သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လောက်ကိုင်စစ်ကြောင့် နယ်စပ်ကုန်သွယ်မှုပမာဏ ကျဆင်း


တရုတ်-မြန်မာနယ်စပ်
တရုတ်-မြန်မာနယ်စပ်

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တဝိုက်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်မြန်မာနယ်စပ်က ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှာ ကုန်သွယ်မှုပမာဏဟာ သုံးပုံတပုံအထိကျဆင်းခဲ့ကြောင်း နယ်စပ်ကုန်သွယ်ရေးစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။ ချင်းရွှေဟော်ကို အရင်က ကုန်တင်ကားအစီး ရေ ၁၀၀လောက် နေ့စဉ် ဝင်ရောက်နေရာက အခုဆိုရင် ၁၅စီးလောက် အထိ လျော့နည်းသွားကြောင်း လည်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကိုးကန့်ဒေသ လောက်ကိုင်မြို့တိုက်ပွဲတွေဟာ ဒီလ ၆ရက်နေ့က စတင်ပြီး တကျော့ပြန် ပြန်လည်ဖြစ်ပွားခဲ့တာကြောင့် ဒေသတွင်းပြည်သူတွေဟာ တရုတ်နိုင်ငံနဲ့ မြေပြန့်ဒေသဘက်ကို တိမ်းရှောင်ထွက်ပြေးနေတာကြောင့် စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသလို ခရီးလမ်းပန်းလုံခြုံရေးအခြေအနေကြောင့် နယ်စပ်ကုန်သွယ်ရေးကိုလည်း ထိခိုက်လာနေပါတယ်။

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ ဒုတိယ ကုန်စည်စီးဆင်းမှု အများဆုံးစခန်း တခုဖြစ်တဲ့ ကိုးကန့်ဒေသအတွင်းက ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းဟာ တိုက်ပွဲဖြစ်ပွားတဲ့နောက်မှာ ကုန်သွယ်မှုပမာဏဟာ သုံးချိုးတချိုးလောက် အထိကျဆင်းသွားတယ်လို့ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းက ညွှန်ကြားရေးမှုး ဦးမင်းအောင်အေးက ပြောပါတယ်။

“အရင်တုန်းက ကျနော်တို့ ၁ ရက်ကို ပျမ်းမျှ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁ သန်းခွဲလောက်ရှိတယ်။ အခုတော့ ဒေါ်လာ ၅ သိန်းလောက်တော့ရှိတယ်။ ၃ ချိုး ၁ ချိုးလောက်ဖြစ်သွားတာပေါ့နော်။”

လက်ရှိ ကုန်စည်စီးဆင်းမှုအခြေအနေကိုလည်း ဦးမင်းအောင်အေးက အခုလို ဆက်ပြောပါတယ်။

“ကုန်စည်စီးဆင်းမှုကတော့ လောလောဆယ်ကတော့ အရင်ထက် စာရင်တော့ လျှော့ သွားတာပေါ့နော်။ မန္တလေးက လာတဲ့ကုန်တွေက ကုန်သည် လုပ်ငန်းရှင်များ စိုးရိမ်မှုကြောင့် ဒီဘက် ကိုတော့ မလာတော့ဘူး။ မူဆယ်ဘက်ကတော့ တက်သွား တဲ့ကုန်တွေတော့ရှိတယ်။ တချို့ကျတော့လည်း လုံခြုံရေးအကြောင်းကြောင့် မန္တလေးမှာပဲ ပစ္စည်းတွေကို ရပ်နားထားတာတွေရှိတယ်။ မဖြစ်မနေ ဝယ်လက်ရှိပြီးသား တချို့တွေသာ ဝင်လို့ ကုန်သွယ်မှုက လုံး၀ မရပ်သွားတာပေါ့နော်။ အရင်တုန်းက ၁၀၀ ကျော်ဝင်တယ် အခုတော့ အစီး ၂၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။”

ကွမ်းလုံမြို့က ဒေသခံတယောက်ကလည်း ချင်းရွှေဟော်- လားရှိုး လမ်းမကြီးမှာလည်း ကုန်ကားအသွားအလာဟာ မရှိသလောက် ဖြစ်နေတယ်လို့ အခုလို ပြောပါတယ်။

“အခုက ကုန်ကားတွေကတော့ နည်းသွားပြီ ကွမ်းလုံလောက်ပဲရှိတာ၊ ဒီ ချင်းရွှေဟော်ကိုတော့ မသွားတော့ဘူး ။ ခရီးသည်ကားတွေတော့သွားတယ်၊ ကုန်ကားကတော့ နည်းနည်းပါးပါးလောက်ပဲသွားတယ် ၁ ရက်ကို ၄-၅ စီးလောက်ပဲ သွားတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းကဆိုရင် ၁ ပတ်လောက်တော့ရှိပြီခင်ဗျ ကားသိသိသာသာနည်းသွားတာပေါ့။”

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း မူဆယ် ၁၀၅မိုင်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း တရုတ် မြန်မာနယ်စပ်ကုန်သွယ်ရေးဟာ လုံးဝနီးပါးရပ်ဆိုင်းခဲ့သလို တရက်ကို အမေရိကန်ဒေါ်လာ ၁၂ သန်းမှ ၁၆ သန်းအထိ နစ်နာခဲ့တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ကုန်သွယ်မှုတန်ဖိုးဟာ ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ် နဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ သန်း ၃၂၀ကျော်အထိ ကျဆင်းခဲ့ကြောင်းနဲ့ ဒီလို ကျဆင်းတာဟာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့်နဲ့ တရုတ်အာဏာပိုင်တွေက တရားမဝင် ဆန်တင်သွင်းတာကို ဖမ်းဆီးတာကြောင့်လို့ သုံးသပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG