သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ခြေဥပြင်ရေးကော်မတီ တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပူးပေါင်းပါဝင်


ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အစည်းအဝေး ( ဖေဖော်ဝါရီ ၂၀)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီအတွက် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့က ကိုယ်စားလှယ်စာရင်းပေးပို့ခဲ့သလို ပြည်ထောင်စုလွှတ်တော် နာယကကလည်း နောက်ဆက်တွဲ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်လိုက်ပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို မထိခိုက်ရင်၊ အမှန်တကယ် ပြင်ဆင်သင့်တယ်ဆိုရင် တပ်မတော်က ထောက်ခံဖို့ရှိကြောင်း ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းတာကို စတင် အဆိုပြုချိန်ကတည်းက ကန့်ကွက်ခဲ့ကြတဲ့ လွှတ်တော်တွင်းက တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့နဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတွေဟာ ဒီကနေ့မှာတော့ ကော်မတီမှာ ပူးပေါင်းပါဝင်ဖို့ အမည်စာရင်းတွေပေးခဲ့ကြတာပါ။ ပူးပေါင်းကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က ကျင်းပပြီးတဲ့နောက် အခုလို အမည်စာရင်းပေးခဲ့တာဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်နာယက ကလည်း ကော်မတီအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း အမိန့်ကြော်ငြာစာကို ဒီကနေ့ပဲ ထုတ်ပြန်ပေးလိုက်တာပါ။

ဒီအမိန့်ကြော်ငြာစာမှာ ပြည်ခိုင်ဖြိုးပါတီက ၂ ဦးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က ၈ ဦးပါဝင်တာဖြစ်ပြီး အခုဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ပါဝင်တက်ရောက်နေတဲ့ ပါတီ ၁၄ ပါတီနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့ အားလုံးပါဝင်လာပြီလည်း ဖြစ်ပါတယ်။

တပ်မတော်က ပူးပေါင်းကော်မတီပါဝင်လာတာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်မောင်မောင်က အခုလို ပြောပါတယ်။

“ ဘာလို့ အမည်စာရင်းပေးလဲဆိုတော့ ကျနော်တို့က ကော်မတီကို ဖွဲ့တာကိုတော့ ဥပဒေနဲ့ မညီဘူးဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ခံယူချက်ကတော့ ဒီကော်မတီသည် ဥပဒေနဲ့ မညီဘူး။ ဒါပေမဲ့လည်း ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုဆုံးဖြတ်ခဲ့ပြီးဖြစ်တဲ့အတွက် ကျနော်တို့ကတော့ ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်တွေဖြစ်တာနဲ့အညီ လွှတ်တော်ဆိုင်ရာ သူ့ရဲ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေအတိုင်း လိုက်ပါဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ ဒီ ကော်မတီမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့မှ တက်ရောက် သွားမှာဖြစ်ပါတယ်။ အမည်စာရင်းပေးထားတဲ့ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦး အနေနဲ့လည်း တကယ်ကို ပြောဆိုဆွေးနွေးနိုင်တဲ့ တပ်မတော်သားတွေ ပေးထားပါတယ်။”

တပ်မတော်သားကိုယ်စားလှယ် ၈ဦးမှာ ဗိုလ်ချုပ်တစ်ဦး၊ ဒုဗိုလ်မှူးကြီး ၄ဦး၊ ဗိုလ်မှူး ၃ဦး ပါဝင်တာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အမှန်တကယ်ပြင်ဆင်ဖို့ လိုအပ်တာတွေရှိရင် တပ်မတော်အနေနဲ့ ထောက်ခံသွားမှာဖြစ်ကြောင်းလည်း ဗိုလ်မှူးချုပ် မောင်မောင်က ဆက်ပြောပါတယ်။

“ နိုင်ငံတော်နဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ထိခိုက်လာနိုင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်တွေ ဆွေးနွေးလာတယ်ဆိုရင်တော့ ကျနော်တို့က ကန့်ကွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်နဲ့ တိုင်းရင်းသား ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုလည်း မထိခိုက်ဘူး။ တကယ်လည်း ပြင်သင့်တယ် လို့ အားလုံး လက်ခံတယ် ဆိုရင်လည်း ကျနော်တို့က တပ်မတော်သား ကိုယ်စားလှယ်တွေ က ထောက်ခံသွားမှာ ဖြစ်ပါတယ်။”

လက်ရှိ လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်နေတဲ့ အခြေအနေအပေါ်မှာတော့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က အခုလို သုံးသပ်ပါတယ်။

“ သူတို့ တပ်မတော်က ခွင့်ပြုသလောက်ပဲ ပြင်ခွင့်ရမှာ။ ဘယ်လိုမှ လုပ်လို့ မရဘူး။ ဘာဖြစ်လို့လည်းဆိုရင် ၄၃၆ (က) က ပုဒ်မ ၉၄ခုက အဲဒါ ဆန္ဒခံယူပွဲလုပ်ရမှာလေ။ အဲဒီ (ခ)ကျတော့လည်းပဲ ၃ပုံ ၂ပုံကျော်ရမှာလေ။ ၇၅ ရာခိုင်နှုန်း ကျော်ရမှာလေ။ အဲဒါကြောင့်မို့ တပ်မတော်က ခွင့်ပြု သလောက်ပဲ ပြင်လို့ ရမှာပါ။ စိတ်ကူးယဉ်မနေကြပါနဲ့လို့ တိုင်းပြည်ကို ကျနော် ပြောချင်တယ်ဗျာ။”

၄၅ဦးပါ ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီဟာ ဒီနှစ်ဇူလိုင်လ ၂၇ရက်နေ့ မတိုင်မီမှာ ပြည်ထောင်စု လွှတ်တော်ကို အစီရင်ခံစာတင်ပြရမှာဖြစ်ပြီး တနင်္လာ၊ အင်္ဂါနဲ့ ကြာသပတေးနေ့တွေမှာ နေ့ခင်း ၁နာရီမှာ ပုံမှန်အစည်းဝေးကျင်းပမှာဖြစ်သလို လွှတ်တော်အစည်းအဝေး မစတင်မီနဲ့ ပြီးဆုံးချိန်တွေမှာ ရက်တစ်ချို့သတ်မှတ်ပြီး ဆွေးနွေးသွားဖို့လည်း ပြင်ဆင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG