သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်မှုလိုငွေကြောင့် တိုင်းပြည်ဖွံဖြိုးရေးအခက်အခဲရှိ


ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။
ရန်ကုန်မြို့ရှိ Asia World ဆိပ်ကမ်းမြင်ကွင်းတခု။

တိုင်းပြည်မှာ ငြိမ်းချမ်းရေး မခိုင်မာတာကြောင့် နိုင်ငံ့စီးပွားရေးနဲ့ တိုးတက်မှုပိုင်းမှာ အားနည်းစေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေး ဌာန ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေးမှာ လိုငွေပြနေတာကြောင့်လဲ တိုင်းပြည်ဖွံ့ဖြိုးဖို့ အဟန့်အတား ဖြစ်နေတယ်လို့ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခကပေးပို့ထားတယ်။

နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ငြိမ်းချမ်းရေးမရသေးတဲ့ အခြေအနေကို ဆက်စပ်ပြီးတော့ ဝန်ကြီး ဦးကျော်ဝင်းက စနေနေ့မှာ ပြောသွားတာပါ။ တိုင်းပြည် ငြိမ်းချမ်းရေးရှိနိုင်မှသာ နိုင်ငံ့စီးပွားရေး တိုးတက်ပြီး နိုင်ငံလဲတိုးတက်မယ်လို့ ဝန်ကြီးကဆိုပါတယ်။

“နိုင်ငံ ၁ နိုင်ငံ ဖွံ့ဖြိးုတိုးတက်အောင် လုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ ငြိမ်းချမ်းသာယာမှု၊ အေးချမ်းသာယာမှု ရှိမှဖြစ်မယ်ဆိုတာကို ကျနော်တို့ ကောင်းစွာယုံကြည်ပါတယ်။ နားလည်း နားလည်ပါမယ် ။စီးပွားရေးကို ကျနော်တို့ ဘယ်လောက်ပဲ ကြိုးစားအားထုတ် ငြိမ်းချမ်းရေးမရှိရင် စီးပွားရေးက မတိုးတက်နိုင်ဘူး။ ကျနော်တို့ ငြိမ်းချမ်းရေး ရတဲ့ တချိန်တည်းမှာလည်း စီးပွားရေးကို အောင်မြင်အောင်လုပ်ရမယ်။ စီးပွားရေးအောင်မြင်မှ လည်း ငြိမ်းချမ်းရေးက အထောက်အကူဖြစ်မယ်။”

ပြီးခဲ့တဲ့ စနေနေ့က ရန်ကုန်မြို့မှာလုပ်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေနဲ့တွေ့ဆုံပွဲမှာ ဝန်ကြီးက အဲဒီလိုပြောတာပါ။ NLD အစိုးရ လက်ထက်မှာ စီးပွားရေးမူဝါဒသစ်နဲ့ တာထွက်ဖို့ ခြေလှမ်းပြင်တဲ့အနေနဲ့ သမ္မတဦးသိန်းစိန်လက်ထက်က ထုတ်ပြန်ထားတဲ့ ရင်းနှီးမြုပ်နှံမှုဥပဒေကို ပြန်လည်ပြင်ဆင်ပြီးတော့ ပြဌာန်းထားပါတယ်။ လက်ရှိအစိုးရအနေနဲ့ စီးပွားရေးပိုင်းကို ဘယ်လိုမူဝါဒတွေ နဲ့ ကိုင်တွယ်သွားမလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်နေကြပေမယ့် ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရှိတိုင်းပြည်ရဲ့ကုန်သွယ်မှုပိုင်းက လိုငွေပြနေသလို ဝင်ငွေထွက်ငွေပိုင်းကလည်း လိုငွေပြနေဆဲပါ။ ဒီလိုအခြေအနေကို ကျော်လွန်ပြီး တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက်က ကုန်သွယ်မှုပိုင်း လိုငွေပြနေတာကို အဆုံးသတ်ဖို့ လိုနေတယ်လို့ ဝန်ကြီး ဦးကျော်ဝင်းကပြောပါတယ်။

“Trade deficit, Budget deficit တွေ Poverty လိုင်းအောက်မှာရှိနေတဲ့ ကျနော်တို့ ပြည်သူတွေ ကျေးလက်ဒေသမှာရှိတဲ့ ၇၀ ရာခိုင်နှုန်းအထက်မှာ ရှိတဲ့ ကျနော်တို့ ပြည်သူတွေ စားဝတ်နေရေး ၊ လူနေမှုဘဝတွေ နိမ့်ပါးနေတာ ဒါတွေကိုလည်း ကျနော်တို့ အနုတ်လက္ခဏာအဖြစ်နဲ့ ဆက်လက် လက်ဆင့်ကမ်းပြီးတော့ သယ်သွားရမယ့်အခါမှာ ကျနော်တို့ စီးပွားရေး မူဝါဒရဲ့ သဘောတရားအရ Theory တွေအများကြီးရှိပါတယ်။ macroeconomics Theory အများကြီးပေါ့ ဒါပေမယ့် ကျနော်တို့က ပကတိလက်တွေ့အခြေအနေနဲ့ ကျနော်တို့ ဆောင်ရွက်နိုင်တဲ့အခြေအနေကို သုံးသပ်ရင် Budget deficit က နိုင်ငံတိုးတက်မှုအတွက် ပကတိ အဟန့်အတားကြီးဖြစ်နေတယ်။ အလားတူ Trade deficitကလည်း ပကတိ အဟန့်အတားကြီးဖြစ်နေတယ်။ ပြည်သူတွေရဲ့ စားဝတ်နေမှု ဟန့်တားနေတာကလည်း ကျနော်တို့ရဲ့ ပကတိ အဟန့်အတားကြီးဖြစ်နေတယ်။”

တိုက်ပွဲတွေ၊ နယ်မြေမတည်ငြိမ်မှုတွေဖြစ်နေတဲ့အတွက် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကြည့်မယ်ဆိုလဲ ကုန်သွယ်မှုပိုင်းလျော့ပါးသွားတာတွေရှိပါတယ်။ ဒီလ ၁၀ ရက်နေ့အထိ မူဆယ်ကုန်သွယ်ရေးနယ်စပ်ဇုံဘက်က ထုတ်ပြန်ထားတဲ့စာရင်းအရ ကာလတူ အရင်နှစ်ကုန်သွယ်ရေးထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်လျော့နည်းနေပါ တယ်။

တိုက်ပွဲတွေအပြင် နယ်မြေမအေးချမ်းတာကလည်း ကုန်သွယ်မှုပိုင်းကို အားနည်းလာစေတယ်လို့ ထောက်ပြတာတွေရှိပါတယ်။ ရခိုင်ဒေသဘက်မှာလည်း စစ်တွေကုန်သွယ်ရေးဇုံမှာ ဒီနှစ်ကုန်သွယ်ရေးပမာဏက အရင်နှစ် အလားတူကာလကထက် လျော့နည်းနေပါတယ်။

လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ဒေသဘက်က ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှုပိုင်းပေါ် ထိခိုက်နေတာကို ကုန်သွယ်မှုဗဟိုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းဇော်အေးက ခုလိုပြောသွားပါတယ်။

“ကုန်စည် စီးဆင်းမှုကတော့ လောလောဆယ်တော့ ကျနော်တို့ အရင်ထက်စာရင်တော့ လျှော့သွားတယ်ခင်ဗျ အရင်တုန်းက ကျနော်တို့ ၁ ရက်ကို ပျမ်းမျှ ကုန်သွယ်မှု ဒေါ်လာ၁ သန်းခွဲလောက်ရှိတယ်လေ ။ အခုဆို ဒါ ဒေါ်လာ ၅ သိန်းဝန်းကျင်ပဲ ရှိတော့တယ်။ ၃ ချိုး ၁ ချိုးလောက်လျှော့သွားတာပေါ့နော် အရင်တုန်းက ကားက ၁ ရက်ကို ၁၀၀ ဝန်းကျင်လောက်ရှိတယ်၊ အခုဆိုရင် အလွန်ဆုံးဝင်ရင် ၁၅ စီး ၊ အစီး ၂၀ ဒီဝန်းကျင်လောက်ပဲ ရှိတော့တယ်။ ဒါက ကြံကားတွေမပါဘူး၊ ကြံတွေကတော့ ဒေသထွက်တွေပေါ့နော်။ ခြုံပြောမယ်ဆိုရင် အရင်တုန်းက ၁၀၀ ကျော်ဝင်တယ် အခုက အစီး ၂၀ လောက်ပဲ ရှိတော့တယ်။”

လူမျိုးစုလက်နက်ကိုင်အဖွဲ့ လေးဖွဲ့ပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေဟာ မြန်မာနိုင်ငံကုန်သွယ်ရေးရဲ့အဓိကနေရာတွေဖြစ်တဲ့ မူဆယ်၊ ချင်းရွှေဟော် စတဲ့နေရာတွေမှာဖြစ်နေတာပါ။

လာမယ့် ၂၀၁၈၊ ၂၀၁၉ မှာ မြန်မာနိုင်ငံအနေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးနေရာတခုဖြစ်စေရမယ်လို့ ဝန်ကြီးက ကတိပေးပြောဆိုထားပါတယ်။ ရင်းနှီးမြုပ်နှံမှုမှာ မလိုလားအပ်တဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို ပြုပြင်ပြောင်းလဲမယ်လို့ ပြောထားသလို ရင်းနှီးမြုပ်နှံမှုဖွံ့ဖြိုးဖို့နဲ့ တခြားကုန်သွယ်မှုပိုင်းတိုးတက်လာဖို့ ဥပဒေတွေပြင်ဆင်သွားမယ်လို့လဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG