သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၄ သန်းခေါင်စာရင်းအရ ကိုးကွယ်မှုဘာသာ အချက်အလက်ထုတ်ပြန်


သန်းခေါင်စာရင်း လိုက်လံကောက်ခံစဉ်။ (မတ် ၃၀၊ ၂၀၁၄)
သန်းခေါင်စာရင်း လိုက်လံကောက်ခံစဉ်။ (မတ် ၃၀၊ ၂၀၁၄)

သန်းခေါင်စာရင်းကောက်ယူမှုမှာ ကိုးကွယ်မှုဘာသာအချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဒီကနေ့ တရားဝင် ထုတ်ပြန်လိုက်ပါပြီ။ ဒါပေမယ့်လည်း ပြည်နယ်အချို့မှာ သန်းခေါင်စာရင်းကောက်ခံမှု အခက်အခဲတွေရှိခဲ့တဲ့အတွက် ဒီကိန်းဂဏန်းဟာ တိတိကျကျမှန်ကန်မှု ရှိနိုင်မှာမဟုတ်ဘူးလို့ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး က ပြောပါတယ်။ ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားတာပါ။

၂၀၁၄ ခုနှစ်က ကောက်ခံခဲ့တဲ့ သန်းခေါင်စာရင်းစစ်ဆေးမှုအရ မြန်မာနိုင်ငံတွင်း ဗုဒ္ဓဘာသာကိုးကွယ်သူ ၈၇ ဒဿမ ၉ရာခိုင်နှုန်း၊ ခရစ်ယာန် ၆ဒဿမ ၂ရာခိုင်နှုန်း၊ အစ္စလာမ် ၄ဒဿမ ၃ရာခိုင်နှုန်း၊ ဟိန္ဒူ ဝဒဿမ ၅ရာခိုင်နှုန်း၊ နတ်ကိုးကွယ်သူ ဝဒဿမ ရာခိုင်နှုန်း၊ အခြားဘာသာ ဝဒဿမ ၂ရာခိုင်နှုန်းနဲ့ ဘာသာမရှိသူများ ဝဒဿမ ၁ရာခိုင်နှုန်း ရှိတယ်လို့ ဒီကနေ့ တရားဝင်ထုတ်ပြန်လိုက်တာပါ။

ဒါပေမယ့်လည်း အခြားဘာသာဝင်တွေရှိတဲ့ ပြည်နယ်အချို့မှာ သန်းခေါင်စာရင်းကောက်ခံမှု ခက်ခဲခဲ့တဲ့အခြေအနေကြောင့် ဒီစာရင်း တိကျမှန်ကန်ဖို့ ခဲယဉ်းတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောပါတယ်။

"ရခိုင်ပြည်နယ်မှာ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ လူဦးရေ အရွယ်အစားဟာ အတန်အသင့် ကြီးမားတဲ့အတွက် ကိုးကွယ်တဲ့ဘာသာအလိုက် လူဦးရေ အချိုးအစားကို အကျိုးသက်ရောက်မှု အနည်းငယ် ရှိပါတယ်။ ကရင်ပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ မကောက်ယူနိုင်ခဲ့တဲ့ လူဦးရေ အရွယ်အစား ပမာဏဟာ သေးငယ်တဲ့အတွက် ကိုးကွယ်တဲ့ ဘာသာအချိုးအစားပေါ်မှာ အကျိုးသက်ရောက်မှု မရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကိုးကွယ်တဲ့ဘာသာ အစီရင်ခံစာမှာ အပိုင်းနှစ်ပိုင်းခွဲခြားပြီး ဖော်ပြထားပါတယ်။

ပထမပိုင်းမှာ စာရင်းကောက်ယူခဲ့တဲ့ လူဦးရေကို ကိုးကွယ်တဲ့ ဘာသာအလိုက် ဖော်ပြထားပြီး ဒုတိယပိုင်းမှာတော့ ရခိုင်ပြည်နယ်မှာ စာရင်းမကောက်ယူနိုင်ခဲ့တဲ့ လူဦးရေဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူတွေ ဖြစ်တယ်လို့ ယူဆတွက်ချက်ထားတာဖြစ်ပါတယ်။"

ရခိုင်ပြည်နယ်တွင်း သန်းခေါင်စာရင်းကောက်ခံစဉ်။
ရခိုင်ပြည်နယ်တွင်း သန်းခေါင်စာရင်းကောက်ခံစဉ်။

အခု စာရင်းအရဆိုရင် မူဆလင်ဦးရေ ပေါက်ကွဲလာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေ နဲ့ယှဉ်ရင် ကွဲပြားမှုတွေရှိနေပါတယ်။ အရင်တုန်းက ရှိထားတဲ့ ကိန်းဂဏန်းနဲ့ဆိုရင် အစ္စလာမ်ဘာသာဝင် အရေအတွက် သိသိသာသာ တိုးလာတာ မတွေ့ရဘူး လို့ မြန်မာ့အရေးလေ့လာသူ ဦးအောင်သူငြိမ်း က ပြောပါတယ်။

" ပြောမယ်ဆိုရင်တော့ အခု လူတွေ စိုးရိမ်နေတာရှိတာပေါ့နော်။ မူဆလင်တွေက လူဦးရေ အရေအတွက် သိပ်များနေတယ်တို့၊ မူဆလင်ခိုးဝင်တဲ့သူတွေ သိပ်တိုးပွားနေတယ်တို့ ဆိုတဲ့သတင်းမျိုးတွေပေါ့။ အဲ့တော့ အခုလက်ရှိ သန်းခေါင်စာရင်းကို ကျနော်တို့ ယုံကြည်တယ်လို့ပြောရင် ကျနော်တို့ ဒီစိုးရိမ်ချက်တွေဟာ ရှိစရာမလိုဘူးဆိုတဲ့ အနေအထားမျိုး တွေ့ရ တယ်ဗျ။ လောလောဆယ်မှာပေါ့ဗျာ ကျနော်တို့မှာ ဒီစာရင်းမှ မယူရင်လည်း ကိုးကွယ်သည့်ဘာသာ ကိန်းဂဏန်းမရှိဘူးပေါ့နော်။ မရှိတဲ့အခါကျတော့ လက်ရှိ သန်းခေါင်စာရင်းကိုပဲ အခြေတည်ပြီးတော့ စ စဉ်းစားရမယ့်ပုံမျိုးပေါ့။ နောက်ပိုင်း သန်းခေါင်စာရင်းတွေ ကောက်နိုင်ရင်တော့ ပိုပြီးတော့ တိကျဖို့ ဖြစ်လာမှာပေါ့။ အဲ့လိုမျိုးပဲ တွက်လို့ရပါတယ်။ "

တအိမ်တက်ဆင်း လိုက်လံကောက်ခံ
တအိမ်တက်ဆင်း လိုက်လံကောက်ခံ

ဒီထုတ်ပြန်လိုက်တဲ့ ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းမှာ တိုင်းနဲ့ ပြည်နယ်အဆင့်ထိသာ ထုတ်ပြန်ထားပြီး ခရိုင်၊ မြို့နယ်အဆင့် ကိုးကွယ်ရာဘာသာ လူဦးရေစာရင်းအချိုးအစားကိုတော့ ထုတ်ပြန်ခြင်း မရှိပါဘူး။အချို့သော ဒေသ တွေမှာ လူဦးရေအနည်းငယ်သာရှိတဲ့အတွက် ကိုယ်ရေးအချက်အလက် လုံခြုံစိတ်ချရမှုကို ကျိုးပေါက်စေ နိုင်တာကြောင့် မထုတ်ပြန်တာဖြစ်တယ်လို့ ဦးသိန်းဆွေကပြောပါတယ်။

လက်ရှိမှာ ၂၀၁၄ခုနှစ်၊ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူမျိုးစာရင်း ထုတ်ပြန်ဖို့ကျန်နေပါ သေးတယ်။ ဒီကျန်နေတာတွေနဲ့ ပတ်သတ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကတော့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဌာနနဲ့ ညှိနှိုင်းလုပ်ဆောင်နေတာတွေရှိတယ်လို့သာပြောဆိုခဲ့ပြီး ဘယ်တော့ ထုတ်ပြန် မလဲဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။ သင့်တော်တဲ့အချိန်သာ ထုတ်ပြန်မယ်လို့ဘဲ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG