သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရပ်ကျေးဥပဒေ ၁၀ ချက်ပြင်ဆင်ရေး လူထုအခြေပြုအဖွဲ့တွေတောင်းဆို


မြန်မာ့လွှတ်တော်
မြန်မာ့လွှတ်တော်

ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ ရပ်ကျေး ဥပဒေ မူကြမ်းမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပြီး အုပ်ချုပ်ရေးမှုးကို ရွေးချယ်ခွင့်ရရေးနဲ့ ဧည့်စာရင်းတိုင်ကြားရေး စနစ် ပယ်ဖျက်ပေးရေး အပါအဝင် အချက် ၁၀ ချက်ကို အရပ်ဖက်အဖွဲ့အစည်း၆၀ ကျော်က တောင်းဆိုလိုက်ပါတယ်။အမျိုးသားလွှတ်တော်မှာ တတိယအကြိမ် ပြင်ဆင်ပြီး အတည်ပြုထားတဲ့ ဒီဥပဒေမူကြမ်းမှာ အရပ်ဖက် လူ့အဖွဲ့အစည်းတွေ တောင်းဆိုထားတဲ့ အချက်တစ်ချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပြီးခဲ့တဲ့ဇွန်လ၃ရက်နေ့မှာတတိယအကြိမ်မြောက် ပြင်ဆင်ပြီးအမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ရပ်ကွက် ဒါမှမဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်မှာ ထပ်မံဆွေးနွေးသွားဖို့ ရှိပါတယ်။အဓိကအားဖြင့်တော့ လူ့အခွင့်အရေးနဲ့ရော နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ပါ မကိုက်ညီတဲ့ ဧည့်စာရင်း တိုင်ရတဲ့ ပုဒ်မတွေကို ပယ်ဖျက်ပေးရေးနဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှုး ရွေးချယ်ရာမှာ လူထုက တိုက်ရိုက် ရွေးကောက်တင်မြောက်ခွင့်ရရှိရေးနဲ့ အသက် ၁၈ နှစ် ပြည့်ပြီးတဲ့သူတိုင်း အုပ်ချုပ်ရေးမှုးအား မဲပေးရွေးချယ်ခွင့် ပြုဖို့ တောင်းဆိုလိုက်တာပါ။

“အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း၊ နိုင်ငံသားတိုင်းဟာ တဦးတယောက်ချင်းစီတိုင်းက မဲပေးပိုင်ခွင့်ရှိမှသာလျှင် ဒီသက်ဆိုင်ရာဒေသမှာရှိတဲ့ ရွေးကောက်ခံရတဲ့သူဟာ တာဝန်ယူမှု၊ တာဝန်ခံမှု ပိုများလာပါလိမ့်မယ်။ သူ့ကိုရွေးကောက်တာဟာ တအိမ်တယောက်မဟုတ်ပဲနဲ့ အိမ်သူအိမ်သားတိုင်းက သူ့ရဲ့သဘောဆန္ဒအရ ကောက်ခံထားတယ်ဆိုတဲ့ ခံစားချက်ကကျမတို့ပြောရမယ်ဆိုရင်တာဝန်ခံမှုတွေပိုများလာမယ်။ ကိုယ်စားပြုမှုတွေလည်းပိုပြီး ကျယ်ပြန့်လာမယ်။ ဒီတော့ ဒါကို ကျမတို့ တိုက်တွန်းနှိုးဆော်တယ်။ အိမ်ထောင်ဦးစီး သို့မဟုတ် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းဆိုတဲ့ ပြဌာန်းချက်ကလည်း တနည်းပြောရရင် ကန့်သတ်မှုတွေ ရှိနေတုန်းပါပဲ။ ဆိုတော့ လူငယ်၊ လူရွယ်တွေရဲ့ Rights to voteအမျိုးသမီးတွေရဲ့ ရွေးကောက်ပွဲတွေမှာ ပွင့်လင်းစွာ ကိုယ့်ရဲ့သဘောဆန္ဒအတိုင်း ဝင်ရောက်နိုင်ခွင့်ပေါ့နော်။ ဝင်ရောက်ပိုင်ခွင့်ကို ကန့်သတ်ပြီးသားဖြစ်နေတယ်။ ဒါကြောင့်မို့ ကျွန်မတို့က သူတို့မဲပေးပိုင်ခွင့်ကို မဆုံးရှုံရအောင်အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်းက တအိမ်တယောက်မဟုတ်ပဲနဲ့ အကုန်လုံး မဲပေးပိုင်ခွင့်ရှိအောင် တောင်းဆိုတာတွေရှိတယ်။

ဒီမိုကရေစီဖွံဖြိုး တိုးတက်ရေး လုပ်ရှားဆောင်ရွက်မှု ကော်မတီက လှုံ့ဆော်ရေးမှုး မသဉ္ဇာရွှန်းလဲ့ရည်က ဒီကနေ့ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ ရပ်ကျေးဥပဒေ ပြင်ဆင်ရေး ပူးပေါင်းအဖွဲ့သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုခဲ့တာပါ။ဒီဥပဒေမူကြမ်းကို ပြည်သူ့လွတ်တော်မှာ ဆွေးနွေးသွားဖို့ လွှတ်တော် ကိုယ်စားလှယ် ၃၀ ကျော်ရှိပြီး ဘယ်အချိန် ဆွေးနွေးသွားမလဲဆိုတာကိုတော့ ပြောဆိုမထားပါဘူး။ ဒါပေမဲ့လို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးမယ့် အခါကျရင် ဧည့်စာရင်း တိုင်ကြားမှုနဲ့ ပတ်သတ်တဲ့ ပုဒ်မတွေကို ပြန်လည် ထည့်သွင်းသွားမယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိပါတယ်။ မြန်မာပြည်မှာ နှစ်ပေါင်း ၁၀၀ ကျော် ကျင့်သုံးလာခဲ့တဲ့ ဒီဥပဒေ ပုဒ်မတွေကိုအမျိုးသားလွှတ်တော်မှာ ဆွေးနွေးခဲ့တုန်းကလည်းလုံခြုံရေးအခြေအနေကြောင့်ဒီပုဒ်မတွေကိုဆက်လက်ကျင့်သုံးသွားဖို့တပ်မတော်သားကိုယ်စားလှယ်ဖက်က ဆွေးနွေးခဲ့တာပါ။ ဒါပေမဲ့လို့မဲအရေအတွက်အပေါ်မူတည်ပြီးအမျိုးသားလွှတ်တော်မှာတော့ ဒီပုဒ်မတွေကိုပယ်ဖျက်နိုင်ခဲ့ပါတယ်။အမျိုးသားလွှတ်တော်မှာ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ရပ်ကျေး ဥပဒေ မူကြမ်းမှာ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက တောင်းဆိုထားတဲ့ အချက်အလက်တချို့ပါဝင်တယ်လို့ ဒါနရှေ့ဆောင်မြန်မာရဲ့ ပရောဂျက် ဒါရိုက်တာ ကိုမြတ်မင်းဦးက ပြောပါတယ်။

“ကျွန်တော်တို့ ခြောက်လပိုင်း သုံးရက်နေ့မှာဆိုရင် အမျိုးသားလွှတ်တော်မှာ ဒီရပ်ကျေးဥပဒေ တတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုပါတယ်။ အဲ့ဒီအတည်ပြုလိုက်တဲ့အခါမှာ ပုဒ်မပေါင်း ၁၉ ခုပါတယ်။ ပုဒ်မခွဲအနေနဲ့ ပြောမယ်ဆိုရင် ပုဒ်မခွဲ၃၂ ခုပါတယ်ပေါ့နော်။ အဲ့ဒီမှာ ကျွန်တော်တို့ ရပ်ကွက်အဖွဲ့အစည်းတွေ ဥပဒေကြမ်းကော်မတီနဲ့ တွေ့တဲ့အခါမှာ တောင်းဆိုတဲ့အချက်၊ တူညီတဲ့အချက် ၁၂ခုပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တောင်းဆိုတဲ့တာ အပြည့်အဝပါတယ်လို့ ပြောလို့မရဘူး။ ကျွန်တော်တို့တောင်းဆိုတဲ့အချက်က တူညီတဲ့အချက် ၁၂ ချက်ရှိပါတယ်။ “

ရပ်ကျေးဥပဒေမူကြမ်းကို ပြည်သူ့လွတ်တော်မှာ ဆွေးနွေးအတည်ပြုသွားရင် ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာအတည်ပြု ပြဌာန်းပြီးသွားရင်တော့ ဒီဥပဒေကို လူထုကြား ပိုမိုသိရှိမှု ရှိလာဖို့ တိုက်တွန်းသွားမယ်လို့ မသဉ္ဇာရွန်းလဲ့ရည်က ပြောပါတယ်။

“ဒီဥပဒေကို အတည်ပြုလာခဲ့ပြီဆိုရင် ပြည်သူလူထုကို ပြန်လည်ချပြရမှာဖြစ်ပါတယ်။ ဒီဥပဒေရဲ့အားနည်းချက်၊အားသာချက်ကိုပြန်လည်သုံးသပ်ပြီးတဲ့အခါမှာ ပြန်လည်ပြင်ဆင်ဖို့ကိုလည်း ကျွန်မတို့ ကျိုးစားရင်လည်း ကျိုးစားမှာပေါ့နော်။ ဒါဥပဒေဟာ ဘယ်တော့မှ Perfect ဖြစ်မနေဘူးဆိုတော့ ထပ်မံပြင်ဆင်ဖို့ကိုလည်း ကျွန်မတို့ တိုက်တွန်းသွားဖို့တွေရှိတယ်။ ကျွန်မတို့ နေရာ ဒေသအသီးသီးမှာအသစ်ဖြစ်လာတဲ့ ဥပဒေရဲ့ ပြည်သူလူထုသိသင့်သိထိုက်တဲ့အချက်တွေကို ဝေမျှသွားဖို့တွေရှိတယ်။ နောက်အကယ်၍ ရွေးကောက်ပွဲတွေထပ်မံဖြစ်လာမယ်ဆိုရင်လည်း ရွေးကောက်ပွဲတွေမှာ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ ပြည်သူလူထုတွေ သိသင့်သိထိုက်တဲ့ ရွေးကောက်ပွဲအသိပညာပေးတာတွေ နောက် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာတာတွေ နောက် ရွေးချယ်ခံရတဲ့ အုပ်ချုပ်ရေးမှုးတွေရဲ့လုပ်ဆောင်မှုတွေ၊ ဆောင်ရွက်ချက်တွေကို ကျွန်မတို့ လေ့လာစောင့်ကြည့်တဲ့ ပုံစံမျိုး လုပ်ဆောင်သွားဖို့တွေလည်း လျာထားတာတွေရှိပါတယ်။”

ရပ်ကျေးဥပဒေ ပြင်ဆင်ရေးပူးပေါင်းအဖွဲ့အနေနဲ့အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်ဥပဒေမူကြမ်း ကေ်ာမတီတွေနဲ့ တွေ့ဆုံပြီးဒီဥပဒေနဲ့ပတ်သတ်လို့ တောင်းဆို ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ရပ်ကျေး ဥပဒေနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အပါအဝင် မြန်မာပြည်တစ်ဝှမ်း လူထုတွေ့ဆုံ ရှင်းလင်းပွဲ ၁၇ ပွဲလောက် လုပ်ခဲ့ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ ရပ်ကျေးဥပဒေမှာ ပြင်ဆင်ချက် ၂၅ ချက်၊ ပယ်ဖျက်သင့်တာ ၁၂ ချက်နဲ့ ဖြည့်စွက် ရေးဆွဲသင့်တဲ့ အကြောင်းအရာ ၁၂ ချက် ပါဝင်တယ်လို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက တိုက်တွန်းပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG