သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့တရုတ်နယ်စပ် တင်းမာမှု ၂ နိုင်ငံကြိုးပမ်းအဖြေရှာ


လောက်ကိုင်မြို့
လောက်ကိုင်မြို့

တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်အနီးမှာ ကိုးကန့်တပ်နဲ့ မြန်မာအစိုးရတပ်တို့ကြား တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံသား အချို့ ထိခိုက်ဒဏ်ရာရမှု အပေါ် မြန်မာအစိုးရဘက်က တုန့်ပြန်ချက် နဲ့ အတူ နှစ်နိုင်ငံ နယ်စပ်မှာဖြစ်နေတဲ့ တိုက်ပွဲတွေအရေး တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ပြင်ဆင်နေတာတွေ အခက်အခဲ စိန်ခေါ်ချက်တွေကို မြန်မာသမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။

မဆုမွန်။ ။ ဒီလိုနယ်စပ်တိုက်ပွဲကြောင့်မို့လို့ တရုတ်နိုင်ငံထဲမှာ ရှိတဲ့ တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာရတာမျိုး နဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရဘက်က ဘယ်လိုများ သဘောထားရှိပါလဲရှင့်။

ဦးဇော်ဌေး ။ ။တိုက်ပွဲဖြစ်တဲ့အခါမှာ နယ်စပ်ဒေသကို ခြေကုတ်ယူပြီးတော့ လှုပ်ရှား ဆောင်ရွက်တာဖြစ်တယ်။ ဒီလိုမျိုး လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာတဲ့အချိန်မှာ ၂ ဘက် ပြောတာဆိုတာတွေရှိတယ်။ ဥပမာ- တရုတ်နယ်ဘက်အခြမ်းက လက်နက်ကိုင်တွေက လက်နက်တွေနဲ့ မြန်မာဘက်ကို လှမ်းပစ်တယ်ဆိုပြီးတော့ ပြောတာတွေရှိတယ်။ အဲဒီဘက်မှာလည်း ဒီဘက်ကနေ ပစ်တာက ဟိုဘက်ကိုကျတယ်ဆိုတဲ့ ဥပမာ တချို့နေရာတွေမှာ ကျတယ်၊ လူ ထိခိုက်မှုမရှိဘူး။ တချို့လူထိခိုက်မှုရှိတယ်။ ဆိုပြီးတော့ ပြောတာတွေရှိတယ်။ ရှိတော့ အဲဒီ ၂ ဖက်တပ်မတော်အောက်ခြေမှာ ကျတော်တို့က ဘာလုပ်နေသလဲဆိုတော့ ဒီဘက်ကလည်း ပစ်တဲ့အခါမှာ ဟိုဘက်က လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ ဒီဘက်က တန်ပြန်ပစ်ရတာဆိုတာမျိုးဖြစ်တဲ့ အခါကျတော့ ကျနော်တို့တွေ့ရတယ်။

လက်နက်ကြီးတွေနဲ့ ပစ်တဲ့အခါမှာ သူတို့ ဦးတည်ချက် ၊ နောက်သူတို့ ပစ်မှတ်အနေအထား ။ ပစ်လိုက်တဲ့လက်နက်ရဲ့ ထိရောက်မှုအကွာအဝေးကို ၊ နောက်ပြီးတော့ ပစ်တဲ့ ပစ်မျဉ်းပေါ့နော် ဘယ်အရပ်မျက်နှာကနေ ဘယ်အရပ်ကိုပစ်တယ်ဆိုတာတွေ နဲ့ ချိန်ဆတဲ့အခါမှာ ဒီဘက်ကလည်းမဟုတ်ဘူးပေါ့နော် ၊ မဟုတ်သော်လည်း ကျနော်တို့က ပြန်စိစစ်တယ်။ ပြီးတော့ တရုတ်နိုင်ငံဘက်ခြမ်းကို လုံးဝမကျအောင် ဆောင်ရွက်ဖို့ဆိုပြီးတော့ သက်ဆိုင်ရာတိုင်း ၊ တပ်မ တွေကို ညွှန်ကြားထားတာရှိပါတယ်။ အဲဒီတော့ ဟိုဘက်ကလည်း အဲလိုပစ်တဲ့ဟာတွေက ၂၀၁၅ တုန်းက ဖြစ်စဉ်မှာလည်း လက်နက်ကိုင်အဖွဲ့တွေက ၂ နိုင်ငံ နားလည်မှုလွဲမှားအောင် ဆက်ဆံရေး ပျက်ပြားအောင် ၂ နိုင်ငံ တပ်မတော်တွေကြားမှာ သံသယတွေနဲ့ တင်းမာမှုဖြစ်လာအောင် ဖန်တီးတယ်ဆိုတဲ့ ယူဆချက်ရှိတယ် အကောင်းဆုံးကတော့ ကျနော်တို့ ၂ နိုင်ငံကြားမှာ G to G သာမက တပ်မတော် အချင်းချင်းကြားမှာ ပါ ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်တာ ပိုမိုပြီး ကောင်းမွန်မယ်ဆိုတဲ့ အတွက် ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။

မဆုမွန်။ ။ အခုလို မြန်မာပြည်ဘက်ခြမ်းမှာ ဖြစ်နေတဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရဘက်က မြန်မာပြည် အရေး နှစ်နိုင်ငံ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်ဖို့ရှိပါလဲရှင့်။ ဒီပြေလည်နိုင်ရေးအတွက်ပေါ့။

