သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရဘားဂျက်နှစ် ပြောင်းလဲကျင့်သုံးမှုနဲ့ လုပ်ငန်းရှင်တွေအခက်အခဲ


 ပြည်ထောင်စုလွှတ်တော်
ပြည်ထောင်စုလွှတ်တော်

နှစ်တနှစ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲမှု ဘတ်ဂျက် နှစ်ကို လာမယ့်နှစ်ကနေစတင်ပြီး ပြင်ဆင်သတ်မှတ်သွားတော့မယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ ပြန်လည်ပြောင်းလဲမယ့် နှစ်သတ်မှတ်ချက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀နီးပါးက ကျင့်သုံးခဲ့တဲ့ အောက်တိုဘာ ၁ရက်ကနေ နောက်နှစ် စက်တင်ဘာ ၃၀ရက် နေ့ထိကို နှစ်တနှစ်ရဲ့ ဘတ်ဂျက်နှစ်အဖြစ် ပြန်လည်ကျင့်သုံးမှာဖြစ်ပါတယ်။ ဒီလို ဘတ်ဂျက်ကာလပြောင်းလဲ လိုက်တဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်နဲ့ ပညာရှင်တွေက ကြိုဆိုကြပေ မယ့် အပြောင်းအလဲအတွက် အစိုးရဘက်က အခုထက်ပိုတိကျတဲ့ထုတ်ပြန်မှုနဲ့ အချိန်ယူမှုကို ပြုလုပ်ပေးစေချင်ကြပါတယ်။ ဒီသတင်းကိုဗွီအိုအေ မြန်မာအပိုင်းက မေခက စုစည်းတင်ပြမှာပါ။

နှစ်တနှစ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲမှု ဘတ်ဂျက် နှစ်ဆိုတာ တနှစ်တာ ဒါမှမဟုတ် ၁၂လတာကာလအတွက် အစိုးရက တနှစ်လုံးဝင်ငွေကို အခြေခံကာ လာမယ့်နှစ်မှာ သုံးငွေ ဘယ်လောက်သုံးမလဲ လိုငွေ ဘယ်လောက်ရှိခဲ့လဲ၊ ဝင်ငွေ ဘယ်လောက်ရလဲဆိုတာကို သတ်မှတ်တွက်ချက်ရတဲ့ကာလတခု ဖြစ်ပါတယ်။

လက်ရှိမှာ ဧပြီ ၁ရက်ကနေ နောက်နှစ် မတ် ၃၁ အထိကို ဘတ်ဂျက် နှစ်အဖြစ် ကျင့်သုံးလာတာကို ပြောင်းဖို့ ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ ဘဏ္ဍာ ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တင်ပြသွားတာပါ။

“မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှစ်ကို လက်ရှိသတ်မှတ်ထားသည့် ဧပြီ ၁ရက်ကနေ မတ်လ ၃၁ ရက်နေ့အစား အောက်တိုဘာလ ၁ ရက်နေ့မှ စက်တင်ဘာလာ ၃၀ ရက်နေ့ဟု ပြင်ဆင်သတ်မှတ်ရန်ကိစ္စကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုလက်ခံပေးပါရန်နှင့် အတည်ပြုပါက ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းတင်ပြပါသည်။”

လက်ရှိကျင့်သုံးနေတဲ့ စနစ် မှာ အားလပ်ရက် ရက်ရှည် နားတဲ့ အချိန်အခါနဲ့ကိုက်ညီနေတာကြောင့် လုပ်ငန်းမတွင်ကျယ်တဲ့ အတွက် ပြောင်းရွှေ့လိုက်ရတာ ဖြစ်တယ်လို့ ဦးမောင်မောင်ဝင်းကပြောပါတယ်။

“ရရှိမယ့် အားသာချက်များကတော့ တည်ဆောက်ရေး ဝယ်ယူရေး စတဲ့လုပ်ငန်းတွေမှာ တဆက်တည်း ၈ လခန့် ပွင့်လင်းရာသီ ရရှိနိုင်ခြင်း ဘဏ္ဍာရေးနှစ်စတင်ချိန်နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်များ တိုက်ဆိုင်နေမှုမရှိတော့ခြင်း ပွင့်လင်းရာသီအစမှာ လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ခြင်း။ ဘားဂျက်ကုန်ဆုံးခါနီး မိုးရာသီမှာ လုပ်ငန်းများအပြီးသတ် ဆောင်ရွက်နိုင်ခြင်း ၃ လပတ်အလိုက် ဘဏ္ဍာငွေသုံးစွဲမှုများ ပိုမိုညီညွှတ် မျှတလာနိုင်ခြင်း စသည်ဖြစ်ပါတယ်။ အားနည်းချက်များအနေနဲ့ကတော့ အတည်ပြုပြဌာန်းထားတဲ့ ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေမှာပါတဲ့ ဘားဂျက်ရေးဆွဲတင်ပြရမယ့် အချိန်ဇယားများနဲ့ မကိုက်ညီတော့တဲ့အတွက်ကြောင့် ဒီဥပဒေကို ပြင်ဆင်ဖို့လိုပါတယ်။ ပြည်ပအကူအညီချေးငွေများအတွက် မိမိ ဘဏ္ဍာရေးနှစ်နဲ့ မကိုက်ညီတဲ့ နိုင်ငံအဖွဲ့အစည်း ရှိခဲ့ရင် အချိန်ညှိနိုင်းရမှာဖြစ်ပါတယ်။ အထွေထွေရွေးကောက်ပွဲကျင်းပတဲ့နှစ်မှာတော့ လက်ရှိအစိုးရက ရေးဆွဲပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ ဘားဂျက်ဟာ အစိုးရအသစ်ကို တာဝန်လွဲပြောင်းပေးချိန်မှာ အကောင်အထည်ဖော် ဆောင်ရွက်ချိန်အားဖြင့် ၆ လ သာ ရှိသေးချင်းတို့ ဖြစ်ပါတယ်။”

ဘားဂျက်ကာလပြောင်းလဲ လိုက်တဲ့အပေါ် စီးပွားရေးလုပ်ငန်းရှင်နဲ့ ပညာရှင်တွေက ကြိုဆိုကြပေ မယ့် အပြောင်းအလဲအတွက် အစိုးရဘက်က အခုထက်ပိုတိကျတဲ့ ထုတ်ပြန်မှုနဲ့ အချိန်ယူမှုကို ပြုလုပ်ပေးစေချင်ကြပါတယ်။ Thura Swiss ကုမ္ပဏီ ပိုင်ရှင်တဦးဖြစ်တဲ့ ဒေါက်တာအောင်သူ ရကတော့ အပြောင်းအလဲအတွက် အစိုးရဘက်က တိကျတဲ့ အချက်အလက်တွေထုတ်ပြန်ပေးစေချင်တယ်လို့ ပြောပါတယ်။

“ပြင်ဆင်ချိန်များများရတော့ ပိုကောင်းတာပေါ့နော်။ အထူးသဖြင့် ကျနော်တို့ဘက်ကကျတော့ ဒီ Financial year ပိတ်တယ်ဆိုရင် အဲဒီမှာရှိနေတဲ့ ၆ လကြီးက ဒီလိုမျိုးဖြစ်သွားတာနဲ့ ကျနော်တို့ဘက်က အခွန်တွေတင်တဲ့အခါဆိုရင် ၁ နှစ်ခွဲစာ ပိုတင်ရမှာလားဆိုတာတော့ သိပ်မရှင်းလင်းဘူးပေါ့နော်။ ဒီအပြောင်းအလဲကာလကို ဘယ်လောက်အထိ ဒီစီးပွားရေးဘက်ကရော ဘက်လောက်လုပ်မယ်ဆိုတာက နည်းနည်းအရေးကြီးပါတယ်။ ရေရှည်မှာကတော့ အဲလိုပြောင်းလိုက်တာကတော့ Impact ကတော့ ကောင်းမယ်လို့ထင်ပါတယ်။”

ဒီလိုပြုပြင်ပြောင်းလဲလိုက်တဲ့ အတွက်လုပ်ငန်းရှင်တွေဘက်မှာ စိုးရိမ်မှုတွေရှိနေပေမယ့် ကောင်းတဲ့ပြောင်းလဲမှုတခုဖြစ်တယ်လို့ ပြောလာသူကတော့ ဘဏ်လုပ်ငန်း အကြံပေး ဦးရဲမင်းဦး ပါ။

“ဒီ ဘားဂျက်နှစ်အသစ်ပြောင်းလိုက်တာက တည်ဆောက်ရေးလုပ်ငန်းတွေအားလုံးအတွက် အဆင်ပြေသွားမယ် ဒါကကောင်းလာပါတယ်။ စိုးရိမ်တာက တခုပဲ၊ ကျနော်တို့က ပုံမှန်မိုးတွင်းကာလက လုပ်ငန်းတွေနည်းနည်းကျပ်တည်းတဲ့ကာလပေါ့ နိုင်ငံတော်က ဘားဂျက်ခွဲလိုက်တာက အဲဒီကာလမှာ ငွေတွေထွက်လာတာပေါ့နော်။ အဲဒီ ငွေတွေက ဘားဂျက်ထဲမှာ ဝင်ပြီးလည်ပတ်တဲ့အခါကျတော့ အခု ဘားဂျက်နှစ်အသစ်ပြောင်းလိုက်တဲ့အတွက် စီးပွားရေး ကောင်းတဲ့လတွေမှာ စီးပွားရေးပိုကောင်းသွားတယ်။ စီးပွားရေး အေးတဲ့လတွေမှာ ပိုများအေးသွားမလားဆိုတဲ့ စိတ်ပူတာလေး နည်းနည်းရှိတာပေါ့။ စိုးရိမ်တာနဲ့ ကောင်းတာနဲ့ ယှဉ်ရင်တော့ ကောင်းတာကတော့ ပိုများတယ်။”

အပြောင်းအလဲနဲ့ပတ်သတ်လို့ ကြုံတွေ့လာနိုင်တဲ့ အခက်အခဲတွေနဲ့ပတ်သတ်လို့ ဦးရဲမင်းဦးကခုလိုပြောပြသွားတာပါ။

“ပထမဦးဆုံးနှစ် ဘားဂျက်Yearကို ဘယ်နှစ်လနဲ့ စာရင်းကို ဖြတ်ကြမှာလဲ ပုံမှန်က မတ်လမှာစာရင်းချုပ်ပြီး ပုံမှန် April လမှာ တင်တယ်။ ပြီးတော့ အဲဒီ April လကနေပြီးတော့ စက်တင်ဘာအထိကို နောက်ထပ်စာရင်းတခုလုပ်ရမှာလား။ အခွန်ရှင်းတာတို့ဘာတို့ကို ဘယ်လိုရှင်းရမလဲဆိုတာ ရှင်းရှင်းလင်းလင်းသိချင်တာပေါ့။ အခုဆိုရင် မပိတ်ပဲနဲ့ ဆက်စောင့်နေပြီး နောက်နှစ် ဘားဂျက်Year စတဲ့အချိန်ကျမှ ကျနော်တို့က ပိတ်ရမှာလားပေါ့ ဒါလေးကတော့ ရှင်းရှင်းသိဖို့လိုတယ်။”

စီးပွားရေး ပညာရှင် ဦးခင်မောင်ညို(ဘောဂဗေဒ)ကတော့ ဒီပြောင်းလဲမှုက ကောင်းတဲ့အပြောင်းအလဲ တခု ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“အခုက အဆင်မပြေလို့ ပိုပြီးတော့ အဆင်ပြေကောင်းမယ်ထင်လို့တော့ ပြောင်းကြတာပေါ့နော်။ တကယ်ကောင်းမကောင်းဆိုတာကတော့ လုပ်ကြည့်တဲ့အခါကျတော့မှ ပြောနိုင်မှာပါ။ သိပ်ပြီးတော့ ထူးထူးခြားခြားကြီးအခက်အခဲတော့ မမြင်မိပါဘူး။”

ဒီပြင်ဆင်မှုကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြရဦးမှာ ဖြစ်သလို ဆွေးနွေး အတည်ပြုနိုင်မှသာ ပြင်ဆင်သတ်မှတ် သွားမှာ ဖြစ်ပါတယ်။ ပြင်ဆင်မှုကို လက်မခံရင်တော့ မူလရှိရင်းစွဲ သတ်မှတ်ထားတဲ့ အတိုင်းဘဲ ကျင့်သုံးသွားမှာဖြစ်ပြီး လက်ခံရင်တော့ လာမယ့်နှစ်ကနေစပြီး စနစ်သစ်ကို ကျင့်သုံးသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG