သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်-မောင်တော သန်းခေါင်စာရင်း ကောက်ယူမှု အခက်အခဲရှိ


ရခိုင်ပြည်နယ်။ စစ်တွေမြို့နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူစဉ် လိုအပ်တဲ့အချက်အလက်များကို မေးမြန်းပြီး သတ်မှတ်ထားတဲ့ ပုံစံစာရွက်အတွင်း ဖြည့်သွင်းနေစဉ်။ (မတ် ၃၀၊ ၂၀၁၄)
ရခိုင်ပြည်နယ်။ စစ်တွေမြို့နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူစဉ် လိုအပ်တဲ့အချက်အလက်များကို မေးမြန်းပြီး သတ်မှတ်ထားတဲ့ ပုံစံစာရွက်အတွင်း ဖြည့်သွင်းနေစဉ်။ (မတ် ၃၀၊ ၂၀၁၄)
ရခိုင်ပြည်နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကို ထည့်သွင်းခွင့်မပြုတာကြောင့် ဘူးသီးတောင်၊ မောင်တောဒေသအတွင်းက ကျေးရွာအများစုမှာ သန်းခေါင်စာရင်း ကောက်ယူလို့မရ ဖြစ်နေပါတယ်။ သန်းခေါင်စာရင်းကောက်ယူတာကို ဒီလို ငြင်းဆန်တာတွေရှိပေမဲ့ အခြေအနေက တည်တည်ငြိမ်ငြိမ်ပဲ ရှိနေတယ်လို့ မောင်တောခရိုင်ရဲမှူးက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နှစ် ၃၀ ကာလမှာ ပထမဆုံးအကြိမ်အဖြစ် သန်းခေါင်စာရင်း ပြန်လည် ကောက်ယူတာတွေကို ဒီလ ၃၀ ရက်နေ့က စတင်ခဲ့တာဖြစ်ပြီး အဲဒီနေ့မှာပဲ ရခိုင်ပြည်နယ်အတွင်းမှာ သန်းခေါင်စာရင်း ကောက်ယူရာမှာ ရိုဟင်ဂျာအမည်ကို ထည့်သွင်းကောက်ယူခွင့်မပြုကြောင်း အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီလို ထုတ်ပြန်ခဲ့တာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က ကျေးရွာအချို့မှာ သန်းခေါင်စာရင်းကောက်ယူတာကို လက်မခံခဲ့ကြကြောင်း ဒေသခံတဦးက ပြောပါတယ်။

“မောင်တောမှာ သန်းခေါင်စာရင်း ကောက်မယ့်သူတွေရောက်လာတယ်။ စာရင်းကောက်မယ့်သူတွေက ရိုဟင်ဂျာလို့ မရေးခိုင်းဘူး၊ သူတို့က ဘင်္ဂါလီပဲရေးခိုင်းတယ်။ ဒေသခံလူတွေက ရိုဟင်ဂျာလို့ ရေးခိုင်းရင်အဖြည့်ခံမယ်၊ မဟုတ်တာအဖြည့်မခံဘူး၊ အဲလိုပြောတယ်ဆိုတော့- ဘာမှ မဖြည့်ဘဲနဲ့ သူတို့ပြန်သွားတာပေါ့။”

ဘူးသီးတောင်၊ မောင်းတောဒေသတွေမှာ ဒီလို သန်းခေါင်စာရင်းကောက်ယူတာကို လက်မခံတဲ့ကျေးရွာတွေ အနည်းဆုံး ၁၀၀ ကျော် လောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။
မောင်တောမြို့နယ်က ရခိုင်ဒေသခံတဦးကတော့ ရခိုင်တိုင်းရင်းသားကျေးရွာတွေမှာ ကောက်ယူတာ ရှိတယ်လို့ ပြောပါတယ်။

“သန်းခေါင်စာရင်းက မနက်က ဗလီရှေ့ကို ဝင်တဲ့အချိန်မှာ သူတို့က ရိုဟင်ဂျာဆိုပြီးဖြည်ဖို့တောင်းလို့ မကောက်သေးပါဘူး၊ သူတို့ကိုလေ- သူတို့က ရိုဟင်ဂျာလို့ ဖြည့်မယ်လို့ ပြောနေတာ ကြားနေရတယ်။ ခူယားတို့- ဘာတို့ မောင်တောမြောက်ပိုင်းဘက်မှာ ရခိုင်ရွာတွေကို ကောက်နေကြပါတယ်။”

မောင်တောခရိုင် ခရိုင်ရဲမှူးကြီး ဦးရွှေသန်းကတော့ အခုလို သန်းခေါင်စာရင်းကောက်ယူတာကို လက်မခံတာတွေရှိပေမယ့် ဒေသတွင်းမှာ အကြမ်းဖက် တိုက်ခိုက်တာတွေတော့ မရှိဘူးလို့ ပြောပါတယ်။
“တချို့ကလည်း အကောက်မခံတာတွေ ရှိတယ်။ သူတို့က မဖြေဆိုနိုင်ဘူးပေါ့နော်၊ အဲလိုလည်း ရှိတယ်။ ရိုဟင်ဂျာလို့ ဖြေတာလည်းရှိတယ်။ အမျိုးမျိုးပေါ့။ ရုန်းရင်းဆန်ခတ်ဖြစ်တာတို့၊ ဝိုင်းတာ ပြုတာတွေတော့ မရှိပါဘူးဗျာ။”

ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေစုစည်းထားတဲ့ ရခိုင်ပြည် ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေး ကွန်ယက်အဖွဲ့ တာဝန်ရှိသူ တဦးကတော့ မောင်တောမြို့နယ် ရေနောက် ငါးသ ကျေးရွာအုပ်စုမှာ ရိုဟင်ဂျာလို့ ပြောတာကြောင့် ရွာသား၂ ယောက်ကို ထိပ်တုံးခတ် ချုပ်နှောင်ပြီး ရိုက်နှက်တာ၊ မြေပုံမြို့နယ်အတွင်းက ဒုက္ခသည်စခန်းမှာ ဘင်္ဂလီလို့ မဖြေရင် ရိက္ခာဖြတ်မယ်လို့ အာဏာပိုင်အဖွဲ့တွေက ခြိမ်းခြောက်တာတွေ ရှိနေကြောင်း စွပ်စွဲပြောဆိုတာတွေ ရှိနေပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

လွန်ခဲ့တဲ့ ရက်တွေအတွင်းကတော့ ရခိုင်အမျိုးသားတွေက သန်းခေါင်စာရင်းကောက်ယူရာမှာ ရိုဟင်ဂျာဆိုတဲ့ အမည်ကိုမထည့်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုချက်နဲ့ပတ်သက်ပြီး အစိုးရက တရားဝင် တစုံတရာ သတင်းမထုတ်ပြန်ခဲ့တာကြောင့် သန်းခေါင်စာရင်း ကောက်ယူတာကို သပိတ်မှောက်ခဲ့ပါတယ်။ ဒီလ ၃၀ ရက်နေ့မှာ အစိုးရက ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံကြောင်း တရားဝင်စာ ထုတ်ပြန်ခဲ့တဲ့နောက် ရခိုင်အမျိုးသားတွေက သပိတ်မှောက်တာကို ရပ်ဆိုင်းခဲ့ပါတယ်။
XS
SM
MD
LG