သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခအတွင်း မြန်မာကလေးများ ပြန်လည်ပျိုးထောင်ရေးအစီအစဉ်


မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရတဲ့ ကလေးငယ်တွေ ဘဝပြန်လည်ထူထောင်နိုင်ရေး အစီအစဉ်တခုကို ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူတွေ မကြာသေးခင်ကပဲ စတင်ခဲ့ကြပါတယ်။ ကလေးငယ်တွေရဲ့ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရန်ကုန်တိုင်းက မြို့ပြဆင်ခြေဖုံးတွေမှာ စတင်လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကိုတော့ နောက်ပိုင်းမှာ ပဋိပက္ခဖြစ်ရာ ဒေသတွေအထိ တိုးချဲ့သွားဖို့လည်း စီစဉ်နေကြတာပါ။ အသေးစိတ်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

မြန်မာတနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဘေးသင့်ဒေသတွေ၊ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေက ကလေးငယ်တွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ပြန်လည် ထူထောင်ရေး “ကလေးတွေအတွက် ငြိမ်းချမ်းရေး” လို့ အမည်ပေးထားတဲ့ အစီအစဉ်နဲ့ စတင် ဆောင်ရွက်နေတဲ့ အကြောင်း မြန်မာနိုင်ငံ ကလေးသူငယ်အခွင့်အရေးများ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ရက်အဖွဲ့က ပြောပါတယ်။ ကျန်းမာရေး၊ ပညာရေးစတဲ့ ကလေးသူငယ်တွေ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ နို ကြိုးစားနေတာ ဖြစ်တယ်လို့လည်း စီမံကိန်းဒါရိုက်တာ ဦးအာကာစိုးနောင်က ရှင်းပြပါတယ်။

“ကလေးတွေအတွက် ငြိမ်းချမ်းရေးရှိဖို့ လိုအပ်တယ်။ ဟိုရောက် ဒီရောက် ရောက်တာတွေ၊ ဂေဟာတွေကို ရောက်တာတွေ၊ ကလေးတွေအတွက် ဘဝလုံခြုံမှု မရှိတာတွေ၊ နွေးထွေးမှု မရှိတာတွေ၊ ကလေးတွေကို ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ဆိုတဲ့ အခွင့်အရေးတွေ ဆုံးရှုံးတာတွေ ရှိတယ်။ တခြား ပညာရေးနဲ့ပတ်သက်ပြီးတော့ ဆုံးရှုံးတာတွေ ရှိတယ်။ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ဆုံးရှုံးတာတွေ ရှိတယ်ပေါ့နော်။ အဲဒီ Peace Process သည်လည်း ကလေးတွေအတွက် အရေးပါတယ်ဆိုတဲ့ဟာကို ကျနော်တို့က “Peace” သည် လူမျိုးတမျိုးအတွက်တင် မဟုတ်ဘူး၊ ဘာသာတစ်ခုအတွက်လည်း မဟုတ်ဘူး၊ “Peace” သည် နိုင်ငံသား အားလုံးအတွက် ဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့နော်။ Peace Process တွေမှာ နိုင်ငံသားတိုင်းဟာ ပါဝင်ဆောင်ရွက်-ဆိုတဲ့ အရာလေးကို ကျနော်တို့က public ကို ချပြလိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။”

ကလေးငယ်တွေရဲ့ အနာဂတ်ဘဝငြိမ်းချမ်းလုံခြုံမှုရှိရေး တနိုင်ငံလုံးအတိုင်းအတာနဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်သမ္မတ အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီကိုပါ အသိပေးအကြောင်းကြားထားပြီး နှစ်ရှည်စီမံကိန်း ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြတယ်လို့ လည်း ပြောပါတယ်။ ရန်ကုန်မြို့ အနီးအနား မြို့နယ်တွေက စတင်ခဲ့တဲ့ စီမံကိန်းကိုတော့ တခြားလက်နက်ကိုင် တိုက်ပွဲတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ကြုံခဲ့ရတဲ့ ဒေသတွေအထိ တိုးချဲ့သွားဖို့လည်း ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

“Peace Process တွေလုပ်နေတဲ့ အစိုးရပိုင်းက မြန်မာ Peace Center လိုမျိုးတွေကပေါ့။ ပူးပေါင်းကူညီမှု မရှိဘဲနဲ့တော့ အခု ကျနော်တို့လုပ်တဲ့ Peace for Children လည်းပဲ လိုချင်တဲ့ Target အထိ ရောက်မှာ မဟုတ်ဘူးပေါ့။ အဲဒါကြောင့်မို့လို့ ကျနော်တို့က သူတို့ကိုလည်း ချဉ်းကပ်တယ်။ ဒါလေးတွေလည်း ချပြတယ်။ ဝန်ကြီးနဲ့လည်း တွေ့ပြီးပြီပေါ့နော်။ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့- ဝန်ကြီးကလည်း အားပေးပါတယ်။ သူတို့ဘက်က Backing လုပ်ပေးမယ်ဆိုတဲ့အကြောင်း၊ သူတို့နဲ့ စိတ်သဘောထားချင်း တထပ်တည်းဖြစ်တဲ့အကြောင်း၊ ဒါလေးတွေကိုတော့ ပြောပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးအစိုးရဆီမှာ ၂၆ မြို့နယ်တင်ထားတယ်။ ပညာရေး၊ ကျန်းမာရေး တစ်ခုတည်းတော့ မဟုတ်ဘူးပေါ့နော်။ သူတို့ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့တွေ၊ အကြောင်းအမျိုးမျိုးကြောင့် သူတို့ရဲ့ ဘဝလုံခြုံမှု မရှိတဲ့- ကာကွယ်စောင့်ရှောက်ခွင့် ဆုံးရှုံးနေတဲ့ကလေးတွေပေါ့၊ ကလေးတွေက ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်ရှိတယ်လေ။ ဒါပေမယ့် တချို့ကလေးတွေက ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့် မရတဲ့အပြင် abuse အလုပ်ခံရတယ်၊ အတင်းအဓမ္မ အလုပ်သမားအဖြစ်၊ လုပ်ချင်ချင်၊ မချင်ချင် ဘဝပေးအခြေအနေအရ လုပ်ရတဲ့ဟာမျိုးတွေရှိတယ်။ တချို့ကလည်း တောင်းစားနေကြရတယ်။ အမျိုးမျိုးပေါ့။ အဲဒီဟာတွေ လျော့နည်းပပျောက်သွားဖို့၊ ဒါလည်းတပိုင်းပေါ့နော်။”

စီမံကိန်းမှာတော့ ကလေးငယ်တွေကို စောင့်ရှောက်ပေးနေတဲ့ ဂေဟာတွေ၊ အခမဲ့ပညာသင်ကြားပေးနေတဲ့ စာသင်ကျောင်းတွေ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သလို လူမှုရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွစွာပါဝင်ကြတဲ့ အနုပညာရှင်တွေကိုလည်း ကလေးသူငယ်အခွင့်အရေး ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သံတမန်တွေအဖြစ် ခန့်အပ်ထားတယ်လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ကတော့ မကြာသေးခင် နှစ်တွေအတွင်း ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုအပေါ် အခြေခံတဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း သိန်းနဲ့ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတဲ့ ရခိုင်ပြည်နယ်အတွင်းက ကလေးငယ်တွေ ဖွံ့ဖြိုးရေး၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်ရေးအတွက် အမေရိကန်ဒေါ်လာ ၁၂ သန်း သုံးစွဲမှာ ဖြစ်တယ်လို့လည်း မကြာသေးခင်ကပဲ ကြေညာထားပါတယ်။
XS
SM
MD
LG