သုံးရလွယ်ကူစေသည့် Link များ

၂၀၁၄ က ကောက်ယူခဲ့တဲ့ မြန်မာနိုင်ငံလူဦးရေနဲ့ အိမ်အကြောင်း သန်းခေါင်စာရင်း ပင်မအစီရင်ခံစာကို မေလ (၂၉) ရက်နေ့က မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့ ထုတ်ပြန်ပါတယ်။ (၂၇၈) စာမျက်နှာ အစီရင်ခံစာကို သန်းခေါင်စာရင်းအတွဲ (၂) လို့ခေါ်ပြီး ၂၀၁၄ သြဂုတ်လမှာ ထုတ်ပြန်တဲ့ (၅၇) စာမျက်နှာပါ ရှေ့ ပြေးလူဦးရေစာရင်းကိုတော့ အတွဲ (၁) လို့ ခေါ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တခုစီရဲ့  အစီရင်ခံစာ (၁၅) ခု ပါဝင်တဲ့ သန်းခေါင်စာရင်း အတွဲ (၃) ကိုတော့ ရှေ့ နှစ်အစောပိုင်းလောက်မှာ ထုတ်ပြန်နိုင်မယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့နဲ့ နိုင်ငံတကာက ကူညီလို့ အကောင်အထည်ဖော်နိုင်တာလို့ ဆိုပါတယ်။

သြစတြေးလျ (Australia), ဖင်လန် (Finland), နော်ဝေ (Norway), ဆွီဒင် (Sweden), ဂျာမဏီ (Germany), အီတလီ (Italy), ဆွစ်ဇလန် (Switzerland), ဗြိတိန် (Britain), အမေရိကန် (America) တို့ကလည်း နည်းပညာ၊ ငွေကြေးနဲ့ ပစ္စည်းကိရိယာတွေလည်း ကူညီထောက်ပံ့ကြောင်း သိရပါတယ်။ မဆလခေတ် (၂၆) နှစ်မှာ အထက်လူကြီးကြိုက်အောင် စာရင်းလိမ်ပြတာတွေ များလွန်တဲ့အတွက် မြန်မာအစိုးရရဲ့  စာရင်းဇယားကို ကမ္ဘာမှာ အယုံအကြည် မရှိကြပါဘူး။ စစ်အာဏာရှင်ခေတ် (၂၃) နှစ်မှာ စာရင်းဇယား ထုတ်ပြန်ကြေညာတာမျိုး မလုပ်ဘဲ ထင်သလိုလုပ်တဲ့အတွက် မြန်မာ့အခြေအနေကို ခန့်မှန်းရုံသာ လုပ်နိုင်ပါတယ်။ ဒါကြောင့် လက်ရှိ သန်းခေါင်စာရင်းကို ပထမဦးဆုံး နိုင်ငံတကာ စံချိန်မီစာရင်းလို့ ဆိုနိုင်ပါတယ်။

တိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖော်ရာမှာ လူဦးရေ၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး စတဲ့ အခြေအနေတွေကို မှန်ကန်စွာ သိရှိနားလည်မှသာ အောင်မြင်နိုင်ပါတယ်။ ဒီနေရာမှာ သန်းခေါင်စာရင်းဟာ အလွန်အရေးကြီးပါတယ်။ အနှစ် (၅၀) စစ်အာဏာရှင် ကြီးစိုးမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူမှုစီးပွားရေး ကွာဟမှုနဲ့ မညီမျှမှုတွေကို သန်းခေါင်စာရင်းက ပြသတာမို့ ပြဿနာဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အများကြီး အထောက်အကူ ပြုပါတယ်။ စာရင်းကောက်ယူတဲ့ သီတင်းနှစ်ပတ်မှာ စာရင်းကောက်ခံသူ တသိန်းကျော်ဟာ နိုင်ငံတဝှမ်းက အိမ်ထောင်စုစုပေါင်း (၁၁) သန်းကျော်၊ လူဦးရေ (၉၈) ရာခိုင်နှုန်းကို တွေ့ဆုံပြီး စာရင်းပြုစုနိုင်ခဲ့ပါတယ်။ ရိုဟင်ဂျာအမည် ပြဿနာပေါ်တဲ့ ရခိုင်၊ ကချင်နဲ့ ကရင်ပြည်နယ်ဒေသအချို့ မှာ စာရင်းမကောက်ယူနိုင်တဲ့အတွက် လူဦးရေ (၂) ရာခိုင်နှုန်းဟာ ခန့်မှန်းချက် ဖြစ်ပါတယ်။

ဒါကြောင့်မို့ သန်းခေါင်စာရင်းမှာ ဖော်ပြတဲ့ မြန်မာနိုင်ငံရဲ့  လူဦးရေစုစုပေါင်း (၅၁) သန်းခွဲမှာ ခန့်မှန်းတဲ့လူဦးရေ တသန်းနှစ်သိန်းကျော်လည်း ပါဝင်နေပါတယ်။ ရခိုင်ပြည်နယ်မှာ ခန့်မှန်းတဲ့ လူဦးရေ တသန်းကျော်ရှိပြီး၊ ကချင်ပြည်နယ်မှာ လေးသောင်းကျော် ရှိပါတယ်။ ကေအိုင်အေ လက်အောက်က ကျေးရွာ (၉၇) ရွာမှာ စာရင်းမကောက်နိုင်ပါဘူး။ ကေအင်ယူ တပ်မဟာ (၅) ဌာနချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်မြို့ နယ်က ကျေးရွာအချို့ မှာ စာရင်းကောက်ယူခွင့် မရတဲ့အတွက် ကေအင်ယူ ပေးပို့တဲ့ လူဦးရေ (၇) သောင်းနီးပါးကို ခန့်မှန်းချေအဖြစ် ဖော်ပြထားပါတယ်။ ဒါကြောင့် လူဦးရေ သန်း (၅၀) နဲ့ နှစ်သိန်းကျော်ကိုသာ စာရင်းကောက်ယူနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော် မဆလခေတ် (၁၉၈၃) မှာ ကောက်ယူခဲ့တဲ့ လူဦးရေးထက်စာရင် (၄၆) ရာခိုင်နှုန်း ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းမှာ လူဦးရေ (၇) သန်း ရှိတာမို့ အများဆုံး ဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေ (၁၄) ရာခိုင်နှုန်းဟာ ရန်ကုန်တိုင်းမျာ နေထိုင်ပါတယ်။ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းမှာ လူဦးရေ (၆) သန်းကျော်စီရှိပြီး၊ ရှမ်းပြည်နယ်မှာ လူဦးရေ (၆) သန်းနီးပါး၊ စစ်ကိုင်းတိုင်းမှာ (၅) သန်းကျော် ရှိပါတယ်။ ဒီတိုင်းနဲ့ ပြည်နယ် (၅) ခုမှာ တိုင်းပြည်လူဦးရေ (၆၀) ရာခိုင်နှုန်း နေထိုင်ပါတယ်။ ဒါပေမဲ့ မြို့ နေလူဦးရေဟာ ရန်ကုန်တိုင်းမှာ အများဆုံးဖြစ်ပြီး (၇၀) ရာခိုင်နှုန်း ရှိပါတယ်။ ဧရာဝတီတိုင်းမှာ မြို့ ပြနေထိုင်သူ (၁၄) ရာခိုင်နှုန်းရှိပြီး မန္တလေးတိုင်းမှာတော့ (၃၅) ရာခိုင်နှုန်း ရှိပါတယ်။ တပြည်လုံး ခြုံကြည့်လိုက်ရင်တော့ လူတရာမှာ (၃၀) သာ မြို့ ပြမှာ နေထိုင်ကြပြီး ကျေးလက်မှာ နေထိုင်သူ (၇၀) ရှိပါတယ်။ ရန်ကုန်တိုင်းတခုတည်းမှာသာ မြို့ နေလူဦးရေ (၇၀) ရာခိုင်နှုန်းနဲ့ တောနေလူဦးရေ (၃၀) ရာခိုင်နှုန်း ရှိနေပါတယ်။

အလုပ်လက်မဲ့ အများဆုံးဟာ ရခိုင်ပြည်နယ်ဖြစ်ပြီး၊ ကရင်ပြည်နယ်က ဒုတိယ၊ မွန်ပြည်နယ်က တတိယ အများဆုံး ဖြစ်ပါတယ်။ ပြည်တွင်းမှာ အလုပ်အကိုင် မကောင်းတာကြောင့် နိုင်ငံခြားထွက်ပြီး အလုပ်လုပ်သူ (၂) သန်းကျော်ရှိကြောင်း သိရပါတယ်။ ဒီအထဲမှာ (၇၀) ရာခိုင်နှုန်းက ထိုင်းနိုင်ငံမှာ ရောက်နေပါတယ်။ အရေအတွက်နဲ့ဆိုရင် ထိုင်းနိုင်ငံမှာ တသန်းခွဲ၊ မလေးရှားမှာ (၃) သိန်း၊ တရုတ်ပြည်မှာ (၉) သောင်း၊ စင်္ကာပူမှာ (၈) သောင်း၊ အမေရိကန်မှာ (၃) သောင်းခွဲ၊ အိန္ဒိယမှာ (၂) သောင်း၊ တောင်ကိုရီးယားမှာ (၁) သောင်း၊ ဂျပန်မှာ (၈) ထောင်နဲ့ အခြားနိုင်ငံတွေမှာ (၅) သောင်းလောက်ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ထောင်စု (၁၁) သန်းရှိတဲ့အနက် ဝါးအိမ်နဲ့နေတဲ့ မိသားစု (၄) သန်းကျော်ရှိပြီး တဲ့အိမ်မှာနေတဲ့ မိသားစုက (၄) သိန်းလောက်ရှိတာကြောင့် ဆင်းရဲတဲ့ အိမ်ထောင်စု လေးသန်းခွဲ ရှိတယ်လို့ ပြောနိုင်ပါတယ်။ အိမ်ထောင်စု (၄၀) ရာခိုင်နှုန်းဟာ ဆင်းရဲသားတွေပါ။ သစ်သားအိမ်မှာနေတဲ့ မိသားစုဦးရေကလည်း လေးသန်းခွဲလောက် ရှိပါတယ်။ ကွန်ဒို၊ တိုက်ခန်းနဲ့ တိုက်ခံအိမ်မှာနေတဲ့ အိမ်ထောင်စုက နှစ်သန်းနီးပါး ရှိပါတယ်။ ဒီအိမ်ထောင်စုတွေရဲ့  လျှပ်စစ်မီးသုံးစွဲမှု၊ သောက်သုံးရေနဲ့ မိလ္လာစနစ် စတာတွေကိုလည်း သန်းခေါင်စာရင်းမှာ တွေ့နိုင်ပါတယ်။

XS
SM
MD
LG