့ BIMSTEC အဖွဲ့ဝင်တွေကြား စာချုပ် ၃ ခု ချုပ်ဆိုဖို့ရှိတယ်လို့ သိရပြီးတော့ အသေးစိတ်ကို ပြောဆိုထုတ်ပြန်တာ မရှိသေးပါဘူး။

မနက်ဖြန်ထိပ်သီးအစည်းအဝေးပွဲမှာတော့ သမ္မတဦးသိန်းစိန်က အဖွင့်စကား ပြောကြားဖို့ရှိသလိုပဲ အစည်းအဝေးအပြီးမှာ နိုင်ငံတော်အကြီးအကဲတွေရဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ဖို့ရှိနေပါတယ်။ BIMSTEC အစည်းအဝေးအပြင်မှာတော့ ဘေးပန်းမှာ အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း သီးခြားတွေ့ဆုံမှုတွေ ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ နီပေါနိုင်ငံခြားရေးဝန်ကြီးတို့အကြား သီးခြားတွေ့ဆုံခဲ့ပြီး ကျန်းမာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အခု ဒီနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတော့ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ သီရိလင်္ကာနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ပြီးတော့ ထိုင်းနိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီးကိုယ်စား အထူးကိုယ်စားလှယ်တစ်ဦးပဲတက်ရောက်လာပါတယ်။

BIMSTEC အဖွဲ့ဟာ ပြောရမယ်ဆိုရင်တော့ ဖွဲ့စည်းခဲ့တာ ၁၀ နှစ်ကျော်ခဲ့ပြီဆိုပေမယ့် ဒေသအဖွဲ့အစည်းတရပ်အနေနဲ့ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ အရှေ့ကြည့်မူဝါဒပေါ် တည်ပြီးတော့ ဖြစ်လာတဲ့အဖွဲ့အစည်းတရပ်လည်းဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ အရှေ့တောင်အာရှနဲ့ တောင်အာရှကိုဆက်စပ်ပေးထားတဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါပြီးတော့ ပြီးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကြောင့်လည်း အဖွဲ့အစည်းအတွင်းမှာ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းခဲ့တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

မနက်ဖြန်မှာလုပ်မယ့် ထိပ်သီးအစည်းအဝေးပွဲအတွက်တော့ အိန္ဒိယဝန်ကြီးချုပ် မဲန်မိုဟန်ဆင်း၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်-ဟာဆီနာတို့လည်း မြန်မာနိုင်ငံကို ရောက်ရှိနေကြပြီဖြစ်ပါတယ်။ မစ္စ်ရှိတ် ဟာဆီနာကတော့ ဒီကနေ့ နေ့လည်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်မှာတွေ့ဆုံဆွေးနွေးခဲ့ပြီးတော့ ဆွေးနွေးချက်တွေကိုတော့ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
XS
SM
MD
LG