[Zawgyi/Unicode]
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၂၆၃ ယောက် ထပ်တိုးပြီး သေဆုံးသူ ၁၄ ဦး ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီနေ့ထုတ်ပြန်ချက်မှာပါတဲ့ သေဆုံးသူတွေထဲမှာ ၁၂ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဌာနက ပြောပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၁,၁၉၆ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုး ကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၂,၄၂၂,၉၃၉ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၃,၁၆၀ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၄၀,၉၂၇ ယာက် ရှိသွားပါပြီ။
ဒီကနေ့ည ထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက် ၄၉၉ ယောက် ရှိတာကြောင့် ရောဂါပျောက်ကင်းသူ စုစုပေါင်း ၁၂၆,၃၈၄ ယောက် ရှိသွားပါပြီ။
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၂.၃၅% ရှိပြီး ပြန်ကောင်းလာသူ ၈၉.၇% ၊ သေဆုံးနှုန်းက ၂.၂၄% ရှိပါတယ်။
သေဆုံးသူတွေထဲမှာ ၈၅.၇% က နောက်ခံရောဂါရှိသူတွေပါ။
ဇန်နဝါရီလ ၂၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အတွင်း ပျမ်းမျှပိုးတွေ့နှုန်း ၂.၁၉% ဖြစ်ပြီး အဲဒီ ၁၀ ရက်အတွင်း ဇန်နဝါရီလ ၃၁ ရက်နေ့ကတော့ ပိုးတွေ့နှုန်း ၁.၇၃% နဲ့ အနိမ့်ဆုံးရှိခဲ့သလို သေဆုံးသူကလည်း ၆ ဦးထိ အနည်းဆုံးရှိခဲ့တယ်လို့ ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း COVID-19 ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်း၊ ကာကွယ် တားဆီးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး နောက်ထပ် ဖြစ်ထွန်းတိုးတက်မှု သတင်းတွေ မတွေ့ရပါဘူး။
ခုချိန်ထိလည်း ကပ်ရောဂါဆိုင်ရာ အရေးယူလုပ်ဆောင်မယ့် အစီအစဉ်တွေကို စစ်အစိုးရက ထုတ်ပြန်တာမရှိသေးပါဘူး။
[Unicode Version]