ဦးဇော်ဌေး။ ။အဓိကတော့ နယ်စပ်ဒေသ ပေါ့ မြန်မာ-တရုတ် နယ်စပ်ဒေသ က အခုပြန်ကြည့်လိုက်ရင် NCA လက်မှတ်မထိုးပဲ နဲ့ လက်နက်ကိုင်ပြီးတော့ တိုက်ပွဲဖန်တီးနေတဲ့အဖွဲ့တွေကမြန်မာ-တရုတ် နယ်စပ်မှာ အဓိက အခြေပြုနေတာဖြစ်ပါတယ်။ မတည်ငြိမ်မှုတွေဖြစ်လာလေ၊ တိုက်ပွဲတွေဖြစ်လာတဲ့အခါမှာ ဒေသခံပြည်သူတွေ ဒုက္ခရောက်ကြပါတယ်။ ဒုက္ခရောက်ကြတဲ့အပြင်အရေးကြီးတာက မူးယစ်ဆေးဝါးပြဿနာရှိတယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေ တည်ရှိရာနေရာတွေမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုတွေ၊ အဲဒီကနေ ကူးသန်းရောင်းဝယ်မှုတွေဖြစ်ပေါ်လာတယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။

အဲဒီတော့ မြန်မာနိုင်ငံ-တရုတ်နိုင်ငံသာမက တကမ္ဘာလုံးအတွက် အထူးသဖြင့် အန္တရာယ်ကြီးလှတဲ့ မူးယစ်ဆေးဝါး ပြဿနာပေါ့ ဒါတွေ ထွက်ရှိတယ်ဆိုတဲ့ဟာတွေဖြစ်လာတယ်။ တဘက်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ ကြီးစိုးတဲ့ နယ်မြေတွေမှာ ဘိန်းစိုက်ပျိုးမှုတွေ ဆက်လက်ပြီးတော့ ရှင်သန်နေတာတွေတွေ့ရတယ်။ ကျနော်တို့ ဥပဒေစိုးမိုးမှုမရှိဘူး၊ အုပ်ချုပ်မှု အားနည်းတယ် ဒီအချိန်မှာ လက်နက်ကိုင်တပ်ဖွဲ့တွေ ကြီးစိုးတဲ့ နယ်မြေတွေမှာ မူးယစ်ဆေးဝါးအန္တရာယ်ကြီးမားစွာ ဖြစ်ပေါ်နေတယ်။ နောက်တချက်ကတော့ ၂ နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေး အထူးသဖြင့် ဒီ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ လုံခြုံရေးမရှိတဲ့အခါမှာ ၂ နိုင်ငံ ကုန်သွယ်မှု ကူးသန်းသွားလာမှု စသည်ဖြင့် အဘက်ဘက်မှာ ကျနော်တို့ အဟန့်အတားတွေဖြစ်စေပါတယ်။

ဒီအတွက် ၂ နိုင်ငံ အစိုးရတွေဦးဆောင်ပြီးတော့ ဘာတွေလုပ်ထားသလဲဆိုရင် Two-plus-Two တွေလုပ်ထားပါတယ်။ Two-plus-Two ဆိုတာ ၂ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနတွေပါတယ်။ ၂ နိုင်ငံ တပ်မတော်ဘက်က ကိုယ်စားလှယ်တွေပါတယ် Two-plus-Two meeting တွေကို မြန်မာမှာ ကျင်းပပြုလုပ်သလို တရုတ်မှာလည်း အလှည့်ကျ ကျင်းပပြုလုပ်သွားမယ်ဆိုပြီးတော့ ကျနော်တို့လုပ်ခဲ့တာ အစည်းအဝေး ၂ ကြိမ်ရှိပြီဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ပြန်ကြည့်လိုက်ရင် အခုဆိုရင် ကျနော်တို့ ထိုင်း၊ လာအို ဒီလို နယ်နိမိတ်ထိစပ်နေတဲ့ နိုင်ငံတွေကြည့်လိုက် ၊ အဲဒီနိုင်ငံတွေမှာဆိုရင် အဆင့်ဆင့် ပူးပေါင်းဆောင်ရွက်မှု ယန္တယားတွေရှိတယ်၊ ကော်မတီတွေရှိပါတယ်။ အလားတူ ဘင်္ဂလားဒေ့် ၊ အိန္ဒိယဘက်မှာလည်းရှိပါတယ်။ မရှိတာက တရုတ်နိုင်ငံဘက်ဖြစ်နေတယ် ဘာကြောင့်လဲဆိုတော့ လက်နက်ကိုင်ထိန်းချုပ်ရာနယ်မြေတွေ ဖြစ်နေတယ် အဲဒီတော့ ဒီဟာတွေကို ကျော်လွားနိုင်ဖို့ဆိုရင် ပြည်ထောင်စုအဆင့် နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေး တပ်မတော်ဘက်ကလူတွေ ပူးပေါင်းပါဝင်လုပ်မှ ရမယ်ဆိုတဲ့ ၂ နိုင်ငံ ရည်မှန်းချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ် အခုကတော့လက်တလော အရေးပေါ်ဖြစ်လာတဲ့အတွက် ၂ နိုင်ငံ သံရုံးတွေကတဆင့် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။”

အထူးသဖြင့်ကတော့ ဒီတိုက်ပွဲတွေကြောင့် ထိခိုက်ဆုံးရှုံးရတဲ့ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်စီးပွားဆက်ဆံရေး၊ နယ်စပ်လုံခြုံရေး တရုတ်စစ်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လတ်တလော အနေအထားတွေ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးပြသနာနဲ့ပတ်သက်လို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်ရေး အရှိန်မြင့်လုပ်ဆောင်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အကြောင်းကို မြန်မာအစိုးရပြောခွင့်ရ သမ္မတရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောပြခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG