သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-တရုတ်ဆက်ဆံရေးကြောင့် ဒေသတွင်းပြေလည်နိုင်


ပြန်ကြားရေးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်- ပုဂံမြို့၊ နန်းမြင့်မျှော်စင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄။ ဓာတ်ပုံ/စည်သူ)
ပြန်ကြားရေးဌာန ဒု-ဝန်ကြီး ဦးရဲထွဋ်- ပုဂံမြို့၊ နန်းမြင့်မျှော်စင်မှာ သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။ (ဇန်နဝါရီ ၁၆၊ ၂၀၁၄။ ဓာတ်ပုံ/စည်သူ)
မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အပြည့်အဝတာဝန်ယူနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ခဲ့ပြီးဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ်နဲ့လည်း ဒေသတွင်း ပြဿနာရပ်တွေ အပေါ်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒရပ်တည်ချက်အတိုင်း ဘတ်မလိုက်ပဲ ညှိနှိုင်းအဖြေရှာနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ ပုဂံ အာဆီယံ အစည်းအဝေးအတွင်း နန်းမြင့်မျှော်စင်မှာပြုလုပ်သွားတဲ့ ပြန်ကြားရေး ဒု ဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲနဲ့ပတ်သက်လို့တော့ ပုဂံမြို့ရောက်နေတဲ့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာအစည်းအဝေး ဒေသတွင်းအစည်းအဝေးတွေ လက်ခံကျင်းပဖို့ ဝန်ဆောင်မှုအတွက် အခြေခံအဆောက်အအုံတွေကအစ ဒေသတွင်းပြဿနာရပ်တွေကို ဦးဆောင်ဖြေရှင်းပေးနိုင်မယ့် အနေအထားရှိပ့ါမလားဆိုတဲ့ သံသယတွေ တွေ့ရပါတယ်။ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အားနည်းချက်အချို့ရှိနိုင်ပေမယ့် အာဆီယံဥက္ကဋ္ဌတာဝန်ယူနိုင်ဖို့ သုံးနှစ်လောက်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ကျနော်တို့ အရှေ့တောင်အာရှ အားကစားပွဲကို လက်ခံကျင်းပမယ်ဆိုတုန်းကလည်း လူတွေက ဒီလိုပဲ ထင်နေကြတယ်။ သို့သော် ဘာပဲပြောပြော တကယ်လုပ်တဲ့အခါကျတော့ လူပေါင်း ထောင်ချီလုပ်တဲ့အခမ်းအနားတစ်ခုမှာ သာမန်ပေါ်လေ့ပေါ်ထရှိတဲ့ သာမန်ပြဿနာမျိုးကလွဲရင် ကျနော်တို့ ပြဿနာကြီးကြီးမားမားမျိုး မဖြစ်ခဲ့ပါဘူး။ တကယ်တော့ ဒီ အာဆီယံဥက္ကဋ္ဌရာထူးဆိုတာကလည်း ၂၀၁၁ ခုမှာ စပြီးတော့ ဆုံးဖြတ်တယ်။ အဲဒီအချိန်ကတည်းက သုံးနှစ်တိတိ ကျနော်တို့ ပြင်ဆင်ခဲ့တယ်။”

အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာအနေနဲ့ ဒေသတွင်းပြဿနာရပ်တွေကိုလည်း ဦးဆောင်ဖြေရှင်းရတဲ့နေရာမှာ ဘက်လိုက်မှုမရှိဘဲ ညှိနှိုင်းဖြေရှင်းရေးကို ဦးတည်ဆောင်ရွက်သွားမယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။ အထူးသဖြင့် မြန်မာနဲ့နီးစပ်မှုရှိတဲ့ တရုတ်နဲ့ အာဆီယံဆက်ဆံရေး ပိုပြီး အားဖြစ်လာစေမယ် မျှော်လင့်တဲ့သဘောလည်း ဦးရဲထွဋ်က ပြောသွားပါတယ်။

“ဒါဟာ ကျနော်တို့ရဲ့အစဉ်အလာ၊ တသက်လုံးကျင့်သုံးခဲ့တဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ - ဒီလိုဖြေရှင်းမှုမျိုးမှာ အားလုံးရဲ့ယုံကြည်မှုကို ရစေမယ်လို့ ကျနော်တို့ထင်တယ်။ နောက်တခုက တရုတ်နိုင်ငံနဲ့ ကျနော်တို့နဲ့ရှိနေတဲ့ အပြန်အလှန်နားလည်မှု၊ ကောင်းမွန်တဲ့ဆက်ဆံရေးသည် အာဆီယံဥက္ကဋ္ဌရာထူးဖြစ်လို့ ဒေသတွင်း ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အနှောင့်အယှက်အတားအဆီးတစ်ခုမဖြစ်ဘဲ အင်အားဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။ အာဆီယံဥက္ကဋ္ဌတာဝန် ရာထူး ယူနေတဲ့အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီး DOC လို့ခေါ်တဲ့ Document on Code of Conduct ဆိုတဲ့ သဘောတူချက်တစ်ခုရဖို့အတွက် ပထမအဆင့်အနေနဲ့ ဦးစားပေးပြီးတော့ ဆောင်ရွက်သွားမယ်။ ဒီလိုဆောင်ရွက်တာမှာ အခုနက ကျနော်ပြောသလိုပဲ ဒီပြဿနာမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတိုင်းဟာ အချင်းချင်းငြိမ်းချမ်းစွာ ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းကနေပြီးတော့ပဲ ဒါကို လုပ်နိုင်မယ်လို့၊ ဒီလိုပဲ ယုံကြည်တယ်။ ဒီအတိုင်းပဲ ကျနော်ထောက်ခံတယ်။ တကယ်လို့ DOC အဆင်ပြေသွားမယ်ဆိုရင် အဲဒီကတဆင့်တက်ပြီးတော့မှ တောင်တရုတ်ပင်လယ်နဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတိုင်းက လိုက်နာကျင့်သုံးရမယ့် Code of Conduct – COC ပေါ်ပေါက်ဖို့ ကျနော်တို့ကဆက်ပြီး ဆောင်ရွက်သွားမယ်။”

အာဆီယံ ဥက္ကဋ္ဌရာထူးတာဝန်ယူတဲ့ကာလအတွင်းမှာ မြန်မာအစိုးရအတွက်ရော မြန်မာပြည်သူတွေအတွက်ပါ အခွင့်အခါကောင်းတွေရရှိဖို့ ဖြစ်စေမယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း ပြောသွားပါသေးတယ်။

“နှစ်ပေါင်းများစွာ နိုင်ငံတကာနဲ့ဆက်ဆံရေးမှာ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်ဆက်ဆံမှု လျော့နည်းခဲ့တော့ အခုလိုမျိုး နိုင်ငံတကာ အဖွဲ့ကြီးတစ်ခုကို ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံတွေရော၊ နိုင်ငံတကာကရော ထောက်ခံခြင်းသည် ကျနော်တို့ လုပ်နေတဲ့ ပြုပြင် ပြောင်းလဲမှု အပေါ်မှာ ပိုပြီးတော့မှ ယုံကြည်မှုရစေတဲ့ အခွင့်အလမ်းမျိုး ရှိပါတယ်။ ကျန်တာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံတကာနဲ့ဆက်သွယ်မှု များလာတဲ့အတွက်ကြောင့်မို့လို့ အစိုးရအနေနဲ့ရော၊ ပြည်သူအနေနဲ့ရော ပိုမိုပြီးတော့မှ ပွင့်လင်းမြင်သာမှုရှိလာမယ်၊ နိုင်ငံတကာစံတွေကို ပိုပြီးတော့ နားလည်လာမယ်၊ လုပ်ထုံးလုပ်နည်းတွေကို ပိုသိလာမယ်။ နောက်တခါ ဟိုတယ်လ်နဲ့ခရီးသွားလို လုပ်ငန်းတွေမှာ၊ နောက် စီးပွားရေးလုပ်ငန်းတွေမှာ အာဆီယံစီးပွားရေးအသိုင်းအဝိုင်းနဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အခွင့်အရေးတွေ ရလာနိုင်တယ်။ ဒါကတော့ ကျနော်တို့ ယေဘုယျပြောမယ်ဆိုရင် ပေါ်ပေါက်လာနိုင်တဲ့အခွင့်အလမ်းတွေပါပဲ။”

မြန်မာအနေနဲ့ ဒေသတွင်း ပြဿနာတွေကို ဦးဆောင်ဖြေရှင်းရာမှာ ဘက်မလိုက်ပဲ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ကြိုးပမ်းပေးသွားမယ်လို့ ပြောပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာ လတ်တလော ကြုံရတဲ့ ပြဿနာရပ်ဖြစ်တဲ့ မွတ်ဆလင်လူနည်းစုကိစ္စရပ်တွေကတော့ ပြည်တွင်းရော သဘောဖြစ်တယ်လို့ ဦးရဲထွဋ်က သတင်းထောက်တွေ မေးမြန်းချက်ကို တုန့်ပြန်ပါတယ်။ မြန်မာနိုင်ငံ အနောက်ခြမ်းမှာရှိတဲ့ ရိုဟင်ဂျာလူနည်းစုတွေကိစ္စရပ်မှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသုံးစွဲမှုကို သူတို့အစိုးရအနေနဲ့ အသိအမှတ်မပြုကြောင်းနဲ့ ဒီပြဿနာရပ်ကို လူမှောင်ခိုကူးမှုလို အခြားရှုဒေါင့်ကနေ ကိုင်တွယ် ဖြေရှင်း သွားလိုတယ်လို့ ပြောပါတယ်။

“ဒီပြဿနာတွေက ကျနော်တို့ဖြေရှင်းခြင်းသည် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ မြန်မာနိုင်ငံအစိုးရနဲ့ မြန်မာပြည်သူတွေကပဲ ဖြေရှင်းမှာဖြစ်ပါတယ်။ သို့သော် တခြားနိုင်ငံတွေမှာ ဒီလိုမျိုး လူ့အသိုင်းအဝိုင်းကြားမှာဖြစ်တဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့အတွေ့အကြုံတွေကို ပြောပြမယ်ဆိုရင်တော့ ကျနော်တို့ နားထောင်ပြီးတော့မှ ကိုယ့်နိုင်ငံနဲ့ကိုက်ညီတယ်ဆိုရင်တော့ ကျင့်သုံးကောင်း ကျင့်သုံးမယ်။ သို့သော် ကျနော်တို့ရဲ့ပြည်တွင်းကိစ္စကိုတော့ ဘယ်သူကမှလာပြီးတော့ ဒီလိုလုပ်ပါ-ဘာညာလို့ ပြောဖို့ အကြောင်းမရှိဘူး။ တကယ်လို့ လုပ်မယ်ဆိုလည်း ကျနော်တို့အစိုးရအဖွဲ့ရယ်၊ ဥပဒေပြုအဖွဲ့အစည်းတွေနဲ့ ပြည်ထောင်စုလွှတ်တော်ရယ်၊ ပါဝင်ပတ်သက်နေတဲ့လူ့အသိုင်းအဝိုင်းတွေရယ်၊ မြန်မာပြည်သူတွေရယ် ဒါတွေကပဲ စဉ်းစားဆုံဖြတ်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကပဲ ဆောင်ရွက်သွားဖို့ရှိတယ်။”

မြန်မာသမ္မတ ပြောခွင့်ရသူလည်းဖြစ်၊ အစိုးရ ပြန်ကြားရေး ဒုဝန်ကြီးလည်းဖြစ်တဲ့ ဦးရဲထွဋ်က သတင်းထောက်တွေကို ဖြေကြား ပြောဆို သွားတာတွေပါ။ ဒီကနေ့ အာဆီယံအစည်းအဝေးအတွင်းမှာတော့ ဒီကနေ့ မနက်ပိုင်းမှာ အာဆီယံ အမြဲတမ်းကိုယ်စားလှယ်များကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ကြပါတယ်။ ဒီနောက်တော့ အာဆီယံ အဆင့်မြင့်အရာရှိကြီများအစည်းအဝေးကို ကျင်းပပါတယ်။ အာဆီယံ နိုင်ငံရေးနဲ့ လုံခြုံရေးအသိုက်အဝန်း အကောင်အထည်ဖော်ရေးကိစ္စ၊ ဥက္ကဋ္ဌ တာဝန်ယူစဉ်မှာ ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်သွားမယ့်ကိစ္စ၊ ၂၀၁၅ အလွန် အာဆီယံ အသိုက်အဝန်းအတွက် မျှော်မှန်းချက်တွေချမှတ်ရေး အာဆီယံ ပြင်ပဆက်ဆံရေးဆိုင်ရာ လမ်းညွှန်းချက် ချမှတ်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေးအပြီးမှာ ထုတ်ပြန်ပါတယ်။ အသေးစိတ် ဘာတွေလဲ ဆိုတာကိုတော့ ရှင်းလင်းထားတာမရှိပါဘူး။ နိုင်ငံခြားရေးဝန်ကြီးတွေကတော့ ဒီကနေ ညနေပိုင်းကစပြီး စတင်ရောက်ရှိနေကြပါပြီ။ မနက်ဖြန်မနက်ပိုင်းမှာတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ စတင်ဆွေးနွေးကြမှာဖြစ်ပါတယ်။
XS
SM
MD
LG