မြန်မာစစ်အစိုးရက မနက်ဖြန်ကို နောက်ဆုံးထားပြီး အပစ်ရပ် အဖွဲ့တွေ အသွင်ပြောင်းဖို့ ရာဇသံပေးခဲ့ပေမဲ့ ဒီအဖွဲ့တွေက ဆက်လက် ငြင်းဆန်နေဆဲ ဖြစ်တာမို့ အခြေအနေတွေ တင်းမာလာပါတယ်။ ဒီကနေ့မှာပဲ KIO ကချင်လွတ်လပ်ရေး အဖွဲ့ကလည်း လက်မခံဘူးလို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တရားဝင် အကြောင်းပြန်လိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
စစ်အစိုးရဘက်က မနက်ဖြန် နောက်ဆုံးထားပြီး အသွင်ပြောင်းရမယ်လို့ သတ်မှတ်ခဲ့ပေမဲ့ အပစ်ရပ် အဖွဲ့တွေက တညီတညွတ်တည်း ငြင်းဆန်နေကြချိန်မှာ KIO အဖွဲ့ကလည်း ဒီနေ့ နေ့လယ်ပိုင်းမှာ လက်မခံနိုင်ကြောင်း တရားဝင် အကြောင်းပြန်ခဲ့ပါတယ်။
အကြောင်းပြန်စာမှာ ပင်လုံစာချုပ်ကို အခြေခံပြီး နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီးမှ အသွင်ပြောင်းရေး ကိစ္စကို စဉ်းစားနိုင်မှာ ဖြစ်တယ်လို့ ပါရှိပါတယ်။ KIO ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဆင်ဝါက အခြေအနေကို အခုလို ရှင်းပြပါတယ်။
“ကျနော်တို့ ထုတ်ပြန်ကြေညာချက်ကို အသိပေးတဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ အခုထိတော့ ဘာမှ မလာသေးပါဘူး။ ကျနော်တို့လည်း ခန့်မှန်း ပြောဆိုတာတော့ မလုပ်လိုပါဘူး။ ဒါကတော့ စောင့်ကြည့်ရမယ့် ကိစ္စပဲ ဖြစ်ပါတယ်။”
KIO ဟာ လာမယ့် ရွေးကောက်ပွဲကို ဝင်ရောက် မယှဉ်ပြိုင်သလို နှောင့်ယှက်မှာ မဟုတ်ဘူးလို့လည်း အရင်က ပြောဆိုဖူးပါတယ်။ ဒါပေမဲ့ ဒီကနေ့ အကြောင်းပြန်စာမှာတော့ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်သင့်တယ်လို့ ထောက်ပြထားပါတယ်။
ရှမ်းပြည်နယ်က ဝနဲ့ မိုင်းလားတပ်ဖွဲ့တွေကလည်း လက်မခံနိုင်ကြောင်း ပြီးခဲ့တဲ့ အပတ်ထဲမှာ အကြောင်းပြန်ပြီး ဖြစ်ပါတယ်။ ဒီအဖွဲ့တွေနဲ့ နီးစပ်တဲ့ ရှမ်းသံတော်ဆင့် အယ်ဒီတာ ဦးစိန်ကြည်က ဒီနယ်မြေတွေမှာ ရွေးကောက်ပွဲ ပြင်ဆင်မှုတွေကို အတင်းအကျပ် လုပ်လာရင် ထိပ်တိုက် တွေ့နိုင်တယ်လို့ ဆိုပါတယ်။
“ဒီမနက် မေးကြည့်တော့လည်း ဒီလိုပဲ ပြောတာပဲ။ လာရင် မရဘူး၊ သူတို့ လုံး၀ ခွင့်မပြုနိုင်ဘူး၊ လာရင် ချမယ်၊ ဒီလိုဟာမျိုးတော့ မပြောဘူးပေါ့။ သူတို့ကတော့ မလာစေချင်ဘူး၊ လာဖို့မလိုဘူး ဆိုတဲ့ အကြောင်းလည်း စာပြန်လိုက်ပြီလေ။ အဲဒါလည်း ပြောရခက်တယ်၊ ရွေးကောက်ပွဲ ကော်မရှင်ထဲက တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ အာဏာပိုင်တွေနဲ့ အတူ နအဖစစ်တပ်က လုံခြုံရေး အပြည့်အ၀ ယူပြီးမှ မရမက ဝင်သွားမယ်ဆိုတဲ့ ပုံစံဆိုရင်တော့ သူတို့ တကယ်ပဲ ပစ်မလား။ စစ်တပ်ပါရင်တော့ ပစ်ဖို့များတယ်လို့ ကြားတယ်။”
အလားတူပဲ မွန်ပြည်သစ်ပါတီကလည်း လက်နက်ချရေးက အဖြေမဟုတ်ဘဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးခြင်းနဲ့သာ အဖြေရနိုင်မှာ ဖြစ်တယ်လို့ ပြီးခဲ့တဲ့အပတ်က လုပ်ခဲ့တဲ့ မွန်တော်လှန်ရေးနေ့မှာ ပြောဆိုခဲ့ပါတယ်။
လောလောဆယ်တော့ မွန်ဒေသမှာ စစ်ပွဲတွေ ဖြစ်မလာနိုင်ဘူးလို့ မွန်ပြည်သစ် တပ်မတော်က အနားယူထားတဲ့ ဗိုလ်မှူး ကောင်းရွတ်က ပြောပါတယ်။
“ကျနော့်အမြင်က သူတို့ဘက်က စစ်ရေးအရ အရေးယူ ဆောင်ရွက်နိုင်မယ့် အလားအလာ မရှိဘူး။ ဘာကြောင့် မရှိဘူးလဲဆိုတော့ ဗိုလ်ချုပ်သက်နိုင်ဝင်းက ပြောသွားတာ တခုရှိတယ်။ ရွေးကောက်ပွဲကို မနှောင့်ယှက်ဖို့ ပြောထားတာ ရှိတဲ့အတွက် အပြန်အလှန်ပေါ့၊ တယောက်ကို တယောက်ဆိုတော့ စစ်ရေးအရ အရေးယူ ဆောင်ရွက်နိုင်ဖို့ အနေအထား မရှိဘူးလို့ ကျနော်မြင်တယ်။”
ကရင်ပြည်နယ်ဘက်မှာလည်း ကရင်ငြိမ်းချမ်းရေး ကောင်စီက နယ်ခြားစောင့်တပ် မပြောင်းဖို့ မနေ့က ဆုံးဖြတ်ခဲ့ကြပြီး စစ်ရေးအရ ဖိအားပေးလာရင် တုံ့ပြန်သွားမယ်လို့ သိရပါတယ်။ တချိန်တည်းမှာပဲ အသွင်ပြောင်းဖို့ ငြင်းဆန်နေကြတဲ့ အဖွဲ့တွေ အကြားမှာလည်း အချင်းချင်း အပြန်အလှန် ဆက်သွယ်မှုတွေ ရှိနေတယ်လို့ နယ်စပ် သတင်းရပ်ကွက်တွေက ဆိုပါတယ်။
နောက်ဆုံးငြင်းဆန်လိုက်တဲ့ KIO ဟာ အင်အား ၂၀,၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းရတဲ့ ဝတပ်ဖွဲ့ပြီးရင် အင်အားအတောင့်တင်းဆုံး အဖွဲ့လည်း ဖြစ်ပါတယ်။ အခြားတဘက်မှာလည်း အစိုးရဟာ ရွေးကောက်ပွဲအတွက် တက်သုတ်ရိုက်နေရတာတွေ၊ တပ်တွင်း အပြောင်းလဲတွေ ရှိနေတာမို့ လောလောဆယ် လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်မလာနိုင်ဘူးလို့လည်း ခန့်မှန်းချက်တွေ ရှိနေပါတယ်။