သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးပါမှ အပစ်ရပ်ရေး လက်မှတ်ထိုးမည်ဟု တိုင်းရင်းခေါင်းဆောင်တွေပြော


UWSA ဌာနချုပ်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ မေလ၊ ၆၊ ၂၀၁၅
UWSA ဌာနချုပ်က တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲ မေလ၊ ၆၊ ၂၀၁၅

တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် SD နဲ့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တို့ကနေ တပြည်လုံး အတိုင်းအတာ အပစ်ခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်စာချုပ် NCA လက်မှတ်ရေးထိုးရေးအတွက် ထိုင်းနိုင်ငံအတွင်း (၄) ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ တိုင်းရင်းသားအားလုံးစုံ ပါဝင်ရေးမူအတွက် ဆက်လက် ကြိုးပမ်းသွားဖို့နဲ့ လက်တွေ့ဖြစ်နိုင်တဲ့ နည်းလမ်းကနေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချတယ်လို့ အဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။ ဒီအခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလို သတင်းပေးပို့ထားပါတယ်။

တပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေးဆိုင်ရာသဘောတူညီချက်စာချုပ် NCA လက်မှတ်ရေးထိုးရေးကိစ္စနဲ့ စပ်လျဉ်းပြီး တိုင်းရင်းသားအဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ် SD နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တို့ကနေ တွေ့ဆုံဆွေးနွေးခဲ့ရာမှာ NCA လက်မှတ်ရေးထိုးရေးမှာ တိုင်းရင်းသား အားလုံးစုံ ပါဝင်ရေးမူအတွက် ဆက်လက်ကြိုးပမ်းသွားဖို့ သဘောတူ ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

“ကျနော်တို့ အပြီးသတ်ညှိနှိုင်းဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၅ ဖွဲ့က ထိပ်သီးခေါင်းဆောင် ၅ ဦးနဲ့ အဆင့်မြင့် ညှိနှိုင်းရေးအဖွဲ့က ခေါင်းဆောင်တဦး ပေါင်းပြီးတော့ နိုင်ငံတော် အစိုးရရဲ့ အကြီးအကဲနဲ့ သွားတွေ့ပြီးတော့ အပြီးသတ်ညှိနှိုင်းရေး ဆောင်ရွက်ဖို့အတွက် ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ အဲဒီလို သွားပြီးလို့ရှိရင် ကျနော်တို့ တပြည်လုံးအတိုင်းအတာနဲ့ သဘောတူစာချုပ်မှာ အခုကျန်နေတဲ့ လက်မှတ်ရေးထိုးရမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိစ္စ “ကျနော်တို့ဘက်က ပြောလို့ရှိရင်တော့ အကုန်လုံးပါဝင်ရေး မူကိစ္စကို သွားတင်ပြမယ်။ အစိုးရဘက်က လက်မခံလို့ရှိရင်လည်း ကျနော်တို့ လက်တွေ့ဖြစ်နိုင်တဲ့ နည်းလမ်းကနေပြီးတော့ ဆောင်ရွက်သွားဖို့ အဲဒီလိုသဘောထား၊ ဆုံးဖြတ်ချက် ရှိပါတယ်။”

မေး - ဟုတ်ကဲ့။ ခုနပြောတဲ့ ဆုံးဖြတ်ချက်ထဲမှာ ဖြစ်နိုင်ချေရှိတဲ့ လက်တွေ့ကျတဲ့ နည်းလမ်းဆိုတာက ဘာကိုဆိုလိုပါသလဲ ခင်ဗျ။

“ညှိနှိုင်းမယ်၊ ဒါပေမဲ့ ညှိလို့မရလို့ ရှိရင်တော့ ကျနော်တို့ကတော့ လက်တွေ့ကျတဲ့နည်းလမ်း၊ ဖြစ်နိုင်ချေရှိတဲ့ နည်းလမ်းနဲ့ ဆက်ပြီးတော့ ဆောင်ရွက်ဖို့ဆိုတာက အခုလက်မှတ်ရေးထိုးဖို့ မပါနိုင်တဲ့ အဖွဲ့ဆိုလို့ရှိရင်တော့ ကျနော်တို့ ဘယ်လိုနိုင်ငံရေးအရ၊ သူတို့ကိုလည်း နိုင်ငံရေး လုပ်ငန်းစဉ်မှာ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ဘယ်လိုပါဝင်နိုင်မလဲ ဆိုတဲ့ကိစ္စ၊ စစ်ရေးအရ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း စစ်ရေးအရ သူတို့ကိုလည်း အာမခံချက် ပေးနိုင်ဖို့အတွက်၊ လူမှုရေးအရပေါ့လေ ဆွေးနွေးညှိနှိုင်းဖို့အထဲမှာ အဲဒါတွေတော့ ဆုံးဖြတ်ထားပါတယ်။”

သြဂုတ်လ (၂၁) ရက်နေ့ကနေ (၂၄) ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ထိပ်သီး အစည်းအဝေးမှာ တိုင်းရင်းသား ခေါင်းဆောင်တွေကနေ NCA လက်မှတ်ထိုးရေး မထိုးရေး ကိစ္စကို အကျေအလည်ဆွေးနွေးခဲ့ကြပြီး မြန်မာအစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေကနေ အပြီးသတ် လက်မှတ်ရေးထိုးရေး ကိစ္စကို ဆက်လက် ဆွေးနွေးသွားဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ မြန်မာအစိုးရနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကတိကဝတ်ပြုချက် လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ (၄) ဖွဲ့ဖြစ်တဲ့ (KNU) ခေါ် ကရင်အမျိုးသားအစည်းအရုံး ဒီမိုကရက်တစ် ကရင်အကျိုးပြု တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KPC)၊ တောင်ပိုင်းရှမ်းပြည် တပ်မတော် (RCSS/SSA) တို့ကနေ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးဖို့ သြဂုတ်လ (၁၇) ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီအစည်းအဝေးမှာတော့ KNU, DKBA ကရင်ငြိမ်းချမ်းရေးကောင်စီတို့ အနေနဲ့ အားလုံးနဲ့ အတူတကွ လက်မှတ်ရေးထိုးသွားမယ်လို့ ပြောဆိုခဲ့ကြောင်း KNPP ကရင်နီအမျိုးသား တိုးတက်ရေးပါတီရဲ့ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က အခုလိုပြောပါတယ်။

“၁၇ ဖွဲ့ ရှိတဲ့အထဲမှာ အဲဒီ DKBA နဲ့ Peace Council က လာမတက်တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့က ၁၅ ဖွဲ့ပေါ့။ ၁၅ ဖွဲ့စလုံးကတော့ အားလုံးပါဝင်ရေးမူကိုပဲ၊ အားလုံးပါဝင်ဖို့ အတွက်ကိုပဲ ကြိုးပမ်းသွားမယ်လေ။ အဲဒါပဲလေ။ သူတို့တဖွဲ့ချင်းထိုးမယ်လို့တော့ အဲဒီလိုတော့ ဘာမှမပြောပါဘူး။ သူတို့ကတော့ အခုက အားလုံးနဲ့ပဲ အတူတကွ ထိုးမယ်လို့ ပြောကြတယ်လေ။”

တကယ်လို့ မြန်မာအစိုးရကနေ အားလုံးစုံ ပါဝင်လက်မှတ်ထိုးနိုင်ရေးမူကို လက်မခံဘဲ ငြင်းပယ်မယ်ဆိုရင် တဖွဲ့ချင်းအလိုက် လက်မှတ်ရေးထိုးသွားဖို့ လက်နက်ကိုင် အဖွဲ့တချို့ကနေ အမြင်ရှိနေပါတယ်။ ဒီအပေါ်မှာ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက အခုလို ပြောပါတယ်။

“ဒါကိုလည်း ကျနော်တို့ စိုးရိမ်နေပါတယ်။ ဒါပေမဲ့ တချို့အဖွဲ့တွေကိုတော့ ကျနော်တို့ကတော့ လုံးဝချုပ်ကိုင်ထားလို့ မရတဲ့ အနေအထားမျိုးမို့လား၊ ကျနော်တု့ိလည်း လုပ်လို့မရဘူးပေါ့ဗျာ။ ဒါပေမဲ့ အားလုံးအတူတူ သွားမှပဲ၊ အတူတူလုပ်ကိုင်မှပဲ အားရှိမယ်၊ ကျနော်တို့အတွက်က အဖြေကောင်းရမယ်ဆိုတဲ့ အမြင်မျိုးကို ကျနော်တို့က ပိုထုတ်ဖော်ပြီးတော့ အားလုံးအတူတကွ ပါနိုင်ရေးကိုပဲ အတတ်နိုင်ဆုံး ညှိနှိုင်းနေတာ ဖြစ်ပါတယ်။”

တဘက်မှာလဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ NCA လက်မှတ်ရေးထိုးပြီးရင် သူတို့ရဲ့ လက်နက်တွေကို ဖြုတ်သိမ်းရမယ်ဆိုပြီး မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကနေ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီး အန်ဒရူးပတ်ထရစ်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံရာမှာ ၎င်းရဲ့သဘောထားကို ပြောဆိုခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အပစ်ရပ်ပြီး လက်နက်ဖြုတ်သိမ်း သွားမယ်ဆိုတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူအပေါ် လက်ခံနိုင်ဖွယ် မရှိဘူးလို့ ပဒိုစောကွယ်ထူးဝင်းက အခုလို ပြောပါတယ်။

“အပစ်အခတ်ရပ်စဲပြီး လက်နက်ဖြုတ်သိမ်းမယ်ဆိုတဲ့ ဝေါဟာရတော့ ကျနော်တို့ NCA ထဲမှာ မပါဘူးဗျ။ အဲဒီအထဲမှာတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းနဲ့ လုပ်ငန်းစဉ်များကို ညှိနှိုင်းပြီးတော့ အကောင်အထည် ဖော်သွားမယ်၊ သဘောတူညီချက်ရှိတဲ့ဟာကို ၂ ဘက်က အရင်ဦးဆုံး လုပ်ရမယ့်သဘော ရှိပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အပစ်ရပ်ပြီးတာနဲ့ လက်နက်ဖြုတ်သိမ်းရမယ် ဆိုတာကတော့ လက်ခံတဲ့ အနေအထားတော့ မရှိဘူး။”

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်း ဆောင်ရွက်ရေး SD အဖွဲ့ခေါင်းဆောင် (၃) ဦးနဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ KNU ကရင်အမျိုးသား အစည်းအရုံး၊ မွန်ပြည်သစ်ပါတီ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်၊ KNPP ခေါ် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ အစရှိတဲ့ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကနေ NCA လက်မှတ်ရေးထိုးရေး ကိစ္စနဲ့ပက်သက်ပြီး မြန်မာအစိုးရအဖွဲ့နဲ့ ဒီလကုန်ပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ပြီး တွေ့ဆုံမယ့်ရက်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးဖို့အတွက် သမ္မတ ဦးသိန်းစိန်ကနေ တိုင်းရင်းသား အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ် SD အဖွဲ့ဝင်တွေကို သြဂုတ်လ ၁၂ ရက်နေ့မှာ ဖိတ်ခေါ်ခဲ့ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့က လက်နက်ကိုင်အဖွဲ့ အားလုံးစုံနဲ့ NCAလက်မှတ်ရေးထိုးရေးကို လိုလားနေကြပေမဲ့ အစိုးရအနေနဲ့ လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ တအောင်းပလောင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ ရခိုင်တပ်မတော်၊ စတဲ့အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးဖို့ လက်မခံသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။

XS
SM
MD
LG