သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီနိုင်ငံသားကဒ် သိမ်းယူမှု လုပ်ငန်း စတင်


ယာယီနိုင်ငံသားကဒ် အပ်နှံပြီးကြောင်း အထောက်အထားလက်မှတ်။

သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ White Card ခေါ် ယာယီသက်သေခံ လက်မှတ်တွေကို ဒီလ ၁ရက်နေ့က စတင်ပြီး အပ်နှံဖို့ လက်ခံခဲ့ရာမှာ ဒီနေ့အထိ ရခိုင်ပြည်နယ်အတွင်း အပ်နှံသူ ၆၀၀၀ ကျော်ရှိလာခဲ့ပြီး ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူ တချို့ကလည်း နောက်တဆင့်ဆောင်ရွက်ပေးမယ့်အပေါ် သံသယရှိနေတာကြောင့် မအပ်နှံသေးဘဲ ရှိနေပါတယ်။ ရခိုင်ပြည်နယ်က တချို့မြို့နယ်တွေမှာ အာဏာပိုင်တွေက ယာယီသက်သေခံလက်မှတ်တွေကို အဓမ္မ သိမ်းယူတာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ပြည်နယ် လ၀က ဦးစီးမှုးကတော့ ဒါကို ငြင်းဆိုပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံသားဥပဒေအရ နိုင်ငံသားစိစစ်တဲ့ မိုးပွင့်-အထူးစီမံချက်ကို အရှိန်မြှင့်ဆောင်ရွက်နေတာကြောင့် ယာယီသက်သေခံ လက်မှတ်သက်တမ်း ကုန်ဆုံးရက်ကို ဒီနှစ် မတ်လ ၃၁ရက်နေ့ သတ်မှတ်ခဲ့ပြီး ဧပြီလ ၁ရက်နေ့ကနေ မေလ၃၁ရက် အတွင်း ပြန်လည်အပ်နှံဖို့ နိုင်ငံတော် သမ္မတရုံးက ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ယာယီနိုင်ငံသားကဒ် အပ်နှံပြီးကြောင်း အထောက်အထားလက်မှတ်။
ယာယီနိုင်ငံသားကဒ် အပ်နှံပြီးကြောင်း အထောက်အထားလက်မှတ်။

သက်တမ်းကုန်ဆုံးသွားတဲ့ ယာယီသက်သေခံကဒ်တွေ ပြန်လည်အပ်နှံတာ စတင် လက်ခံတဲ့ ၂ရက်အတွင်းမှာ ရခိုင်ပြည်နယ်အတွင်း အပ်နှံသူ ၆ထောင်ကျော် ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ရခိုင်ပြည်နယ် ဦးစီးမှုး ဦးခင်စိုးက ပြောပါတယ်။

" မနေ့ကစ အ အပ် လက်ခံတာပေါ့။ ဒီနေ့အထိ နှစ်ရက်ပေါင်းဆိုရင် အပ်နှံပြီးတာ အားလုံးပေါင်း ခြောက်ထောင့်သုံးရာ ကိုးဆယ့်ခြောက်ဦးရှိတယ်။ စစ်တွေက ၁၆၉၅၊ ရသေ့တောင်က ၂၂၁၊ ပုဏ္ဍားကျွန်းက ၆၇၊ ပေါက်တောက ၁၉၀၊ မြောက်ဦးက ၁၉၅၊ ကျောက်တော်က ၁၂၂၊ မင်းပြားက ၁၆၁ပါ။ မြေပုံက ၂၁၅ပါ။ မောင်းတောက ၁၀၀၉ ဦးပါ။ ဘူးသီးတောင်က ၁၆၁၂ဦးပါ။ တောင်ပြို လက်ဝဲဆိုတဲ့ မြို့နယ်ခွဲလေးက ၆၃၇ ဦးပါ။ ကျောက်ဖြူက ၁၂၇၊ ရမ်းဗြဲက ၇၀။ သံတွဲက ၇၅ပါ။ စုစုပေါင်း ၆၃၉၆ဦး ကနေ့အထိပေါ့နော့။

အမ်း၊ ဂွ၊ တောင်ကုတ်၊ မာန်အောင် စတဲ့မြို့နယ်တွေကတော့ ယာယီသက်သေခံကဒ် ကိုင်ဆောင်သူ မရှိတဲ့ မြို့နယ်တွေဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ယာယီသက်သေခံကဒ် ကိုင်ဆောင်သူ ၆သိန်း ၆သောင်းကျော် ရှိကြောင်း ပြော ပါတယ်။ ယာယီသက်သေခံလက်မှတ် အပ်နှံသူတွေဟာ ဇွန်လက စတင်ပြီး နိုင်ငံသားလျှောက်ထားခွင့် ရရှိမှာဖြစ်ပြီး လျှောက်ထားသူတွေကို ၁၉၈၂ ဥပဒေအရ စိစစ်လက်ခံမှာဖြစ်ပါတယ်။ လုပ်ငန်းအစီအစဉ်တွေကိုလည်း မတ်လအတွင်းက လ၀က ဌာနဆိုင်ရာ တာဝန်ရှိသူတွေက ကွင်းဆင်းပြီး ဒေသခံတွေကို ရှင်းလင်းခဲ့ပါတယ်။

စစ်တွေမြို့နယ်အတွင်းက ကျေးရွာတချို့မှာတော့ အပ်နှံတာမတွေ့ရသေးကြောင်း ယာယီသက်သေခံ လက်မှတ်အပ်နှံတဲ့ အခြေအနေကို စောင့်ကြည့်လေ့လာနေတဲ့ စစ်တွေမြို့က ဦးအောင်ဝင်းက ပြောပါတယ်။

" ကျနော်အခု ဘူးပင် ကျေးရွာအုပ်စုမှာ ရောက်နေတယ်။မနေ့က တရက်၊ ဒီနေ့ တရက်တော့ ကျနော် ဒီဘူးပင် အုပ်စုမှာ အပ်နှံတာ မတွေ့ရသေးဘူးခင်ဗျ။ လဝက ကလည်း ဆင်းပြီးတော့ နှိုးဆော်တာကိုလည်း မတွေ့ရသေးဘူးခင်ဗျာ နော့်။ ဒီအသိမ်းခံရသူတွေပဲဖြစ်ဖြစ် ဒီရခိုင်ပြည်နယ် အတွင်းမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင် ရိုဟင်ဂျာဖြစ်ဖြစ် ဘင်္ဂလီဖြစ်ဖြစ်ပေါ့ သူတို့ကို ကျနော်တို့ စစ်ဆေးပြီးတော့ အထောက်အထားတခု ထုတ်ပေးမယ် အဲ့လိုပြောတယ်။ အစိုးရက စစ်ဆေးမယ့် ကော်မတီတွေ အများကြီးဖွဲ့ထားတယ်။ ဒီကော်မတီမှာလည်း ကျနော်တို့ လူထု ကိုယ်စားပြုတဲ့ အဖွဲ့ဝင်တွေ မပါဘူးပေါ့။ အဲ့ဒီ့တော့ လူတွေက တော်တော်လေး သံသယစိတ်နဲ့ ဒါကို စောင့်ကြည့်နေကြတယ်။ "

တချို့မြို့နယ်က ဒေသတွေမှာ ယာယီသက်သေခံကဒ်တွေကို အတင်းအကျပ်သိမ်းယူတာမျိုးနဲ့ ကဒ်သိမ်းယူပြီးချိန်မှာ လက်ခံရရှိကြောင်း လက်မှတ်ထုတ်ပေးတာမျိုးမရှိဘူးလို့ သိရကြောင်း ဒီမိုကရေစီနဲ့ လူအခွင့်အရေးပါတီ ဥက္ကဋ္ဌ ဦးကျော်မင်း ပြောပါတယ်။

" မြောက်ဦးတို့ မင်းပြားတို့မှာ သူတို့ အဓမ္မ သိမ်းတယ်။ မပေး မနေရလုပ်တယ်။ ဘာမှလည်း မပေးဘူး။ နောက်မှ အစိုးရက အမိန့်ပေးရင် ပေးမယ်။ ဘာညာ ပြောတော့ တချို့လည်း မပေးချင်ဘူးပေါ့။ သူတို့လက်ထဲ မှာ ဘာမှ မရှိရင် ဒီလူတွေက ဒီကမဟုတ်ဘူး။ ဘယ်ကလဲ ခိုးဝင်လာတဲ့သူပေါ့ အင်း အဲ့တာမျိုး သူတို့မှာ စိုးရိမ်စိတ်တွေ ရှိတယ်ပေါ့လေ။ ဒါပေမဲ့ ကျနော်သိသလောက်တော့ သူတို့လည်း အပ်နှံမှာပါ။ ၃၁ရက်နေ့ ကစပြီး လုပ်တယ်လို့ ကြားတယ်။ အဲ့တာ ကျနော်ကြားတာတော့ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မောင်တော တခြားနေရာတော့ အဲ့ဒီ့သတင်းမျိုး မလာဘူး။"

သူတို့ပါတီအနေနဲ့ ယာယီသက်သေခံလက်မှတ်တွေအပ်နှံဖို့နဲ့ အပ်နှံပြီး လက်ခံစာရွက်တွေ ရယူကြဖို့ တိုက်တွန်းကြောင်းလည်း ပြောပါတယ်။

ရခိုင်ပြည်နယ် လ၀က ပြည်နယ်ဦးစီးမှုး ဦးခင်စိုးကတော့ အတင်းအကျပ် ကောက်ယူတာမျိုး မရှိကြောင်း ပြောဆိုပါတယ်။

" အဲ့တာ မရှိပါဘူးခင်ဗျာ။ သူတို့ စိတ်တိုင်းကျ သူတို့အပ်မှ ကျတော်တို့ လက်ခံမှာပါ။ သူတို့ မအပ်ရင် ကျနော်တို့ လက်မခံပါဘူး ခင်ဗျာ။ သူတို့ကို ကျနော်တို့က အပ်ရမယ်ဆိုပြီး အတင်းအဓမ္မ လိုက်သိမ်းတာ မရှိပါဘူး။ ကျနော်တို့ကနေပြီးတော့မှ အပ်နှံတဲ့ စခန်းဖွင့်ပြီးတော့မှ အဲ့ဒီ့စခန်းကိုပဲ ကိုယ်တိုင်သော်လည်းကောင်း၊ သူတို့ရဲ့ လူမျိုးစု ခေါင်းဆောင်တွေသော်လည်းကောင်း၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကသော်လည်းကောင်း၊ သူတို့ရဲ့အဖွဲ့အစည်းတွေကနေ စုစည်းပြီးတော့ အပ်တာမျိုးတွေ ကျနော်တို့ လက်ခံတာပါခင်ဗျ။ ကျနော်တို့က အပ်နှံရေး လက်ခံရေးစခန်းမှာပဲ လက်ခံတာပါခင်ဗျ။"

သက်တမ်းကုန်ဆုံးနေတဲ့ ယာယီသက်သေခံကဒ်ပြားကို ဆက်လက်ကိုင်ဆောင် အသုံးပြုမယ်ဆိုရင် အမျိုးသားမှတ်ပုံတင်နည်းဥပဒေနဲ့ ငြိစွန်းပြီး ပြစ်မှုထင်ရှားရင် ၂နှစ်ထက်မပိုတဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဖြစ်စေ၊ အလုပ်မဲ့ ထောင် ဒဏ်ဖြစ်စေ၊ ငွေ ၅၀၀ကျပ်ထက် မပိုတဲ့ ငွေဒဏ်ဖြစ်စေ၊ ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်၊ ထောင်ဒဏ် ၂ရပ်စလုံးဖြစ်စေကျခံရမှာ ဖြစ်ပါတယ်။

XS
SM
MD
LG