သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ပြန်လည်လက်ခံရေးအစီအစဉ် ကြန့်ကြာမှု ဘင်္ဂလားကို မြန်မာအပြစ်ဖို့


မြန်မာအစိုးရက ဘင်္ဂလားဒက်ရှ်ဘက်ကပြန်ပို့မည့် ဒုက္ခသည်တွေ အနက်က ၃ သောင်းကို ပြန်လည်လက်ခံနိုင်မည့် ယာယီစခမ်းတခုအား တည်ဆောက်ထားပုံ။
မြန်မာအစိုးရက ဘင်္ဂလားဒက်ရှ်ဘက်ကပြန်ပို့မည့် ဒုက္ခသည်တွေ အနက်က ၃ သောင်းကို ပြန်လည်လက်ခံနိုင်မည့် ယာယီစခမ်းတခုအား တည်ဆောက်ထားပုံ။

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာနိုင်ငံဘက်က အသင့်ရှိနေပေမဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကြန့်ကြာမှုတွေကြောင့် မစနိုင်သေးတာဖြစ်ကြောင်း မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တချိန်တည်းမှာပဲ ဒုက္ခသည်တွေကို မြန်မာနိုင်ငံက ပြန်လည် လက်ခံဖို့ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဒီကနေ့ပဲ ထပ်မံပြောဆိုလိုက်တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ ထားပါတယ်။

နှစ်နိုင်ငံအကြားသဘောတူညီချက်အရ ဒုက္ခသည် ပြန်လက်ခံရေးဘက်မှာ မြန်မာဘက်က အဆင်သင့်ဖြစ်နေပေမယ့် တဖက်နိုင်ငံ ဘက်က ပြန်လည် ပေးပို့ဖို့ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ်တွေ မပြီးသေးတာကြောင့် ကြန့်ကြာနေရတာဖြစ်တယ်လို့ မြန်မာအာဏာပိုင် တွေဘက်က ပြောဆိုလိုက်တာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်နဲ့ ပတ်သက်လို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေ အပြန်အလှန် အပြစ်ဖို့နေရာမှာ အခုနောက်ဆုံး မြန်မာ နိုင်ငံ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနရဲ့ ညွှန်ကြားရေးမှုးချုပ် ဦးဌေးလှိုင်က နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ ကြန့်ကြာမှုတွေနဲ့ ပတ်သက်လို့ ပြောဆိုလိုက်တာပါ။

“ကျနော်တို့ဘက်က ကျနော်တို့အသင့်ဖြစ်နေကြောင်း ရှင်းပြခဲ့ပါတယ်။ ကျနော်တို့ဘက်က ပြန်လည်လက်ခံရေးစခန်း ၂ခု ငါးခူရ ရယ်၊ တောင်ပြို လက်ဝဲရယ် ဖွင့်ဖို့ရှိသလို အလားတူဘဲ ဘင်္ဂလားဒေရှ်ဘက်က လည်း ပြန်ပို့မယ့်စခန်း ၅ ခု ဖွင့်ဖို့ရှိပါတယ်။ သူတို့ ဘက်က ဘယ်လောက် အသင့်ဖြစ် နေပြီလဲ ဆိုတာအထောက်အထားတွေ မေးတဲ့အခါမှာတော့ ဒီလထဲအပြီးလုပ်ပါမယ်ပြောပါတယ်။ ကျနော်တို့ကို power point နဲ့ပြတဲ့ပုံ ကတော့ ရေထဲကနေပို့ဖို့ တံတားထိုးတာမှာ တိုင်လေးတွေစိုက်ထားရုံဘဲ ရှိပါတယ်။ တိုတို ပြောရရင်တော့ ကျနော်တို့ဘက်က အသင့်ဖြစ်ပေမယ့် ကျနော်တို့ဘက်က အသင့်မဖြစ်ဘူးဆိုပြီး ပြောပြောပြီးတော့ တကယ်က သူတို့ ဘက်က ဘာမှအသင့်မဖြစ်သေးတာ ပြောပါရစေ။”

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်ပို့ရေး လုပ်ငန်းစဉ် စတင်နိုင်ဖို့ ဒုက္ခသည် ၈၀၀၀ ကျော် စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာဘက်ကို ပေးအပ်လာတာ ရှိပေမယ့် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာထိုးတုန်းက ဒုက္ခသည်တွေ ပြန်လည်ခံရေးကိစ္စမှာ ပါဝင်ရမယ့် သဘောတူထားပြီး အချက်တွေမပါတာကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ပြန်လည် တောင်းခံထား ရှိပါတယ်။ ဒါလည်း ပြန်ပေးပို့လာတာ မရှိတာကြောင့် ဒုက္ခသည်လက်ခံရေး အချိန်ကာလကိုမပြောနိုင်သေးဘူးလို့ ဆိုလိုက်ပါတယ်။

“သဘောတူထားတဲ့ အချက်အလက်မဟုတ်ဘဲ သူတို့ကောက်ယူထားတဲ့ ပုံစံတခုနဲ့ပို့လို့ ကျနော်တို့စိစစ်ရတာတော်တော်လေး ခက်ပါတယ်။ အဲဒါတွေကို သံတမန်ကြောင်းအရ သဘောတူထားတဲ့အချက်တွေ အတိုင်းပြန်ပေးပို့ပြောထားပါတယ်။ သံတမန်ကြောင်း အရ ဒီတခေါက်လည်းပြောဆိုခဲ့ပါတယ်။ ဒီကြားထဲမှာလည်း တိတိကျကျအဖြေမပေးနိုင်တာကတော့ ပြန်ပို့မယ့် အချိန်မပြောနိုင်တာပါပဲ။”

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ကတော့ ဒုက္ခသည်တွေကို စောင့်ရှောက်ထားမှာ ဖြစ်ပေမဲ့လည်း၊ နေရပ်ရင်းဖြစ်တဲ့ မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့ လိုအပ်တဲ့အတွက် နိုင်ငံတကာက ဖိအားပေးကြဖို့ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ပြောဆိုခဲ့တာပါ။

ဘင်္ဂလားဒေရှ်ဘက်ကို ထွက်ပြေးသွားတဲ့သူတွေ ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာအစိုးရဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်ထဲက စတင် လက်ခံဖို့ တရားဝင် ကြေငြာထားပေမဲ့ အခုအချိန်အထိ မစနိုင်ပဲ ဖြစ်နေရတာပါ။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကတော့ ဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါ ဘေးကင်းလုံခြုံမှုရှိဖို့နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG